ဆွေဦးဝေ
ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံမှာတော့ ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ စက်မှုဇုန်တွေ အများဆုံး တည်ရှိနေတဲ့ မြို့ကြီးတစ်မြို့ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လူနေထိုင်မှုအများဆုံး မြို့ကြီးတစ်မြို့ဖြစ်တာမို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုလည်း အများဆုံးဖြစ်ပါတယ်။ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေထဲမှာ လျှပ်စစ်က အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေသလို လျှပ်စစ်သုံးစွဲမှုမီတာခ ကျသင့်ငွေပေးဆောင်ရာမှာလည်း မှန်ကန်တိကျ စိတ်ကျေနပ်ဖို့လည်း လိုအပ်နေပါတယ်။ ဒါကြောင့် ရန်ကုန်မြို့မှာ အဆင့်မြင့်မီတာစနစ် ( AMI) ကို စတင်အသုံးပြုနေပြီဖြစ်ပါတယ်။
“တစ်ချိန်တုန်းက မီတာဘေလ်ကို လက်ဖက်ရည်ဆိုင်ကနေ ဖြတ်ပေးနေတယ်။ နှစ်ကုန်တဲ့ အချိန်တွေကျတော့ ဘေလ်ကိုသွားဖတ်တဲ့အခြေအနေမှာ ရှေ့လတွေက မီတာခဆောင်ခဲ့တာတွေ များနေတော့ နောက်ဆုံးလမှာ ဘေလ်က နည်းနည်းလေးပဲ ကျနေတာမျိုးရှိတယ်။ တချို့ကျတော့လည်း နောက်ဆုံးလမှာ မီတာခအများကြီး ကျခံရတာ ပြန်တွေ့ခဲ့ကြရတယ်။ အခု AMI မီတာစနစ်ကို တပ်ဆင်လိုက်တဲ့အခြေအနေမှာ ဘယ်အိမ်က မီတာဘယ်လောက်သုံးနေတယ်။ ဘယ်ကြိုး လိုင်းတွေ ပျက်စီးနေတယ်။ အခက်အခဲဖြစ် နေတယ်။ ဒါတွေကို ချက်ချင်းသိနိုင်တယ်။ ဒါ့အပြင် သုံးစွဲသူတွေက တယ်လီဖုန်းနဲ့ မီတာကိုကြည့်နိုင်တဲ့ အခွင့်အလမ်းတွေရလာပြီး တယ်လီဖုန်းနဲ့ ဘေလ်ဆောင်တဲ့အဆင့်ကို တက်လှမ်းနိုင်မယ်ဆိုရင် AMI မီတာတပ်ဆင် ဖို့က အလွန်ကောင်းမွန်တဲ့ ဝန်ဆောင်မှု တစ်ခုဖြစ်ပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
ဗဟိုထိန်းချုပ်ရေးစနစ် ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါပုံ မြို့နယ်မှာ ၂၀၁၇ ခုနှစ် ဩဂုတ်လမှ စတင်ကာ လျှပ်စစ်နဲ့ ပတ်သက်ပြီး ဗဟိုထိန်းချုပ်ရေး စနစ်ကို ဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ Advanced Metering Infrastructure (AMI)စနစ်ကို တပ်ဆင်လိုက်တဲ့အချိန်မှာ ဒေါပုံ မြို့နယ်အတွင်း မီတာအလုံးရေ ၂၀၀၀၀ ခန့်ရှိတဲ့အထဲမှာ ဒစ်ဂျစ်တယ်မီတာ ၁၈၀၀၀ ခန့် လဲပြီးသွားပြီဖြစ်ပါတယ်။ မီတာအလုံးရေ ၂၀၀၀ ခန့်လောက်ပဲ ထပ်ထပ်ပြီးတော့ AMI ရဲ့ အခြေခံအစိတ်အပိုင်းတွေ ထပ်ထည့်ပြီး AMI စနစ်ကို အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်ပါတယ်။
