ခြူးစန္ဒီနွေး

ဗြိတိန်မှာအမျိုးသမီးပါလီမန်အမတ် ၁၈ဦးဟာနောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ဝင်ရောက် အရွေးခံတော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အမျိုးသမီးပါလီမန်အမတ်တွေဟာ အွန်လိုင်းပေါ်ကပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် ဆဲရေးတိုင်းထွာမှုတွေ၊ စော်ကားမော်ကား ပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ နေရလို့ပါပဲ။

မထူးခြားတဲ့ကိစ္စဖြစ်လာ

ဒါကြောင့်လည်း နောက်တစ်ကြိမ် ရွေးကောက်ပွဲမဝင်ဖို့ ဆုံးဖြတ်လိုက်ကြတာပါ။ ဗြိတိန်ပါလီမန်က အမျိုးသမီးအမတ်တွေကို ဆဲရေးတိုင်းထွာမှုတွေ၊ ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတာဟာ သိပ်မထူးခြားတဲ့ကိစ္စလိုဖြစ်နေပါပြီ။

ဒါကြောင့်လည်း နောက်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တော့မှာ မဟုတ်ပါဘူး။ ခြိမ်းခြောက်ခံရမှုတွေကြောင့် ပါလီမန်ကို စွန့်ခွာဖို့အကြောင်းတရား ဖြစ်လာခဲ့ပါတယ်။ ရိုင်းစိုင်းမှုတွေ၊ ခြိမ်းခြောက်မှုတွေဟာ ကျွန်မရဲ့ နေ့စဉ်ဘဝတွေကို ချင်းနင်းဝင်ရောက်လာတာဟာ မဆန်းတော့တဲ့ကိစ္စ ဖြစ်လာပါတယ်လို့ ပါလီမန်အမတ်တစ်ဦးဖြစ်သူ ဟိုင်ဒီအယ်လင်က ပြောပါတယ်။

အဟန့်အတားဖြစ်မှာစိုးရိမ်

ဘာကြောင့် နောက်တစ်ကြိမ် ရွေးကောက်ပွဲ ထပ်မဝင်တာလဲဆိုတာကို လွှတ်တော်ကို စာရေးသားပြီးရှင်းပြခဲ့ပါတယ်။ မည်သူတစ်ဦး တစ်ယောက်မှ သူတို့အလုပ်မှာ ရန်လိုတဲ့ အီးမေးအပို့ခံရတာ၊ ခြိမ်းခြောက်ခံရတာ၊ လူမှုကွန်ရက်မီဒီယာပေါ်မှာ ကျိန်ဆဲခံရတာ၊ လမ်းပေါ်မှာ အော်ဟစ်ခံရတာ၊ အိမ်မှာနေရင်တောင် ကြောက်လန့်နေရတာမျိုးနဲ့ ကြုံချင်ကြမှာမဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။ အယ်လင်ကတော့ ဒီဇင်ဘာ ၁၂ ရက်မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို မထောက်ခံဘူးလို့ပြောတဲ့ လွှတ်တော်အမတ် ၅၀ ထဲက တစ်ယောက်ပါပဲ။ ပါလီမန်အတွင်းမှာ အမျိုးသား အမျိုးသမီးအချိုး မညီမမျှဖြစ်မှာကို စိုးရိမ်ရပြီး အခုလိုဖြစ်ရပ်ကြောင့် နောက်ထပ် အမျိုးသမီးတွေလည်း ပါလီမန်အတွင်း ဝင်ရောက်ဖို့အတွက် အဟန့်အတားဖြစ်လာမှာကို အမျိုးသမီးအရေး လှုပ်ရှားသူများက စိုးရိမ်ကြပါတယ်။ အောက်လွှတ်တော်မှာ အမျိုးသမီးအမတ်အချိုးဟာ ၃၂ ရာခိုင်နှုန်း အမျိုးသမီးအမတ်အချိုးဟာ ၃၂ ရာခိုင်နှုန်း ရှိတာကနေ လျော့ပါးသွားမှာကိုလည်း စိုးရိမ် နေကြပါတယ်။

အတုအယောင်တွေလား

ဗြိတိန်နိုင်ငံရေးလောကအတွင်းမှာ ဒီလိုမျိုး ခါးသီးမှုတွေရှိပေမယ့် ဘရက်ဆစ်အရေး ဖြစ်လာတဲ့အခါ လောင်စာပေးလိုက်သလို ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။ နောက်ပြီး ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ မှတ်ချက်စကားကြောင့်လည်း အခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပါတယ်။ စက်တင်ဘာလအတွင်းကပြုလုပ်ခဲ့တဲ့ ပါလီမန် စကားရည်လု ပွဲမှာတော့ မစ္စတာဂျွန်က အမျိုးသမီး ပါလီမန်အမတ်တွေ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုတွေဆိုတာ အတုအယောင်တွေသာဖြစ်တယ်။ နိုင်ငံရေးမှာ ရန်လိုမှုတွေကိုပဲ အပြစ်တင်ရမယ်လို့ ပြောခဲ့ပါတယ်။

ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်နေရ

နောက်တစ်ကြိမ် ရွေးကောက်ပွဲကို ဝင်မယ်လို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီးအမတ်တွေရော၊ ရွေးကောက်ပွဲ မဝင်တော့ဘူးလို့ ဆုံးဖြတ်ထားတဲ့ အမျိုးသမီးအမတ်တွေပါ အွန်လိုင်းကနေ စော်ကားမော်ကားပြောဆိုမှုတွေ၊ ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ပြောပါတယ်။ အွန်လိုင်းပေါ်ကနေ လိင်ပိုင်းဆိုင်ရာ ပြောဆိုခံရမှုတွေလည်း ရှိတယ်လို့ ကွန်ဆာဗေးတစ် အမျိုးသမီးအမတ်တစ်ဦးဖြစ်တဲ့ ကာရိုလိုင်းစပယ်လ်မိန်းက ပြောပါတယ်။ သူကတော့ ပါလီမန်မှာ ၂ နှစ်ကြာအောင် အလုပ်လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ အနားယူသွားတဲ့လူလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း အမျိုးသမီးအမတ်တွေဟာ နောက်တစ်ကြိမ် ရွေးကောက်ပွဲမဝင်တော့ဘဲ နေဖို့ဆုံးဖြတ်လိုက်ကြတာပဲ။ ဒါဟာ မဆန်းပါဘူးလို့  The Time of Ladon အတွေးအမြင် ကဏ္ဍမှာ ရေးသားခဲ့ပါတယ်။ ။

လူမျိုးရေးခွဲခြားမှုရှိ

ပါလီမန်ကအမျိုးသမီးလွှတ်တော်အမတ် ၇၂ ဦးလက်မှတ်ရေးထိုးထားတဲ့စာကို ဆာဆက် မြို့စားကတော် မီဂန်ဆီပေးပို့ခဲ့ပါတယ်။ မီဂန်ဟာ ဗြိတိန်မှာ အမျိုးသမီးတွေရဲ့ လူမှုဘဝ အခက်အခဲအကြောင်းကို ထုတ်ဖော်ပြောကြားနေသူလည်းဖြစ်ပါတယ်။ နေ့စဉ်လူမှုရှင်သန်မှုဘဝမှာ အမျိုးသမီးဖြစ်ရတာ အခက်အခဲတွေ ရှိနေပြီး လုပ်ငန်းခွင်မှာ အမျိုးသမီးတွေ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခြေအနေကို မျှဝေခံစားနိုင်တယ်လို့ စာမှာရေးသားထားပါတယ်။ မီဂန်ဟာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ ၂၀၁၇ ခုနှစ်မှာ စတင်စေ့စပ်ခဲ့ပြီး အဲဒီအချိန်ကစလို့ လူမျိုးရေးခွဲခြားမှုတွေနဲ့ မီဂန်ဟာရင်ဆိုင်ခဲ့ရပါတယ်။ မဲဆွယ်စည်းရုံးရေးကာလတွေမှာဆိုရင် အသားအရောင် မတူညီတဲ့ အမျိုးသမီးတွေဟာ အွန်လိုင်းကနေ ဆဲရေးတိုင်းထွာခံရပါတယ်။ အွန်လိုင်းကနေ ပြောဆိုမှုတွေကို စစ်ဆေးကြည့်တဲ့အခါမှာတော့ ပြောဆိုခံရမှုတွေရဲ့ ထက်ဝက်နီးပါးခန့် ဟာ လေဘာပါတီက အမျိုးသမီးလွှတ်တော် အမတ် ဒိုင်ယန်အက်ဘော့ကို ရည်ရွယ်ပြီး ပြောဆိုနေကြတာကို တွေ့ရပါတယ်။ ဒိုင်ယန်အက်ဘော့ကတော့ ပါလီမန်အတွင်း ပထမဦးဆုံးရွေးကောက်ခံရတဲ့ လူမည်း အမျိုးသမီး လွှတ်တော်အမတ်တစ်ဦးလည်းဖြစ်ပါတယ်။

