တင်ဝင်းလေး(ကြည့်မြင်တိုင်)


၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်ည....။


ရန်ကုန်မြို့၏ လမ်းအသွယ်သွယ် အိမ်အများစု၏ရှေ့တွင် စားပွဲခုံငယ်လေးများ ခင်းလျက် မီးဖိုသေးလေးများဖြင့် စုရုံးဝိုင်းဖွဲ့ကာ ၂ဝ၁၉ ခုနှစ် နှစ်ဦးကို ကြိုဆိုနေကြသည်။ ရပ်ကွက်တိုင်းနီးပါး ဖြစ်သည်။ များသောအားဖြင့် အဖျော်ယမကာ၊ ပုလင်း၊ ဘူးစုံလင်စွာနှင့် ဖြစ်သည်။ လူငယ်၊ လူလတ်၊ မိန်းကလေး ရွယ်စုံပါဝင်ကြသည်။ လမ်းမများပေါ်တွင် ထွက်၍ တရားဝင်သောက်သုံးခွင့်ရထားသည့်နှယ် . . . . ။


ညနေစောင်းကတည်းက အင်းလျားကန်ပေါင်တစ်လျှောက် စည်ကားနေသည်။ နေဝင်လာသည်နှင့်အမျှ လူငယ်၊ လူရွယ်များနှင့် နုပျိုသော မိန်းကလေးများ၊ ဝတ်စားဆင်ယင်မှု ပုံစံမျိုးစုံနှင့် တဖြည်းဖြည်းပြည့်လာသည်။ ဘီယာစသော အရက်မျိုးစုံ၊ စားသောက်ဖွယ်အစုံအလင်နှင့် ဖြစ်သည်။ သှူအုပ်စုနှင့်သူ ဖြစ်သည်။ အရပ် ရှစ်မျက်နှာမှ လာရောက်စုရုံးကြခြင်းဖြစ်သည်။


အုပ်စုဖွဲ့ထိုင်ကြရန် စက္ကူကတ်ပြား၊ ဗီနိုင်း စသည်များကို ကန်ပေါင်မြက်ခင်းပေါ်၌ ကိုယ်စီ ကိုယ်စီ ခင်းထားကြသည်။ ၂ဝ၁၉ ခုနှစ် အင်္ဂလိပ် နှစ်သစ်ကို ကြိုဆိုကြရန်အတွက် နေရာယူထားကြ ခြင်းဖြစ်သည်။


အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လုံခြုံရေးအစ၊ စည်းကမ်း ထိန်းသိမ်းရေးအဆုံး အင်အားအပြည့်ဖြင့် ကူညီရန် စောင့်ဆိုင်းနေကြသည်။ ထို့အတူ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများမှ လူငယ်များက မြို့နယ်အလိုက် အရေးပေါ်ကားများနှင့်အတူ ဝန်းရံပေး ထားကြသည်။


ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့


အားလုံးသော သူများက နာရီကို တကြည့် ကြည့်ဖြင့် အချိန်ကို စောင့်နေကြသည်။ ည ၁၂ နာရီထိုးသည်နှင့် Happy New Year ဟု သံပြိုင် ဟစ်ကြွေးလိုက်မှုနှင့်အတူ ''ဟေး''--- ဟူ၍ လက်ခုပ်လက်ဝါးတီးသံ တားမြစ်ထားသော မီးရှူး၊ ဗြောက်အိုးဖောက်သံများက အင်းလျားကန်ရေပြင် ကြီးတစ်ခုလုံး လေနှင့်အတူ လှိုင်းတွန့်များ ထသွားသည့်နှယ် . . .။ အနီးဝန်းကျင်သစ်ပင်များထက်၌ အိပ်တန်းတက်နေကြသည့် ကျေးငှက်များ လန့်ဖျပ် ပျံသန်းအောင် မြည်သံတို့က ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။


