ဘားအံ ၉ ဇန်နဝါရီ
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သစ်တောဦးစီးဌာနရုံးဝင်းအတွင်း ဇန်နဝါရီလ ၈ ရက် ညနေပိုင်းက BA 91 ဗုံးသီးတစ်တွေ့ရှိ၍ အကြောင်းကြားရာမှ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ မိုင်းရှင်းလင်းရေးအဖွဲ့ဖြင့် ထပ်မံရှင်းလင်းစဉ် နောက်ထပ်ဗုံးသီးတစ်လုံးအား ထပ်မံတွေ့ရှိ၍ နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်သို့ အပ်နှံပေးခဲ့ကြောင်းသိရသည်။
ဇန်နဝါရီလ ၈ ရက် ညနေ ၅ နာရီခန့်က ဘားအံမြို့ အမှတ်(၄)ရပ်ကွက် အင်ကုန်းလမ်း မြို့နယ်သစ်တောဦးစီးဌာနရုံးဝင်းအတွင်း ရုံးခန်းနှင့်တွဲလျက်ရှိသည့် ဦးစီးမှူး ဦးကိုကိုမောင်၏ နေအိမ် အနောက်ဘက် နေအိမ်အဆောက်အဦနှင့် ၃ ပေခန့်အကွာ မြေပြင်ပေါ်တွင် ဗုံးသီး ဟုယူဆရသော ပစ္စည်းတစ်ခုအား တွေ့ရှိရကြောင်း ဦးစီးမှူးဦးကိုကိုမောင်မှ ဆက်သွယ်သတင်းပို့ချက်အရ ဘားအံ ခရိုင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ပြည်နယ်မိုင်းရှင်းလင်းရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ထိခိုက်အန္တရာယ် တစ်စုံတစ်ရာ မဖြစ်စေရေးအတွက် ဗုံးသီးတွေ့ရှိရသည့် နေရာအား အကာအကွယ်များပြုလုပ်ပြီး ဆက်လက်စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးမှာ BA 91 ဗုံးသီးဖြစ်ပြီး စနက်တံ(ဖြူး)အသင့်တပ်ဆင်ထားကာ ကလစ်ခေါင်းပါရှိသော်လည်း ကလစ်မှာ ဖြုတ်ထားပြီးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့နောက် ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှဗုံးတွေ့ရှိရသည့် နေရာအနီးအန္တရာယ်ကင်းရှင်းစေရေး ရှာဖွေ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ညနေ ၇ နာရီခန့်တွင် သစ်တောရုံးဝင်းအတွင်း ဦးစီးမှူး၏ နေအိမ်လိုင်းခန်းခေါင်းရင်းရှိ အုတ်မြောင်းအတွင်းမှ မြန်မာနိုင်ငံလုပ် ဗုံးသီးတစ်လုံးနှင့် ၎င်းဗုံးသီး၏ ၈ လက်မခန့်အကွာမှ ဗုံးကလစ်ခေါင်းတစ်ခုကိုလည်းကောင်း ၊ ဗုံးသီးနှင့် ၃ ပေခန့်အကွာတွင် စနက်တံတစ်ခုကိုလည်းကောင်း သီးခြားစီ ထပ်မံတွေ့ရှိခဲ့ရသဖြင့် နယ်မြေခံ စစ်မြေပြင် အင်ဂျင်နီယာတပ်သို့အကြောင်းကြားခဲ့ပြီး ည ၈ နာရီ ၁၀ မိနစ်ခန့်တွင် အဆိုပါပစ္စည်းများကို ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
မင်းသူ(ဘားအံ)
