၉ ဇန်နဝါရီ
စစ်တပ် ဦးဆောင်သည့် ထိုင်းအစိုးရက အထွေထွေရွေးကောက်ပွဲများ ရွှေ့ဆိုင်းမည်ကို ကန့်ကွက်ရန် နိုင်ငံအနှံ့ဆန္ဒပြသူများ ယမန်နေ့က စုရုံးခဲ့ကြသည်ဟု သိရသည်။
ရွေးကောက်ပွဲကြေညာချက်ကိုရွှေ့ဆိုင်းမည့် အစိုးရကို ကန့်ကွက်ရန် ကျောင်းသားများနှင့် အခြားတက်ကြွ လှုပ်ရှားသူများသည် မြို့တော်ဘန်ကောက် ၊ ချင်းမိုင်နှင့် အခြားမြို့သုံးမြို့တို့တွင် စုဝေးခဲ့ကြသည်။
ထိုင်းနိုင်ငံ စစ်တပ်ဦးဆောင်သည့် အစိုးရက အရပ်သားအုပ်ချုပ်ရေး အာဏာလွှဲပြောင်းရန် ဖေဖော်ဝါရီလတွင် ကျင်းပမည့် ထိုရွေးကောက်ပွဲ ကိုရွှေ့ဆိုင်းမည်ဟု စဉ်းစားထားကြောင်း ပြောကြားခဲ့သည်။ ယင်း စစ်တပ်သည် ၂၀၁၄ ခုနှစ် က အာဏာသိမ်းပြီးနောက် နိုင်ငံကို ဦးဆောင်ခဲ့သည်။
ဝန်ကြီးချုပ် ပရာယုဒ် ချန်အိုချာ က ဆန္ဒမဲပေးသည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဘုရင်၏ ခွင့်ပြုချက်ကို မရရှိသေးကြောင်း သတင်းထောက်များ၏ မေးခွန်းများကို ယမန်နေ့က ဖြေကြားခဲ့သည်။
လာမည့် တော်ဝင်နန်းတက်ပွဲနှင့် ပဋိပက္ခ ဖြစ်ပွားမှုကို ရှောင်ရှားရန် ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းမည်ဟု အစိုးရက အကြံပြုခဲ့ကြောင်း ဖော်ပြထားသည်။
ဘန်ကောက်မြို့ ရထားဘူတာရုံ အပြင်ဘက်တွင် ကျောင်းသား၂၀ဝ ခန့်ချီတက်ဆန္ဒပြကြွေးကြော်ခဲ့ကြပြီး ဗုံများကို ထုရိုက်ခဲ့ကြကြောင်း သိရသည်။
၎င်းကြားဖြတ်အစိုးရသည် ယခင်ကလည်း ရွေးကောက်ပွဲများကို ထပ်ကာတလဲလဲ ရွှေ့ဆိုင်းခဲ့သည်ဟု ဖော်ပြထားသည်။
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို