နေပြည်တော် ၂၈ မေ
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး ပဉ္စမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးခန့်အပ်ရန် လွှတ်တော်သို့တင်ပြခြင်း၊ ပြည်နယ်ဝန်ကြီး ခန့်အပ်ခြင်းကို လွှတ်တော်က မှတ်တမ်းတင်ခြင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင် ပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့ အခွင့်အရေးကော်မရှင်၏ ၂၀၁၇ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာကို မှတ်တမ်းတင်ခြင်း၊ ချေးငွေရယူရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် ပြည်ပချေးငွေများနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနများ၏ စီမံကိန်းလုပ်ငန်း တစ်ခုချင်းအလိုက် လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။
ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော် သမ္မတထံမှ ပေးပို့ထားသော စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဦးစိုးဝင်းကို ခန့်အပ်တာဝန်ပေးလိုခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြပြီး ၄င်းအား သက်ဆိုင်ရာ အရည်အချင်းများနှင့် မပြည့်စုံကြောင်း သက်သေ အထင်အရှားပြ၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးအဖြစ် ဦးစိုးထက်အား ခန့်အပ် တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင်အဖြစ် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကြီး နေဝင်း အစား ဗိုလ်မှူးချုပ် ရဲနိုင်မျိုးအား ပြောင်းလဲတာဝန် ပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘော တူညီချက် ရယူသည်။
ယင်းနောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၇ ခုနှစ်၊ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ပြန်လည်ရှင်းလင်းတင်ပြသည်။
ယင်းအစီရင်ခံစာ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ ပြန်လည်ရှင်းလင်း တင်ပြချက်များကို လွှတ်တော်က မှတ်တမ်း တင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးရေးဆွဲ တင်ပြခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ဦးအောင်ကြည်ညွန့်က ဖတ်ကြားတင်ပြသည်။
အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၈ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေကျပ် ၆၄၁ ဒသမ ဝ၂၉ ဘီလီယံ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက ပြည်ထောင်စုအစိုးရ အပ်ငွေစာရင်းရှိ လိုငွေကို ဖြည့်ဆည်းရန် အစိုးရငွေတိုက်လက်မှတ်များကို ၅၀ ရာခိုင်နှုန်းနှင့် အစိုးရငွေတိုက်စာချုပ်ကို ၃၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ငွေချေးယူခြင်းကို ၂၀ ရာခိုင်နှုန်းဖြင့် လျှော့ချ၍ ဖြည့်ဆည်းရန် လျာထားဆောင်ရွက်သွားမည် ဖြစ်သည်ဟု သိရပါကြောင်း၊ ဗဟိုဘဏ်မှ လက်ကျန်ငွေများဖြင့် ဖြည့်ဆည်းခြင်းအပြင် ငွေစက္ကူအသစ် ထပ်မံရိုက်ထုတ်ခြင်း လျော့ကျသွားမည်ဖြစ်သောကြောင့် ပြည်တွင်း၌ ငွေဖောင်းပွမှုကို လျော့ကျစေမည် ဖြစ်သည့်အတွက် ကောင်းမွန်သော လျာထားချက် ဖြစ်ပါကြောင်း။
အသုံးစရိတ်များ လျော့ကျစေရေးနှင့် ပတ်သက်၍ ဆွေးနွေးလိုသည်မှာ နိုင်ငံတော်က တာဝန်ယူ ဆောင်ရွက်နေသည့် စီမံကိန်းများတွင် အမှန်တကယ် ကုန်ကျမည့် အသုံးစရိတ်များကို တိတိကျကျ အနီးစပ်ဆုံး တွက်ချက်ခန့်မှန်းရန်နှင့် ထိုသို့တွက်ချက်ရာတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်နိုင်ရန် အစီအစဉ်များလည်း ပြုလုပ်ပေးသင့်ပါကြောင်း၊ ထို့ပြင် ပြည်သူများ အတွက် အမှန်တကယ်အကျိုးရှိမည့် စီမံကိန်းများ၊ တည်ဆောက်ရေး လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး များကိုသာ အဓိကထား ဆောင်ရွက်သင့်ပြီး အကျိုးမရှိသည့် စီမံကိန်းများနှင့် အပိုကုန်ကျမည့် လုပ်ငန်းများကို သေချာစိစစ်ပြီး ဖြတ်တောက် ရပ်ဆိုင်းသင့်ပါကြောင်း။