တဖြည်းဖြည်းညဉ့်နက်လာသည်နှင့်အမျှ စုရုံးရောက်ရှိနေသော သူများ အရပ်ရှစ်မျက်နှာဆီသို့ တစ်စ တစ်စ ဖြန့်ကြက်ရွေ့လျားသွားကြသည်။
ကျန်ခဲ့သည်များက အင်းလျားကန်ပေါင် တစ်လျှောက် ပုလင်း၊ ဘူးမျိုးစုံ၊ ကြွပ်ကြွပ်အိတ် အရွယ်စုံ၊ ဖော့ဘူး အကြီးအငယ်၊ စက္ကူအစုတ်၊ ဗီနိုင်းစများနှင့် စားကြွင်းစားကျန်များသာ ဖြစ်သည်။ မင်္ဂလာရှိသော နှစ်ဦးကို ကြိုဆိုမှုက အကျည်းတန် ''ဆန်'' ခဲ့သည်။ အင်းလျားကန်ပေါင် တစ်လျှောက် အမြင်ဆိုးခဲ့ရသည်။


စည်ပင်မှ ဝန်ထမ်းများက အမှိုက်များကို တစ်စ တစ်ကွက်စီကောက်၍ လှည်းကျင်းခဲ့ကြရသည်။ အင်းလျားကန်ကြီး၏ မျက်နှာစာအလှကို သနပ်ခါးလိမ်းပေးကြရသည်။


၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက် ညဉ့်ဦးယံ၊ ပြည်သှူရင်ပြင် . . . .။


လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ သပ္ပာယ် ကြည်ညိုဖွယ်။ နောက်ခံရွှေတောင်ကြီးနှင့်အတူ မြတ်ဗုဒ္ဓ၏ တရားတော်များကို ဟောဖော် ညွှန်းဆိုမည့် ဆရာတော်ကြီးများ သီတင်းသုံးရန် ဓမ္မသဘင် တရားဟောစင်ကြီးက မီးရောင်စုံအလှ များဖြင့် ကြည်နူးစရာ မြင်ကွင်း။


သုံးနှစ်တိုင်ခဲ့ပြီဖြစ်


အရပ်သားအစိုးရတက်လာပြီးနောက် နှစ်ဦး တရားသဘင်ကို ၂ဝ၁၆ ခုနှစ်ကတည်းက စတင် ကျင်းပလာခဲ့သည်မှာ သုံးနှစ်တိုင်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့အလယ်၌ အစည်ကားဆုံးသော တရားနာ ပရိသတ်အများဆုံးသော ဗုဒ္ဓတရားပွဲကြီး ဖြစ်ခဲ့သည်။


သိန်းချီသော တရားနာပရိသတ်များအတွက် စီစဉ်ထားမှုများက စနစ်ကျလှသည်။ ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်မှုများက ဖိတ်ကြားရေး၊ ကြိုတင်နေရာချထားရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး အရေးပေါ် ကျန်းမာရေးကအစ၊ အစ - အလယ် - အဆုံး သုံးပါးစလုံး ချောမွေ့သည်။


နှစ်ဦးတရားပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းရှိန်က ''ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ အစိုးရသစ် တက်လာတဲ့ အချိန်ကစပြီး နှစ်ဦးတရားပွဲတွေ ကျင်းပဖို့ ဆုံးဖြတ်ချက်ချခဲ့ ပါတယ်။ အခုလို နှစ်ဦးအချိန်အခါသမယမှာ နိုင်ငံသူ နိုင်ငံသားများအားလုံး ဆရာတော်ကြီး တွေရဲ့ ဆုံးမသြဝါဒနဲ့အညီ တစ်နှစ်တာကာလ ပတ်လုံး ချမ်းမြေ့စွာနေနိုင်ဖို့အတွက်၊ ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝစေဖို့အတွက် ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်'' ဟု ဆိုထားသည်။


