နေပြည်တော် ၁၇ မေ
လက်ရှိတွင် လည်ပတ်လျက်ရှိသော အရက်ချက်စက်ရုံ ၃၃ရုံတွင် Flow Meter များကို သတ်မှတ်စံနှုန်းများနှင့်အညီ တပ်ဆင် ထားရှိပြီးဖြစ်ပါကြောင်း၊ ကျန်စက်ရုံ ၄ ရုံတွင်လည်း စစ်ဆေးတွေ့ရှိမှုအရ မကြာမီ တပ်ဆင်သွားမည်ဖြစ်သည်ကို တွေ့ရှိရပါကြောင်း ယနေ့ ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးမောင်မောင်ဝင်းက ပြောသည်။
လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ အရက်ချက်စက်ရုံများတွင် Flow-Meter များ တပ်ဆင်ရန်ကိစ္စ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ သိလိုခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းမှုအပေါ် ဒုတိယဝန်ကြီးက ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။
ထို့နောက် ဒုတိယဝန်ကြီးက ဆက်လက်ဖြေကြားရာတွင် အရက်ချက်စက်ရုံများမှ အဖျော်ယမကာများ ထုတ်လုပ်မှုအပေါ် အခွန်စည်းကြပ် ကောက်ခံရာတွင် ထုတ်လုပ်မှု ပမာဏအမှန်ကို သိရှိနိုင်ရေး၊ ပွင့်လင်းမြင်သာမှုရှိစွာဖြင့် အခွန်ပေးဆောင် ရေးနှင့် နိုင်ငံတော်အတွက်ရသင့်ရထိုက်သော အခွန်များ အပြည့်အဝ ရရှိစေရန် ရည်ရွယ်၍ အရက်ချက်စက်ရုံများတွင် Flow Meter တပ်ဆင်ထုတ်လုပ်စေ ခြင်းကို ၂၀၁၆ ခုနှစ်မှစ၍ စီစဉ်ဆောင်ရွက်ခဲ့ပါကြောင်း။
စစ်ဆေးမှုများအရ စက်ရုံ ၇၂ ရုံအနက် လက်ရှိလုပ်ငန်းဆောင်ရွက်လျက်ရှေိ သာ အရက်ချက်စက်ရုံ ၃၇ ရုံ၌ Flow Meter များအား သတ်မှတ်နေရာတွင် စနစ်တကျ တပ်ဆင်ထားမှု ရှိ၊ မရှိ၊ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လများအတွင်းက သွားရောက်စစ်ဆေးခဲ့ပြီးဖြစ်ပါကြောင်း။
Online Monitoring System ကိုလည်း တပ်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ Online Monitoring System တပ်ဆင်ခြင်း မပြုမီကာလအတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးများမှ စစ်ဆေးခြင်းနှင့် ရုံးချုပ်စစ်ဆေးရေးအဖွဲ့များမှ စစ်ဆေးခြင်းများကို စီမံချက် ချမှတ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်မှုများကို Online မှတစ်ဆင့် စောင့် ကြည့် ထိန်းကျောင်းနိုင်ရေးအတွက် Online Monitoring System ကို အကောင် အထည်ဖော်နိုင်ရန် Data Logger တပ်ဆင်ခြင်းကို စက်ရုံကြီး၊ စက်ရုံလတ်နှင့် စက်ရုံ ငယ် အဆင့်(က)(ခ)နှင့် (ဂ) ဟူ၍ ခွဲခြားပြီး စက်ရုံကြီးများတွင် ဦးစားပေးတပ်ဆင် ဆောင်ရွက်သည့်စနစ်ကို ၂၀၁၈ ခုနှစ် ဧပြီလမှ စတင်အကောင်အထည်ဖော်၍ တစ်ဆင့်ခြင်း ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားပါကြောင်း ရှင်းလင်းဖြေကြားသည်။
MDN