အကြမ်းဖက်မှုဖြစ်လာမှာစိုးရိမ်

တချို့သော အမျိုးသားနိုင်ငံရေးသမားတွေလည်း အကြမ်းဖက်မှုအတွက်ခြိမ်းခြောက် ခံရမှု၊ဆဲဆိုခံရမှု၊ တိုက်ခိုက်ခံရမှုတွေတောင် မကြာသေးခင်နှစ်များအတွင်း ကြုံတွေ့ခဲ့ရပါတယ်။ အချို့သောဗြိတိန်တွေကတော့ ဥပဒေပြုအမတ်တွေအပေါ် ရည်ရွယ်ပြီးဆန့်ကျင်ပြောဆိုမှုတွေကနေ အကြမ်းဖက်မှုတွေအဖြစ် အသွင်းပြောင်းသွားမှာကို စိုးရိမ်နေကြပါတယ်။ ၂၀၁၆ ခုနှစ်တုန်းကလည်း ဥရောပသမဂ္ဂကနေ နုတ်ထွက်ဖို့ လူထုဆန္ဒခံယူပွဲကျင်းပဖို့ တစ်ပတ်အလိုမှာ လေဘာပါတီကပါလီအမတ် ဂျိုကော့ကို လက်ယာယိမ်းအစွန်းရောက်တစ်ဦးက ဓားဖြင့်ထိုးသတ်သွားတဲ့ ဖြစ်ရပ်ကို မှတ်မိနေကြတုန်းပါပဲ။ ကော့ဖောင်ဒေးရှင်းက အမှုဆောင်အရာရှိ ကတ်သရင်းအန်ဒရာဆင် ကတော့ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ အမတ်တွေပါဝင်ပြီး မယှဉ်ပြိုင်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ အမျိုးသမီးတွေဟာ အွန်လိုင်းမှာရာလူမှုဘဝမှာပါ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတဲ့ ဖြစ်ရပ်မှန်ကို ပြသလိုက်တာပဲလို့ ပြောပါတယ်။

နိုင်ငံရေးစနစ်ထိခိုက်လာနိုင်

ဗြိတိန်မှာ ဘရက်ဆစ်ကိစ္စကြောင့် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်နေချိန် လာမယ့် ရွေးကောက်ပွဲမှာအကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ လွန်ခဲ့တဲ့ လအတွင်း ကာဒဖ်တက္ကသိုလ်နဲ့ အီဒင်ဘာ တက္ကသိုလ်တို့ရဲ့ လေ့လာမှုအရ ဥရောပသမဂ္ဂကနေ နုတ်ထွက်ဖို့ မဲပေးခဲ့ကြသူတွေဟာ ဗြိတိန်အနေနဲ့ ဥရောပသမဂ္ဂကနေ အပြီးသတ် နုတ်ထွက်နိုင်ရေးအတွက် ဥပဒေပြုလွှတ်တော် အမတ်တွေကို ဆန့်ကျင် တဲ့လုပ်ရပ်တွေ လုပ်ဆောင်နေကြတာပဲဖြစ်တယ်လို့ တွေ့ရှိပါတယ်။ ပါလီမန်အမတ်တစ်ဦးချင်းစီကို ရည်ရွယ်ပြီး တိုက်ခိုက်တာကနေ ဗြိတိန်ရဲ့ နိုင်ငံရေးစနစ်ကို ထိခိုက်လာမှာကို စိုးရိမ်မိတယ်လို့ ကတ်သရင်းအန်ဒရာဆင်က ပြောပါတယ်။ အခုအချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် အချိန်ကြာလာတာနဲ့အမျှ တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ကို ထိခိုက်လာမှာကို စိုးရိမ်ရတယ်လို့ သူကဆက်ပြောပါတယ်။ သတိပြုစရာဖြစ်လာ

ပါလီမန်အမတ်တစ်ဦးဖြစ်တဲ့ ဂျိုကော့ သေဆုံးပြီးတဲ့နောက်မှာတော့ ဝန်ကြီးချုပ်ဟောင်း ထရီဆာမေဟာ ပါလီမန်အမတ်တွေရဲ့ လူမှုဘဝမှာ ခြိမ်းခြောက်ခံရမှုတွေကို အစီရင်စာတင်ခဲ့ပြီး အဲဒီအစီရင်ခံစာဟာ အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ ဆိုရှယ်မီဒီယာကုမ္ပဏီတွေနဲ့ ရဲတွေအတွက် သတိပြုစရာဖြစ်စေခဲ့ပါတယ်။ နောက်ပြီး ဒီလိုခြိမ်းခြောက်မှုတွေကို တိုက်ဖျက်ပေးဖို့ သတင်းမီဒီယာတွေကိုလည်း အကူအညီတောင်းခံခဲ့ပါတယ်။ အသားအရောင်ကွဲပြား မှုရှိတဲ့ အမျိုးသမီးတွေအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်မှုတွေဟာ ဘက်လိုက်မှု၊ အမှန်တရားများ၊ မညီမျှမှုများနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိနေပါတယ်လို့ အမျိုးသမီးများ တန်းတူညီမျှ ရေးပါတီတည်ထောင်သူ ကတ်သရင်းမေယာက ရှင်းပြခဲ့ပါတယ်။ ။

ကိုးကား - နယူးယောက်တိုင်းမ်