စစ်ကိုင်း ၂၂ မေ

 

ကံကုန်းကန်နှင့် နားလုံကားကန် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမှာဖြစ်ပြီး ရန်ပုံငွေရရှိပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံ က ပြောသည်။

 

“ပင်လည်ဘူးမြို့နယ် ကင်းပန်းအုပ်စု၊ ကံကုန်းကျေးရွာ အနီးရှိ ကံကုန်းကန်နှင့် ဘန့်ဘွေးကုန်းအုပ်စု နားလုံကားကျေးရွာ အနီးရှိ နားလုံကာကန်တို့မှာ တိမ်ကောနေသဖြင့် အဆိုပါကန် ၂ ကန်အား အနီးဆုံး ဘဏ္ဍာနှစ်၌ ပြင်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းကို ပင်လည်ဘူးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးသန်းလှိုင်က မေ ၂၁ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် (၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့တွင် မေးမြန်းခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

 

ဦးကမ်ဇာမုံက “ပင်လည်ဘူးမြို့နယ် ကံကုန်းကျေးရွာ အနီးရှိ ကံကုန်းကန်သည် အလျားပေ ၁၀၀၀ ၊ အနံ ၅၇ ပေ ရှိပါတယ်၊ အဆိုပါကန်သည် တောင်တက်ဆည်အတွင်းမှ စီးဝင်သော ရေနှင့်  မိုးရေကို သိုလှောင်ထားသော ကန် ဖြစ်ပါတယ်၊ လက်ရှိကန်ပေါင်အမြင့်မှာ ၅ ပေခန့်ရှိပြီး အနက် ၄ ပေအထက်မှာ တိမ်ကောလျက် ရှိတယ်၊ ကန်ရဲ့ စိုက်ပျိုးမြေ အကျိုးပြုဧကမှာ ဧက ၂၀၀ ခန့်ရှိပြီး အဆိုပါ ကန်ပြန်လည် တူးဖော်ပြီးပါက စိုက်ပျိုးမြေ ဧက ၁၀၀ ကို ပိုမို၍  စိုက်ပျိုးရေပေးဝေနိုင်မှာ ဖြစ်တယ်” ဟု ပြောသည်။

 

အလားတူ ဘန့်ဘွေးကုန်းအုပ်စု နားလုံကားကျေးရွာအနီး နားလုံကားကန်သည် အလျားပေ ၃၀၀ ၊ အနံပေ ၁၀၀ ခန့်ရှိပြီး အဆိုပါကန်သည် လမ်းမြေသားအား တာပေါင်ဖို့ခြင်းမှ ဖြစ်ပေါ်လာသည့် တစ်ဖက်ပိတ်ကန် အမျိုးအစားဖြစ်ကာ ကန်အနက်အား ၅ ပေခန့် ပြန်လည်တူးဖော်ပေးရန် လိုအပ်လျက်ရှိသည်။

 

နားလုံကားကန်အား ပြန်လည်တူးဖော်ပြီးပါက လယ်မြေဧက ၁၀၀ ခန့်အား စိုက်ပျိုးရေ ပေးဝေနိုင်မှာဖြစ်ပြီး ကံကုန်းကန်နှင့် နားလုံကားကန် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည်ဖြစ်ကြောင်း သိရသည်။

 

 
မျိုးထက်ဦး(MDN)