ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်
ကျွန်တော် မုံရွာကို မရောက်တာ တစ်နှစ်ကျော်သွားပြီ။ အရင်တုန်းက ဆရာထင်ဇံကျော်တို့အဖွဲ့နဲ့ ရောက်ခဲ့တယ်။ ပြီးတော့ ကိုအောင်ချစ်ခင်တို့အဖွဲ့နဲ့ Strategy First ဖွင့်ပွဲမှာ ရောက်ခဲ့ပြန်တယ်။ ဒီတစ်ခေါက်တော့ ဥက္ကဋ္ဌ ဦးအောင်ကြည်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတစ်ခုမှာ လာရောက်ဟောပြောပေးဖို့ အကြောင်းကြားလာခဲ့တာမို့ မန္တလေးကတစ်ဆင့် မုံရွာကို ကားနဲ့ သွားခဲ့တယ်။
နိုင်ငံအဆင့်အတန်းနှင့် အဂတိလိုက်စားမှုညွှန်းကိန်း
အရင်အခေါက် ရန်ကုန်မြို့မှာ လုပ်တဲ့ပွဲနဲ့ ပဲခူးမြို့မှာ လုပ်တဲ့ပွဲတွေမှာလည်း ပါဝင်ခဲ့တယ်။ နေပြည်တော်မှာ ကျင်းပတဲ့ လူငယ်များနဲ့ ပတ်သက်ပြီး ဖြောင့်မတ်တည်ကြည်မှုအားပေးတဲ့ သင်တန်းစခန်းမှာလည်း ပါဝင်လှုပ်ရှားခဲ့တယ်။ ကျွန်တော်က အဂတိတိုက်ဖျက်ရေးလုပ်ငန်းကို စိတ်ဝင်စားတယ်။ ငယ်ငယ်ကတည်းက လေ့လာခဲ့တယ်။ ကုလသမဂ္ဂအဖွဲ့အစည်းမှာ တာဝန်ယူတော့ ဒီကိစ္စက အရေးပါလှတဲ့ အကြောင်းအရာဖြစ်တယ်။ မလုပ်မနေရ၊ မဖြစ်မနေလုပ်ရမယ့် တာဝန်ဖြစ်တယ်။ မြန်မာပြည်ပြန်ရောက်တော့ အရပ်ဘက်လူ့အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့အစည်း (Transparency Interanational) a dos cologosao Corruption Perception Index (CPI) sonoScoop ညွှန်းကိန်းကို မြန်မာပြည်မှာ လူသိအောင် လုပ်ပေးဖို့ တိုက်တွန်းခဲ့တယ်။ CPI အဆင့်အတန်းကိုကြည့်ပြီး နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းကို သိသိသာသာ မြင်တွေ့နိုင်မှာ။ သမ္မတကြီး ဦးသိန်းစိန် လက်ထက်ကစပြီး CPI ကို လူထုကို အသိပေးခဲ့တယ်။ CPI ညွှန်းကိန်းကို ကြည့်ပြီး ပြုပြင်စရာတွေကို ဖော်ထုတ်နိုင်မှာ။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က Anti-Corruption Commission (ACC) က မုံရွာခရီး အတွက် အစစအရာရာ တာဝန်ယူပေးခဲ့တယ်။ မုံရွာ မသွားမီနေပြည်တော်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးအစီအစဉ်နဲ့ ပြုလုပ်ကျင်းပတဲ့ ဆွေးနွေးပွဲမှာ မုံရွာစီးပွားရေးတက္ကသိုလ်က ပါမောက္ခချုပ် ဒေါက်တာ စိုးဝင်းနဲ့ တွေ့ခဲ့တယ်။ မုံရွာလာဖို့ရှိတော့ မုံရွာစီးပွားရေး တက္ကသိုလ်မှာ ဟောပြောပွဲလုပ်ပေးဖို့ စီစဉ်ခဲ့တယ်။
ကျွန်တော်က UEHRD တစ်နှစ်မြောက် အခမ်းအနားတက်ရင်း မနက်ပိုင်းမှာ အချိန်ရတာမို့ ပညာရေးဝန်ကြီး ဌာနအတွက် ဟောပြောပွဲလုပ်ပေးဖို့ စီစဉ်ခဲ့တာ။ အစကတော့ ဝန်ကြီးဌာနက ဝန်ထမ်းတွေအတွက် ရည်ရွယ်ပြီး စီစဉ်ထားပေမယ့် ပညာရေးဝန်ကြီးဌာနမှာ နှစ်ရက်စောပြီး လုပ်တဲ့ အစည်းအဝေးမှာ ရောက်နေတဲ့ ပါမောက္ခ ချုပ်တွေ၊ ပါမောက္ခတွေ၊ ဌာနမှူးတွေနဲ့ တွေ့ရမယ်ဆိုတာ သိတော့ ဝမ်းသာသွားတာ။ တကူးတက စုစည်းစရာမလိုတော့ဘဲစုစည်းပြီးသား ဆရာ ဆရာမတွေနဲ့ ထိတွေ့ ဆက်ဆံခွင့်ရခဲ့တာမို့ ဝမ်းသာမိသလို ကျေနပ်မိပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကို လည်း ကျေးဇူးတင်ရတာ။ ကိုယ်က ဘယ်လောက်ပြောချင်ပြောချင် ပရိသတ်ရှိဖို့လိုတာ၊ ပါမောက္ခချုပ်တွေ၊ ပါမောက္ခ၊ ဌာနမှူးတွေက ကျွန်တော့်ရဲ့ တင်ပြချက်ကို စိတ်ဝင်စားကြတယ်။ ခေါင်းစဉ်အနေနဲ့ ပညာရေးလောကသားတွေအတွက် မိမိအလုပ်အပေါ် တာဝန်ယူ၊ တာဝန်ကျေဖို့ ပညာကို အခြေခံပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းပြီး စဉ်ဆက်မပြတ် ရည်မှန်းချက်တွေပြည့်မီဖို့ ပညာရေး ဝန်ထမ်းတွေရဲ့ တာဝန်ကိုလည်း တင်ပြခဲ့ပါတယ်။ နိုင်ငံတော်အစိုးရဟာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု စီမံကိန်းတစ်ရပ်ကို ၂၀၁၈-၂၀၃၀ အတွက် သတ်မှတ်ဖော်ထုတ်လျက်ရှိတယ်။ ဒီရည်မှန်းချက်တွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်နိုင်ငံ ၁၉၃ နိုင်ငံက လက်ခံသဘောတူခဲ့တဲ့ ရည်မှန်းချက် ၁၇ ခုကို အခြေခံထားတာ ဖြစ်တယ်။ ဒီရည်မှန်းချက် ၁၇ ခုအနက် ရည်မှန်းချက် နံပါတ်(၄)ဟာ ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ဖြစ်တယ်။ အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ဖော်ထုတ်မှုနဲ့ တစ်သက်တာ လေ့လာသင်ယူမှုကို လက်ခံထားတာ ဖြစ်တယ်။
မနက်စောစောလေယာဉ်နဲ့ မန္တလေးကို ထွက်ခဲ့တယ်။ တံတားဦးလေယာဉ်ကွင်း ရောက်တဲ့အခါ ရုံးအဖွဲ့ က တာဝန်ရှိသူတွေ လာကြိုပြီး မုံရွာကို ခရီးဆက်ဖို့ ကြိုတင်စီစဉ်ထားတဲ့ မော်တော်ယာဉ်နဲ့ ထွက်ခဲ့တယ်။ ယာဉ်မောင်းနဲ့ ကျွန်တော် နှစ်ဦးတည်း။ ကားကလည်းကောင်းတာမို့ ခရီးတွင်ခဲ့တယ်။ ပွဲက မုံရွာမှာ မနက်ကတည်းက စတင်နေတာမို့ အချိန်မီရောက်အောင် သွက်သွက်ကလေး မောင်းနှင်ခဲ့ကြတယ်။ စစ်ကိုင်းမြို့အထွက် ကောင်းမှုတော်စေတီဘုရားကြီးကို ကားပေါ်ကနေ ဖူးခွင့်ရခဲ့တယ်။ ထုံးသင်္ကန်းအသစ်နဲ့ အလွန်သပ္ပာယ်လှတာ။ ဘာပဲဖြစ်ဖြစ် ပျက်အစဉ် ပြင်ခဏပါ လားလို့ စိတ်ထဲ တွေးမိတယ်။ မုံရွာ - မြင်းမူလမ်းကကောင်းပေမယ့် လမ်းက လိမ်နေသလိုပဲ။ ကားစီးရတာ ဇိမ်မရှိလှဘူး။ လမ်းကိုဘယ်ပုံနဲ့ ဖောက်ထားသလဲမသိ။ ရန်ကုန်-ပုသိမ်လမ်းနဲ့ ယှဉ်ရင်တော့ ကောင်းသေးတာပဲ ဆိုပြီး စိတ်ပြေအောင် စဉ်းစားရတယ်။ ရန်ကုန်-ပုသိမ် လမ်းက ဘယ်တော့များ ကောင်းလိမ့်မလဲဆိုပြီး ဆုတောင်းနေရတာ။ မြင်းမူနဲ့ ချောင်းဦးလမ်းကတော့ ပိုပြီးကောင်းလာတယ်။ မုံရွာမြို့အဝင် တာဝန်ရှိသူတွေက မရောက်သေးဘူးလားဆိုပြီး ဖုန်းနဲ့ ခဏခဏမေးကြတယ်။ နောက်ကျမှာ စိတ်ပူနေကြတာ။ ကျွန်တော်ကလည်း ရောက်ချင်ဇောက များနေတာ။ မြန်မြန်ရောက်ချင်လေလေ ရောက်ခဲ့လိုက်တာလို့ စိတ်ထဲက ဖြစ်မိတယ်။ ခန်းမထဲကို မနက် ၁၁ နာရီထိုးခါနီး ရောက်ခဲ့တယ်။
မနက်ပိုင်းမှာ ဥက္ကဋ္ဌကြီး ဦးအောင်ကြည် မိန့်ခွန်းပြောပြီး လက်ဖက်ရည်သောက်တဲ့အစီအစဉ်နဲ့ ကျွန်တော့်ကို စောင့်နေတာ။ ကျွန်တော်က သိပ်အားနာတာ။ ကိုယ်စောင့်ရတာ အရေးမကြီးဘူး။ ကိုယ့်အတွက် သူများစောင့်နေတာကို မလိုလားလှဘူး။ မုံရွာမှာလုပ်တဲ့ပွဲရဲ့ ခေါင်းစဉ်က နိုင်ငံတော်ကဏ္ဍနဲ့ ပုဂ္ဂလိကကဏ္ဍမှာ ဖြောင့်မတ်တည်ကြည်မှု တည်ဆောက်ခြင်း ဖြစ်တယ်။
အဂတိလိုက်စားမှုနှင့် ခရာမှုတ်ခြင်း
မုံရွာပွဲအတွက် ပြင်ဆင်တဲ့အခါ အရင်အခေါက်တွေနဲ့ မတူအောင် ကျွန်တော်က ကြိုးစားပြီး ပြင်ဆင်ခဲ့တယ်။ ဦးစားပေးခေါင်းစဉ်ကတော့ “ခရာမှုတ်ခြင်း” ဆိုတဲ့ အကြောင်းအရာ အင်္ဂလိပ်လို (Whistleblowing) ဖြစ်တယ်။ ခရာမှုတ်ခြင်းကို အများက အားကစားနဲ့ ယှဉ်တွဲပြီး စဉ်းစားကြတယ်။ ဘောလုံးပွဲတွေမှာ ဒိုင်လူကြီးလုပ်သူက ပြစ်မှုကျူးလွန်တဲ့သူကို ရာမှုတ်ပြီး အဝါကတ်၊ အနီကတ်တွေပြသခဲ့တယ်။ သတိပြုဖို့ ကိစ္စတစ်ခုက ဂိုးသွင်းတဲ့တဲ့အခါမှာလည်း ဂိုးဝင်ကြောင်ကို ခရာမှုတ်ပြီး ဒိုင်လူကြီး က သံမှုတ်ပြတာ။