ယခုနှစ်တွင် နိုင်ငံတော်၏ သံဃာ့ဦးသျှောင် ဆရာတော်ကြီး သုံးပါးက ဟောကြားခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီ ၁ ရက် ညတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ကလည်းကောင်း၊ ဇန်နဝါရီ ၂ ရက် ညတွင် ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ က လည်းကောင်း၊ ဇန်နဝါရီ ၃ ရက် ညတွင် သီတဂူဗုဒ္ဓ တက္ကသိုလ် အဓိပတိ ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီးက လည်းကောင်း မြတ်ဗုဒ္ဓ၏ တရားတော်များကို ဟောကြားခဲ့သည်။ ပြည်သှူ ရင်ပြင်ရောက် တရားနာပရိသတ်များသာမက နိုင်ငံအနှံ့ တိုက်ရိုက်လွှင့်ပေးမှုက နှစ်ဦး နှစ်ဆန်း သုံးရက်စလုံး၌ တရားသံတို့ဖြင့် ဝေစည်ခဲ့သည်။


တရားပွဲသို့ လာရောက်ကြသည့် တရားနာ ပရိသတ်များအတွက် YBS ခရီးသည်တင် ယာဉ်ကြီးများဖြင့် စုရပ်အသီးသီးဆီသို့ လာရောက် ကြိုဆိုကြသကဲ့သို့ တရားပွဲပြန်အတွက်လည်း ချောချောမွေ့မွေ့ရှိလှသည်။ ထို့အပြင် အငှားယာဉ်လေးများကလည်း သူအစုနှင့်သူ အကူအညီ ပေးခဲ့ကြသည်။


စမ်းချောင်းစုရပ်မှ အငှားတက္ကစီ ယာဉ်မောင်း ဦးတာကြီးက ''ကျွန်တော်တို့အဖွဲ့ ၁ဝ စီး ရှိတယ်။ တရားပွဲအပြီးကို သွားစောင့်ကြိုကြတယ်။ နီးနီး ဝေးဝေး လိုက်ပို့ပေးကြတယ်။ ကားနောက်ဖုံးထဲ အထိတင်ပြီး လိုက်ပို့ပေးတာ။ ဒီလိုနှစ်ဦး နှစ်ဆန်း ကုသိုလ်ယူပြီးရင် တစ်နှစ်လုံး ကားဆွဲကောင်းတယ်။ မနှစ်ကလည်း ကုသိုလ်ယူခဲ့တယ်'' ဟု ဆိုသည်။


အဓိကနဲ့ သာမညကို မခွဲခြားကြ


ကြည့်မြင်တိုင်မှ အသက် ၇၈ နှစ် အရွယ်ရှိ ဒေါ်ဌေးက ''တို့ မြန်မာလူမျိုးအချို့က အပျော်ဆို အားကြီးမက်ကြမယ်။ ကိုယ်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် လူမျိုးမရွေး၊ ဘာသာမရွေး ပွဲတော်တိုင်း ပါဝင် ဆင်နွှဲကြတယ်။ အဓိကနဲ့ သာမညကို မခွဲခြားကြဘူး။ နှစ်ကူးဆို အပျော်ကြူး အရက်သောက်တာ မြန်မာ့ဓလေ့ မဟုတ်ဘူး။ အခုလို နှစ်ဦးတရားပွဲ ကြီးတွေမှာ ကုသိုလ်ယူသင့်ကြတယ်။ ဒီလို နှစ်ဦး တရားပွဲကြီးတွေ လုပ်ပေးတာ အလွန်ပဲ ကျေးဇူးတင်တယ်။ အဘွားဆို သုံးရက်စလုံး ရောက်အောင် သွားတယ်။ အာဟာရဒါနအလှူရှင်တွေလည်း အများကြီးပဲ။ ဒါနကုသိုလ်ရှင်တွေကိုလည်း ဆုတွေ ပေးခဲ့တယ်။ ဝမ်းအသာဆုံးက ဆရာတော်ကြီးတွေ ဝတ္ထုငွေတွေ အများကြီး လှူဒါန်းကြတာကို သာဓု ခေါ်မိပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း အခုလို ပြုလုပ် နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ မေတ္တာတွေ လည်း ပို့ခဲ့ပါတယ်'' ဟု ကြည်နူဝမ်းမြောက်စကား ဆိုခဲ့သည်။

နှစ်ဦးနှစ်ဆန်း၌ မင်္ဂလာမြင်ကွင်းပင်ဖြစ်သည်။

 

mdn