ထို့အတူ အသုံးစရိတ်များကို လျှော့ချရန် ကြိုးပမ်းရာတွင် အမှန်တကယ် လိုအပ်သည့် လုပ်ငန်းစီမံချက်များကို လျှော့ချဖြတ်တောက်ခြင်းထက် စီမံချက်တစ်ခုစီတွင် အမှန်တကယ် ကုန်ကျနိုင်မည့် ငွေပမာဏထက် ပိုမိုနေသည့်ငွေများကိုသာ လျှော့ချဖြတ်တောက်သင့်ပါကြောင်း ဆွေးနွေးသည်။
ယင်းနောက် ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများနှင့် စပ်လျဉ်း၍ စီမံကိန်းလုပ်ငန်း တစ်ခုချင်းအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြည်သူများ အတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်နှင့် ADB တို့မှ ငွေချေးယူခဲ့ပါကြောင်း၊ အဆိုပါ ငွေများ ကို ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် အဓိကထား၍ အသုံးပြုပါကြောင်း၊ သို့မှသာ ပြည်သူများကျန်းမာ၍ ရောဂါဖြစ်ပွားသည့် လူနာများ ကျဆင်းမည် ဖြစ်သည့်အတွက် ပြည်သူ့ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရန် သုံးစွဲခြင်းဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်း ၁၀ဝနှင့် ADB မှ ဒေါ်လာ ၁၂သန်း ချေးယူခဲ့ပါကြောင်း၊ လတ်တလောတွင် ငွေကျပ် ၆၈ဘီလီယံ အသုံးပြု ထားပြီး ဖြစ်ပါကြောင်း။
ကမ္ဘာ့ဘဏ်မှ ချေးသည့်ငွေကို မရှိမဖြစ် လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှုများနှင့် လူတိုင်း လက်လှမ်းမီ ရရှိစေရေး စီမံချက်တွင် အသုံးပြုခြင်း ဖြစ်ပါကြောင်း၊ ငွေကြေးသုံးစွဲမှုကို ပိုမိုထိရောက် ပီပြင်၍ အလေအလွင့် တတ်နိုင်သမျှ နည်းစေရန်အတွက် အဆင့်လိုက် အမြဲသုံးသပ်နေပါကြောင်း၊ ယခုငွေများသည် နိုင်ငံတော်အစိုးရမှ ချေးယူထားသည့် ငွေများဖြစ်သည့်အတွက် မိမိတို့နိုင်ငံအတွက် အကျိုးရှိထိရောက် သေချာစွာ သုံးစွဲသင့်ကြောင်းကို မှာကြားနေပါကြောင်း ရှင်းလင်းတင်ပြသည်။
အလားတူ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ကြီးဌာန အနေဖြင့် ဆောင်ရွက်သည့် ပြည်ပချေးငွေစီမံကိန်း ၆ ခုမှာ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး စီမံကိန်း၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအဆင့်-၁၊ သဘာဝဘေး ပြန်လည်ထူထောင်ရေး စီမံကိန်း၊ မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့် ၂ ဆင့်ချေးငွေ စီမံကိန်း၊ ဖွံ့ဖြိုးမှု မူဝါဒချေးငွေတို့ ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်သည့် စီမံကိန်း(၂)ခုမှာ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း အဆင့်-၁၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆင့်-၂ အပိုင်း (၁)၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ မန္တလေးမြို့ပြ ဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (ADB)နှင့် မန္တလေးမြို့ပြ ဝန်ဆောင်မှု ဖွံ့ဖြိုးတိုး တက်ရေးစီမံကိန်း(AFD)စီမံကိန်းတို့ ဖြစ်ပါကြောင်း။
ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေပမာဏမှာ SDR ၁၉ ဒသမ ၆ သန်းနှင့် ညီမျှသော အမေရိကန်ဒေါ်လာ သန်း (၃၀) ချေးယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်း ကာလမှာ ၂၀၁၄ ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ ဖြစ်ပါကြောင်း။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့အစည်းမှာ မြန်မာ့စီးပွားရေးဘဏ်ဖြစ်ပြီး ဂျပန်ယန်း ၅ဒသမဝ၃၃ ဘီလီယံ ချေးယူဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ ၂၀၁၅ - ၂၀၁၆ ခုနှစ်မှ ၂၀၁၇ - ၂၀၁၈ခုနှစ်အထိ ဖြစ်ပါကြောင်း၊ သဘာဝဘေး ပြန်လည်ထူထောင်ရေး စီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့အစည်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ ဖြစ်ပြီး ချေးငွေ ပေးအပ်သည့် အဖွဲ့အစည်းမှာ ကမ္ဘာ့ဘဏ် (IDA) ဖြစ်ပါကြောင်း၊ ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ဖြစ်ပြီး စီမံကိန်းကာလမှာ ၅နှစ် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် အကောင်အထည်ဖော်သည့် အဖွဲ့အစည်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနနှင့် မြန်မာနိ်ုင်ငံတော် ဗဟိုဘဏ်တို့ဖြစ်ပြီး ချေးငွေ SDR ၇၁ ဒသမ ၇သန်း နှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း(၁၀ဝ)နှင့် စီမံကိန်းကာလမှာ ၂၀၁၇ - ၂၀၁၈ခုနှစ်မှ ၂၀၂၀ - ၂၀၂၁ ခုနှစ်အထိ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့် (၂)ဆင့် ချေးငွေစီမံကိန်း အကောင်အထည်ဖော်သည့် အဖွဲ့အစည်းမှာ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ဖြစ်ပြီး ချေးငွေပမာဏမှာ ဂျပန်ယန်း ၁၅ ဒသမ ၁၃၅ ဘီလီယံနှင့် စီမံကိန်းကာလမှာ (၃)နှစ်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးမှု မူဝါဒချေးငွေအတွက် ချေးငွေရယူမည့် အဖွဲ့အစည်းမှာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဖြစ်ပြီး ချေးငွေ SDR ၁၄၇ ဒသမ ၈သန်း နှင့်ညီမျှသော အမေရိကန်ဒေါ်လာ သန်း(၂၀ဝ) ဖြစ်ပြီး စီမံကိန်းကာလမှာ ၁နှစ်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော် ရေပေးဝေမှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အဆင့်-၁ အကောင်အထည် ဖော် ရန်အတွက်ချေးငွေ ဂျပန်ယန်း ၂၃ ဒသမ ၆၈၃ ဘီလီယံ ဖြစ်ပြီး စီမံကိန်းကာလမှ ငါးနှစ်ဖြစ်ပါကြောင်း။
ရန်ကုန်မြို့တော် ရေပေးဝေမှုဖွံ့ဖြိုးရေးစီမံကိန်း အဆင့် - ၂၊ အပိုင်း (၁) စီမံကိန်း ချေးငွေ ပမာဏမှာ ဂျပန်ယန်း ၂၅ ဒသမ ဝ၀ဝ ဘီလီယံဖြစ်ပြီး စီမံကိန်းကာလမှာ ၇နှစ် ဖြစ်ပါ ကြောင်း၊ မန္တလေးမြို့ပြ ဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအတွက် ချေးငွေအမေရိကန်ဒေါ်လာ သန်း ၆၀ ဖြစ်ပြီး စီမံကိန်း ကာလမှာ ၇နှစ် ဖြစ်ပါကြောင်း၊ မန္တလေး မြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ချေးငွေယူရို သန်း ၄၀ ဖြစ်ပြီး စီမံကိန်းကာလမှာ ၇နှစ် ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ထို့အတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ ပြည်ပချေးငွေ ၇ခုဖြင့် လုပ်ငန်းများ ဆောင်ရွက်နေပါကြောင်း၊ ဂျပန်ယန်း ၄ ဒသမ ၆၁၃ ဘီလီယံဖြင့် သန်လျင်တံတား ချဉ်းကပ်လမ်းဆုံမှရေကြောင်း တက္ကသိုလ်ထိပ်ထိ ၈ဒသမ ၇ကီလိုမီတာ လေးလမ်းသွား ကတ္တရာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဂျပန်ယန်း ၁၀ ဒသမ ၇၁၈ဘီလီယံဖြင့် ငသိုင်းချောင်း - ဂွလမ်း၊ တောင်ငူ - လိပ်သို - ယာဒို - လွိုင်ကော်-ဟိုပုံးလမ်း၊ မန္တလေး - တကောင်း - ဗန်းမော် - မြစ်ကြီး နားလမ်း၊ ဂန့်ဂေါ - အိုက္ကားလမ်း၊ ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်းတို့တွင် လုပ်ငန်းများ ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူခဲ့ပြီး ၂၀၁၈ - ၂၀၁၉ဘဏ္ဍာရေးနှစ်မှ စတင်၍ လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်မည် ဖြစ်ပါကြောင်း။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ်ပို့ကုန်သွင်းကုန်ဘဏ်မှ ယွမ် ဘီလီယံ ၃၀ မှ ပထမအသုတ် ချေးငွေတွင် ပါဝင်သည့် အမေရိကန်ဒေါ်လာ ၃၇၃ ဒသမ ၁၇၁ သန်းဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရန် ပြည်ထောင်စု လွှတ်တော်တွင် အတည်ပြုခဲ့သော်လည်း ငွေချေးယူမှု ကိစ္စရပ်များ ညှိနှိုင်းရာတွင် ပြေလည်မှုမရှိပါသဖြင့် ချေးငွေစာချုပ်များ ချုပ်ဆိုဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း၊ Asian Development Bank (ADB) ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ဖြင့် မအူပင် - ကျိုက်လတ် - ဖျာပုံလမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းသည် ၉၂ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ADB ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဖြင့် အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ရေး စီမံကိန်းကို ဆောင်ရွက်လျက်ရှိရာ ၁၉ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ World Bank မှ အမေရိကန်ဒေါ်လာ ၁၀၅သန်းဖြင့် သံတွဲ - ဂွလမ်း အဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း။
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း ဆင်းရဲမှုလျော့ချရေးကို အထောက်အကူပြုမည့် အခြေခံ အဆောက်အအုံ တည်ဆောက်ရေးနှင့် ပြုပြင်ရေးလုပ်ငန်းများအတွက် ချေးငွေ ဂျပန်ယန်း ၁၇ ဘီလီယံ အောက်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် သက်ဆိုင်သော လမ်းတံတားလုပ်ငန်းများအတွက် ၉ ဒသမ ၅၄၃ ဘီလီယံဖြင့် မကျီးကန်-ငှက်အော်စန်းလမ်း၊ ကော့မှူး -ဝါးဘလောက်သောက် -သရက်တောလမ်း၊ ကြိမ်ပင်ဆည် -စက္ကော့ - ဓနုဖြူ -ဇလွန်လမ်း၊ တရနာ -ဘုရား ကုန်းလမ်း၊ သရက် -မင်းလှလမ်း၊ ဒိုက်ဦး - စစ်တောင်းလမ်း၊ မုံရွာ -အရာတော် - ရွှေဘိုလမ်း၊ မန္တလေး - မိုးကုတ်လမ်း၊ ရန်ကုန် - ကျောက်ဖြူလမ်း၊ တောင်ငူ - မော်ချီး - လွိုင်ကော်လမ်း၊ ဟန်မြင့်မိုရ် - မြို့ကြီး - ရွာငံ - အောင်ပန်းလမ်း၊ ကလေး - ဖလမ်း - ဟားခါးလမ်း၊ ဟားခါး - ဂန့်ဂေါလမ်း၊ သိုင်းငင်း - တီးတိန်လမ်း စုစုပေါင်း လမ်း ၁၄လမ်းနှင့် သမရိုးတံတား တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တံတားဦးစီးဌာနမှ ပြည်ပချေးငွေ ၃ ခုဖြင့် ဂျိုင်း (ကော့ကရိတ်)တံတား၊ ဂျိုင်း(ဇာသပြင်)တံတားနှင့် အတ္တရံတံတား အဆင့်မြှင့်တည်ဆောက်ခြင်း စီမံကိန်းကို ဂျပန်ယန်း ၃၃၈၆၉သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ် - ၃) တည်ဆောက်ရေးစီမံကိန်းအား ဂျပန်ယန်း ၃၁၀၅၁ သန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ)တည်ဆောက်ရေး စီမံကိန်းအား ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်းဖြင့် အကောင်အထည်ဖော် တည်ဆောက်သွားရန် ပြည်ထောင်စု လွှတ်တော်၏ ချေးငွေသဘောတူညီချက် စာချုပ်အား လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၄င်းစီမံကိန်းအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော်သမ္မတရုံး၊ စီးပွားရေးရာဌာနကြီးသို့ တင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့အား ပြန်လည်သုံးသပ်တင်ပြရန် ညွှန်ကြားချက်အရ ပြန်လည်ဆန်းစစ်လျက်ရှိပါကြောင်း။
ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၇၀ ဖြင့် တိုင်းဒေသကြီး ၅ ခုရှိ မြို့နယ် ၄၁ မြို့နယ်တွင် လမ်းပေါင်း ၃၅လမ်း၊ လမ်းအရှည် ၂၄၀ကီလိုမီတာနှင့် အရှည် ၄၅၀ မီတာရှိ တံတားပေါင်း ၂၉ စင်း ပြင်ဆင်မွမ်းမံခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်း တင်ပြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို မေ ၃၁ ရက်တွင် ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြင့်၊ အောင်ရဲသွင်