၃၁ အောက်တိုဘာ 

ခုဆို ရာသီဥတုကြီးက တစ်နှစ်ထက်တစ်နှစ် ပိုပြီး ပူပြင်းခြောက်သွေ့လာနေပါပြီ။ နေ့ခင်းဘက်လေး အပြင်မထွက်လိုက်နဲ့။ ပေါင်းအိုးထဲ ထည့်ပြုတ်ခံထားရသလို အပူရှိန်က ဆကဲ ပြင်းထန်ပါတယ်။ ရာသီဥတုကလည်းပူ၊ ချွေးတွေလည်း အထွက်လွန် ရေကလည်းရှားနဲ့ နွေရာသီဆိုတာ အင်မတန်မှ နေလို့ မကောင်းတဲ့ ရာသီတစ်ခုပါ၊ ဒီလိုပူပြင်းတဲ့ ရာသီဥတုကြောင့် သက်တော့င်သက်သာ မရှိတဲ့အပြင် နွေရာသီဟာ ကျန်းမာရေးကိုလည်း ထိခိုက်မှု အများဆုံးပေးတဲ့ ရာသီတစ်ခုပါ။

ဒီတော့ နွေရောက်တာနဲ့ ဘယ်လို ရောဂါတွေ အဖြစ်များလဲ။    ။
နေလောင်တာ – နွေရာသီနဲ့နေလောင်တဲ့ အသားအရေက ခွဲခြားလို့မရပါဘူး။ ရာသီဥတုကပူ နေကလည်းပြင်း၊ ခရမ်းလွန်ရောင်ခြည်တွေကလည်း များနဲ့ အပြင်ထွက်လိုက်ပြီဆို အသားအရေရဲ့ ရန်သူတွေ ပတ်လည်ကို ဝိုင်းလို့။ ပြင်းပြတဲ့နေရာင်ခြည်က နေလောင်ခြင်းကို ဖြစ်စေတဲ့အပြင် အသားအရောင်ကိုလည်း ရင့်လာစေပြီး အရေပြားမှာ ပူစပ်စပ်ဖြစ်တတ်ပါတယ်။

ချွေးထွက်များမယ် – ပြင်းလာတဲ့ ပတ်ဝန်းကျင်ရဲ့ အပူချိန်သက်ရောက်မှုကို ပြန်လည်ပြေလျှော့ဖို့အတွက် ကိုယ်ခန္ဓါက ချွေးထွက်ပေးရပါတယ်။ ရာသီဥတုပူလေလေ ချွေးထွက်များလေလေဖြစ်လို့ကိုယ်တွင်းက ဓါတ်ဆားဓါတ်တွေ ချွေးနဲ့အတူပါသွားတတ်ပါတယ်။ ဒါ့ကြောင့် ပူပြင်းပြီး ချွေးထွက်များတဲ့နွေရာသီမှာ ဓါတ်ဆားအားဖြည့် အချိုရည်တွေ သောက်ပေးဖို့လိုတာပါ။

ရေဓါတ်ခမ်းခြောက် – ရာသီဥတု ပူတာကြောင့် ချွေးထွက်များတာက တစ်ကြောင်း၊ ရာသီဥတုကြောင့် ရေတွေပူနေလို့ သောက်လို့မကောင်းတာကတစ်ကြောင်း ၊ နွေရာသီဆို ရေတွေ ခမ်းခြောက်တာကတစ်ကြောင်းနဲ့ ရေတွေမသောက်ဖြစ်ကြလို့ ရေဓါတ်ခမ်းခြောက်ခြင်း နဲ့ နွေရာသီနဲ့က ခွဲခြားလို့ မရပါဘူး။

ဝမ်းလျှောခြင်း – နွေရာသီဆို ဖုန်ထူတတ်တာ ဓမ္မတာပါ။ ဒါ့ကြောင့် ဖုန်တွေများများကပ်နေနိုင်တဲ့လမ်းဘေးစာတွေ၊ သန့်ရှင်းမှု အားနည်းတဲ့ လက်သုပ်စာတွေ ကို မဆင်မခြင် စားမိလိုက်တဲ့အခါ ဝမ်းလျှောဖို့ ကျိန်းသေပါတယ်။

ဆီးအောင့် – ပူတော့ ရေခဲရေတွေသောက် အများကြီးသောက်မိရာကနေ ဆီးအောင့်ခြင်းဝေဒနာတွေလည်း ခံစားရတတ်ပါတယ်။

ခေါင်းကိုက် – ပုူပြင်းတဲ့အပူရှိန်က ခေါင်းကိုက်ခြင်းကို ဖြစ်စေတတ်တာကြောင့် တစ်နေကုန်နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေ သတိထားစရာ အချက်တစ်ခုပါ။

အရေပြား ဓါတ်မတည့်တာ – ရေပက်တဲ့ မဏ္ဍပ်တစ်ချို့က ရေသန့်တွေကို ပိုက်နဲ့သွယ်ပြီး ပက်ကြပေမယ့် တစ်ချို့ကျ တွေ့ကရာရေတွေနဲ့ ပက်တတ်ကြပါတယ်။ မသန့်တဲ့ရေတွေအပက်ခံရရင်တော့ ယားလာပြီး အရေပြား ဓါတ်မတည့်တာတွေ ဖြစ်တတ်ပါတယ်။

မိတ်ပေါက်ခြင်း – နွေရဲ့ အပူချိန်ရယ် ဝတ်ထားတဲ့ အဝတ်အစားကြောင့် ရယ် ချွေးထွက်များတာရယ်ကြောင့် နွေရာသီဆို မိတ်ပေါက်တတ်ကြတာလူတိုင်းပါ။

စိတ်တိုလွယ်နေတတ်ပါတယ် – ရာသီဥတုက ပူတော့ အလိုလိုနေရင်း စိတ်တိုလွယ်နေတာတွေ ၊စိတ်မရှည်သလိုမျိုးတွေ ဖြစ်နေတတ်ပါတယ်။

အပူရှပ်ခြင်း အပူငုပ်ခြင်း – ဒါက ပူပြင်းတဲ့ နွေရာသီရဲ့ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်လို့ ဆိုရပါမယ်။ ရာသီဥတုပူရဲ့သားနဲ့ ချွေးမထွက်ဘဲ ချွေးငုပ်နေခဲ့မယ်၊ ခေါင်းကိုက် ခေါင်းမူးတာတွေ ဖြစ်နေခဲ့မယ်ဆိုရင် ဒါ အပူရှပ်တာဖြစ်နိုင်ပါတယ်။

ဒီ ပြဿာနာတွေဟာ လူတိုင်းဖြစ်ကြတယ်လို့တော့ မဆိုလိုပါဘူး။ ဒါပေမယ့် အခန့်မသင့်ရင် ဖြစ်သွားနိုင်တာကြောင့် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေပျက်စီးမသွားစေဖို့ ဆင်ခြင်စရာရှိတာဆင်ခြင်ရအောင်၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ရအောင် သိထားတော့ မမှားဘူးပေါ့။ သတိဆိုတာ ပိုသည်မရှိဘူးလေနော်။   ။


ရေးသားသူ - Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”