နေပြည်တော် ၁၀ ဖေဖေါ်ဝါရီ
ပြည်ထောင်စုသားအားလုံးတို့သည် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု အမွေကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရန် တာဝန်ရှိပေသည်။ ထိုတာဝန်သည် တိုင်းရင်းသားလူမျိုးများ ကိုယ်စီတို့၏ မျိုးချစ်စိတ်ဓာတ်အလိုက် ဖြစ်တည်သည်ဟု ဆိုသော်လည်း ပြည်ထောင်စုကြီး၏ ဘုံရန်သူကို တွန်းလှန်ခြင်းအကြောင်းအပေါ် မူတည်သည်ဖြစ်၍ တူညီသော ပြည်ထောင်စု စိတ်ဓာတ်ဟု ခေါ်ဆိုရမည်ဖြစ်သည်။
တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ ဘိုးဘွားဘီဘင်များက ပြည်ထောင်စုရန်သူကို မျိုးချစ်စိတ်ဓာတ်ဖြင့် တွန်းလှန်ကာကွယ်ခဲ့ကြသည့် သမိုင်းအမွေအနှစ်များအား လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ခြင်းသည် ပြည်ထောင်စုကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခြင်း မည်ပါပေသည်။ ထိုသို့ သမိုင်းကြောင်း အမွေခံကောင်းများ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးအသီးသီးတွင် ရှိခဲ့ကြသည်။ ထိုအမွေအနှစ်များကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ကြခြင်းဖြင့် ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာလာအောင် အားထုတ်အပ်သည်။
အကယ်၍ မိမိတို့၏သမိုင်းကြောင်း အမွေခံကောင်းများအား ဖော်ထုတ်ထိန်းသိမ်း စောင့်ရှောက်ခြင်းမရှိဘဲ လက်ငင်းအကျိုးစီးပွားတစ်ခုတည်းဖြင့် ရှေးရှုရပ်တည်မည်ဆိုပါက ပြည်ထောင်စုစိတ်ဓာတ်များ၊ မျိုးချစ်စိတ်ဓာတ်များ တစ်စတစ်စ လျော့ပါး ကွယ်ပျောက်သွားနိုင်ပေသည်။ ပြည်ထောင်စုစိတ်ဓာတ်များ၊ မျိုးချစ်စိတ်ဓာတ်များ လျော့ပါးပျောက်ကွယ်သွားလျှင် ပြည်ထောင်စုကြီးလည်း ပျက်စီးပြိုကွဲသွားနိုင်ပေသည်။ ထို့ကြောင့် ပြည်ထောင်စုစိတ်ဓာတ်များ တိုးပွားအောင် ပြည်ထောင်စု၏ ဘိုးဘွားအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရသည်။
မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် နယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စုကြီး အဓွန့်ရှည်ရေးတို့ကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ သာဓကအားဖြင့် ဖေဖော်ဝါရီလ ၂ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့နယ်တွင် ကိုလိုနီနယ်ချဲ့တို့အား တော်လှန်သည့် နှစ် (၁၀ဝ)ပြည့် အထိမ်းအမှတ် မော်ကွန်းကျောက်တိုင် စိုက်ထူပွဲနှင့် ဂုဏ်ပြုပွဲကို ချင်းတိုင်းရင်းသားများ စုပေါင်းပြုလုပ်ခဲ့သည်။
ချင်းပြည်နယ် ဖလမ်းမြို့နယ်တစ်ဝန်းရှိ ဆိမ်လူမျိုးနွယ်စုတို့က နယ်ချဲ့ဗြိတိသျှတို့အုပ်စိုးစဉ် ပထမကမ္ဘာစစ်ကာလ ၁၉၁၇ ခုနှစ်တွင် ချင်းတိုင်းရင်းသား မျိုးချစ်လူငယ်လက်ရွေးစင် စစ်သည်တော် ၄၀ဝ တို့အား ပြင်သစ်စစ်မြေပြင်သို့ လုပ်သားများ ထောက်ပံ့ပေးရေးအတွက် စစ်ကူလီ လုပ်သားများအဖြစ် အမှုထမ်းရန် အမိန့်ထုတ်ဆင့်ခဲ့ရာ ယင်းအမိန့်ကိုအန်တု၍ ဗြိတိသျှနယ်ချဲ့အစိုးရအား ရရာလက်နက်စွဲကိုင် တော်လှန်ခဲ့သည့် နှစ်(၁၀ဝ)ပြည့် ဂုဏ်ပြုအထိမ်းအမှတ် အခမ်းအနား ဖြစ်သည်။
ယင်းသည် ချင်းအမျိုးသားတစ်စု၏ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်ပင်ဖြစ်သည်။ ယင်းအရေးသည် ချင်းမျိုးချစ်လူငယ်များ၏ အရေးဖြစ်သည်ဟုဆိုသော်လည်း မိမိတို့၏ပြည်ထောင်စု၊ မိမိတို့၏နိုင်ငံ အကျိုးစီးပွားအတွက်မဟုတ်ဘဲ တိုင်းတစ်ပါးနိုင်ငံ၏ အကျိုးစီးပွားအတွက် ကျွန်ပြုခံရခြင်းကို အဖြစ်မခံဘဲ ရဲရဲရင့်ရင့် ပြန်လည်ခုခံ တွန်းလှန် ခဲ့ခြင်းသည် ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် အရင်းခံ အကြောင်းတရားများဖြင့် စုပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
အလားတူပင် ပထမကမ္ဘာစစ်ကာလ၊ ဒုတိယကမ္ဘာစစ်ကာလများ အတွင်းက မျိုးချစ် ချင်းတိုင်းရင်းသားများ ပြည်ထောင်စုအတွက် စွန့်စွန့်စားစား သတ္တိရှိရှိ တွန်းလှန်တိုက်ခိုက်ခဲ့ကြသော သမိုင်းကြောင်း အစဉ်အလာကောင်းများ အမြောက်အမြားရှိခဲ့သည်။ အလားတူပင် အခြားတိုင်းရင်းသား လူမျိုးစု အသီးသီးတို့တွင်လည်း မိမိတို့တိုင်းရင်းသားလူမျိုး၊ တိုင်းရင်းသားဒေသ၊ မိမိတို့ပြည်ထောင်စုကို ချစ်မြတ်နိုးသည့်စိတ်ဓာတ်ဖြင့် ခုခံတွန်းလှန်ခဲ့သည့် သမိုင်းဖြစ်စဉ်များ ရှိခဲ့ကြသည်။ ယင်းတို့ကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင့် အမှတ်တရ ဂုဏ်ပြုခြင်းတို့ကို ဆောင်ရွက်ကြခြင်းသည် ပြည်ထောင်စုကြီးကို ထိန်းသိမ်းစောင့်ရှောက်လိုသည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်နိုးကြားထက်သန်ရေးအတွက် အားထုတ်ခြင်းပင်ဖြစ်သည်။
သို့ဖြစ်ရာ မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်နိုးကြား ထက်သန်ရေးသည် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးအတွက် အကြောင်းတရားဖြစ်သဖြင့် ပြည်ထောင်စုသားအားလုံး မိမိတို့၏ သမိုင်းအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းပါသည်။
(ကြေးမုံ)