သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီက ဦးစီး၍ ၂၀၁၉ ခုနှစ် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လအတွင်း ကျင်းပမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ သိရသည်။
နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ မတ် ၁၁ ရက်မှ ၂၀ ရက် အထိ ၁၀ ရက်ကြာ ကျင်းပမည့် (၅၆)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အချောထည်များနှင့် ကျောက်စိမ်း အတွဲများကို ခင်းကျင်းပြသပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များနှင့် ရတနာကုန်သည်များ လာရောက်လေ့လာ ဝယ်ယူကြည့်ရှုနိုင်မည် ဖြစ်သည်။
(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ရက်မှ ၂၉ ရက်အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၅၂၅၉ တွဲကို ရောင်းချနိုင်ခဲ့ပြီး ယူရိုငွေ ၄၂၃ ဒသမ ၁၁၈ သန်း ရရှိခဲ့ကြောင်း သိရသည်။
မောင်မောင်မျိုး