ကျွန်တော်တင်ပြတဲ့ ခရာမှုတ်မှုက အစိုးရဌာနတွေမှာဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတွေမှာဖြစ်စေ၊ မဟုတ်တာ လုပ်နေတာကိုသိတဲ့၊ မြင်တဲ့ ဝန်ထမ်းတွေက ခရာမှုတ်တာကို ရည်ညွှန်းခြင်းဖြစ်တယ်။ ခရာမှုတ်ခြင်းဟာ တိတ်ဆိတ်နေမှုကို ချိုးဖောက်လိုက်တာ ဖြစ်တယ်။ ဝန်ထမ်းတွေအတွက် ခရာမှုတ်ဖို့ ခက်ခဲလှပါတယ်။ မဟုတ်တာလုပ်နေတာ သိရက်နဲ့ ရေငုံပြီးနေကြတယ်။ ငြိမ်ငြိမ်နေရင် အန္တရာယ်ကင်းတယ်လို့ မြင်ကြတယ်။ လုပ်ငန်း အဖွဲ့အစည်းတွေမှာ မဟုတ်တာတွေ လုပ်နေကြတာကို အသိဆုံးက ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေ ဖြစ်တယ်။ မှားနေတာကို သိရက်နဲ့ လျစ်လျူရှုရင် ခရာမမှုတ်ရင်၊ ကိုယ်လည်း အလိုတူ အလိုပါဖြစ်တယ်။ ကျွန်တော့်ရဲ့ တင်ပြချက်မှာ ခရာမှုတ်သူတွေကို ကာကွယ်ပေးဖို့ လိုအပ်ကြောင်း၊ ဥပဒေအာမခံမှု ရှိဖို့လိုကြောင်း တင်ပြခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးကိုယ်တိုင် တက်ရောက်တဲ့ပွဲဖြစ်တာမို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လုပ်ငန်းရှင်တွေ၊ ဌာနကိုယ်စားလှယ်တွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေ စုံညီစွာတက် ရောက်ခဲ့တာမို့ အားရကျေနပ်မိပါတယ်။ ။
အမှန်တော့ ခရာမှုတ်ခြင်းကိစ္စက အမေရိကန် ပြည်ထောင်စုမှာ အကြီးအကျယ် ပြဿနာပေါ်နေတဲ့ ကိစ္စဖြစ်တယ်။ သမ္မတကြီးရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မဖြစ်သင့်တာ၊ မလုပ်သင့်တဲ့အရာဖြစ်တာမို့ ခရာမှုတ်ပြီး လွှတ်တော်ကို တိုင်တန်းခဲ့ပါတယ်။ အခုအချိန်မှာ အောက်လွှတ်တော်မှာ သမ္မတကြီးကို တာဝန်က ရပ်ဆိုင်းဖို့ ဆွေးနွေးမှုတွေ စတင်နေကြတာတွေ့ရတယ်။ ခရာမှုတ်သူကို အပြည့်အဝ အကာကွယ်ပေးထားတာလည်း တွေ့ရတယ်။ ။
ကျွန်တော်က ဟောပြောပြီးပြီးချင်း ဥက္ကဋ္ဌကို ခွင့်တောင်းပြီး လာကြိုနေတဲ့ ပါမောက္ခချုပ် ဒေါက်တာ ဦးစိုးဝင်းနဲ့ ခရီးဆက်ခဲ့တယ်။ နေ့လယ်စာကို အမြန်စားပြီး မုံရွာစီးပွားရေးတက္ကသိုလ်ကို ထွက်ခဲ့တယ်။ ကျောင်းပိတ်ထားပေမယ့် ဘွဲ့လွန်ကျောင်းသားတွေကို ဖိတ်ထားလို့ ပရိသတ်တွေက အပြည့်။ ဆရာ ဆရာမတွေကလည်း စုံစုံလင်လင်၊ ကျွန်တော် ပညာရေးကဏ္ဍမှာ တာဝန်ယူနေကြသူတွေနဲ့ ပတ်သက်ပြီး ခေါင်းဆောင်မှုဖွံ့ဖြိုးမှု လုပ်ငန်းတွေကို တင်ပြခဲ့ပါတယ်။ ဟောပြောချိန်မှာ ပရိသတ်တွေက မေးခွန်းတွေ မေခဲ့ကြတယ်။ မုံရွာ စီးပွားရေးတက္ကသိုလ်ကို လွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်က တစ်ကြိမ်ရောက်ခဲ့တာ။ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ရတာမို့ ကျေနပ်မိပါတယ်။ ။
မြန်မာ့အလင်း