“ဒီစနစ်ကို ဆောင်ရွက်တာဟာ ပြည်သူ တွေအနေနဲ့ မီတာခ ပေးချေရာမှာ မှန်မှန် ကန်ကန်နဲ့ ကျသင့်မှုကို ပေးချေလိုသလို၊ မီတာခကောက်ခံတဲ့ အဖွဲ့အစည်းမှာလည်း လွယ်ကူအဆင်ပြေတဲ့အပြင် လျှပ်စစ်မီး သုံးစွဲသူတွေ မီတာခပေးချေရာမှာလည်း တိတိကျကျဖြစ်စေဖို့ AMI စနစ်ကို စတင် အသုံးပြုခြင်းဖြစ်ပါတယ်”လို့ ဒေါပုံမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ပြောပါတယ်။
ဓာတ်အားဆုံးရှုံးမှုနည်းပါး
ဒီစနစ်ကို အသုံးပြုမှုကြောင့် ရန်ကုန်မြို့နေ လျှပ်စစ်သုံးစွဲသူ ပြည်သူများအတွက် အကျိုးကျေးဇူးရှိသလို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးမှာလည်း ဓာတ်အားလျော့နည်းဆုံးရှုံးမှုများ နည်းပါးသွားစေမှာ ဖြစ်ပါတယ်။ မိမိသုံးစွဲသလောက် မီတာခမှန်ကန်တိကျစွာ ပေးချေရမှာဖြစ်သလို မီတာခပေးချေရာ မှာလည်း အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ “အရင် Analog မီတာတွေတုန်းက မီတာဖတ်တယ်။ ဖတ်ပြီးရင် မီတာစာရေးက မီတာဘေလ်ကို မီတာကတ်ထဲကူးတယ်။ မီတာကတ်ထဲမှာ ကူးပြီးတော့ ရုံးရောက်မှ လယ်ဂျာစာရေးကို ပေးတယ်။ လယ်ဂျာစာရေး က အဲဒါကို ပြန်ကူးရတယ်။ ကူးပြီးတော့မှ လချုပ် အဆင့်တွေ၊ ဘေလ်တွေတွက်ပြီးတော့မှ ဆောင်ရွက်ရတဲ့အတွက်ကြားထဲမှာ လူကြောင့် အမှားအယွင်းတွေ ဖြစ်ပါတယ်။
အရင်က ဓာတ်အားဆုံးရှုံးမှုက များတယ်။ ၁၀ ရာခိုင်နှုန်း အထက်မှာပဲရှိတယ်။ အခုစနစ်က အဲဒီဓာတ်အားဆုံးရှုံးမှု အများကြီး လျော့နည်းသွားတယ်။ နောက်တစ်ခု အားသာချက်က ဒီစနစ်ကို ဆောင်ရွက်တဲ့အတွက် လျှပ်စစ်သုံးစွဲသူတွေဟာ ကိုယ့်ရဲ့ စမတ်ဖုန်းကနေတစ်ဆင့် ကိုယ်သုံးစွဲနေတဲ့ ဓာတ်အား ယူနစ်ကို ဖတ်လို့ရပါတယ်” လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဥက္ကဋ္ဌ ဦးမောင်မောင်လတ် က ပြောပါတယ်။
မီတာလွယ်ကူစွာ မှတ်သားနိုင်
ဒီစနစ်ကို အသုံးပြုဖို့အတွက် မီတာတွေကို တပ်ဆင်တဲ့နေရာ ရွေးချယ်ရေးအမျိုးမျိုး စဉ်းစားခဲ့ကြပါတယ်။ မီတာဖတ်တဲ့အချိန်မှာ လွယ်ကူရှင်းလင်းမှန်ကန်စွာ မှတ်သားနိုင်ဖို့လည်း လိုအပ်တာကြောင့် ဖြစ်ပါတယ်။ မီတာအကောက်ခံဖို့အတွက် မီတာယူနစ် ဘယ်လောက် အသုံးပြုထားသလဲဆိုတာ မြန်ဆန်မှန်ကန်စွာ သိရှိဖို့လိုအပ်ပါတယ်။
“ဒီစနစ်နဲ့ မီတာတွေကို မီတာတိုင်တွေ ပေါ်မှာ တပ်ဆင်တဲ့စနစ်ကို စပြီးစဉ်းစား ဆောင်ရွက်ခဲ့ပါတယ်။ တိုင်ပေါ်မှာ တပ်ထား ရင် လူနဲ့တက်ပြီး မီတာယူနစ်ဖတ်ရှုဖို့ အဆင် မပြေပါဘူး။ အဲဒါနဲ့ Remote Control စနစ် ဖြစ်တဲ့ Han House Unit (HHU) ကို အသုံးပြု ခဲ့ပါတယ်။ HHU ကို သုံးစွဲတဲ့အချိန်မှာ AMI စနစ်နဲ့ အသုံးပြုဖို့ တစ်ခါတည်း ထည့်သွင်းထား ပြီဖြစ်ပါတယ်။ ဒါကြောင့် AMI ကို ပြောင်းလဲ ပြီးတော့ Consandata Unit သုံးစွဲတဲ့အခါ တိုင်တွေပေါ်တပ်ထားတဲ့ မီတာတွေ နေရာ ပြောင်းလဲစရာမလိုဘဲ AMI ကို လွယ်ကူစွာနဲ့ ပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း ဒါရိုက်တာအဖွဲ့ဝင် ဦးရန်လင်းက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ်မှာ လျှပ်စစ်မီတာအသုံးပြုမှုနဲ့ပတ်သက်ပြီး AMI စနစ် တပ်ဆင်အသုံးပြုနေပြီ ဖြစ်တာကြောင့် အဲဒီမြို့နယ်အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့ အသုံးပြုမှု အဆင်ပြေတယ်လို့ ဆိုပါတယ်။ ဒီလိုသုံးစွဲမှုနဲ့ ပတ်သက်ပြီး “ပြည်သူတွေကလည်း ဒီစနစ်ကို ဘာလို့ ကြိုက်သလဲဆိုရင် မီးသုံးစွဲတဲ့စနစ်က ကျသင့် ငွေမှန်မှန်ကန်ကန်ဖြစ်တယ်။ သူတို့အရင်လို လည်း စိုးရိမ်ကြောင့်ကြမှု မရှိတော့ဘူး။
မြန်မာတစ်နိုင်ငံလုံးမှာ AMI စနစ်နဲ့ ပထမဆုံး အသုံးပြုတဲ့ မြို့နယ်ဖြစ်တဲ့အတွက် ဂုဏ်ယူပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်က ပြောပါတယ်။
ဓာတ်အားပျောက်ဆုံးမှု လျော့နည်း
ဒေါပုံမြို့နယ်မှာ AMI စနစ်နဲ့ လျှပ်စစ်ဓာတ်အားသုံးစွဲမှုကြောင့် ဓာတ်အားလေလွင့် ပျောက်ဆုံးမှုတွေ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ဒီလိုဓာတ်အားပျောက်ဆုံးမှုတွေ လျော့နည်းသွားလို့ နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိတယ်လို့လည်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “၂၀၁၇ ခုနှစ် ဩဂုတ်လက စတင်ပြီး ဗဟိုထိန်းချုပ်ရေးစနစ်ကို ဆောင်ရွက်ပေးခဲ့ပါတယ်။ အခုဆိုရင် နှစ်နှစ် ကျော်ရှိနေပြီ။ အဲဒီနှစ်နှစ်ကျော်ကာလအတွင်းမှာ စုစုပေါင်း ဓာတ်အားယူနစ်ပျောက်ဆုံးမှုက ၅ ရာခိုင်နှုန်းပဲ ရှိတော့တယ်။ ၅ ရာခိုင်နှုန်း ဓာတ်အားယူနစ် ပျောက်ဆုံးမှုဆိုတော့ ကျွန်တော်တို့အနေနဲ့ ၁၀ ရာခိုင်နှုန်းလောက် နိုင်ငံတော်အတွက် အကျိုးကျေးဇူးအများကြီး ရှိတယ်။ ဒါက ဓာတ်အားပျောက်ဆုံးမှု လျော့နည်းသွားတာရယ်၊ ပျောက်ဆုံးယူနစ်က ပြန်ရတဲ့ဝင်ငွေတွေအတွက်ပေါ့” ဟု ဒေါပုံ မြို့နယ်မှာ မီတာတပ်ဆင်တဲ့ Ever meter Co., Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးအောင်က ပြောပါတယ်။
ဒေါပုံမြို့နယ်မှာ AMI စနစ်ကို ကြိုက်နှစ်သက်လို့ ပြည်သူတွေကတော့ အဆင်ပြေမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ အရင်က လျှပ်စစ်မီတာခနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်ဖြစ်မှုတွေ၊ သံသယ ရှိမှုတွေ၊ အမှားအယွင်းရှိမှုတွေ မရှိနိုင်တော့ တာမို့ ဖြစ်ပါတယ်။ “AMI စနစ်တပ်လိုက်တဲ့ အချိန်မှာ ကျွန်မတို့ မီတာကို လိုသလို လျှော့ပြီးသုံးလို့ရမယ်၊ ဓာတ်အားခငွေကို ချိန်ဆပြီး သုံးလို့ရမယ်၊ များနေရင် လျှပ်စစ်မီး အသုံးပြုမှုတွေ ပိတ်သင့်တာပိတ်၊ လျှော့သင့် တာလျှော့လို့ရမယ်။ ဒါကြောင့် AMI စနစ်က အများကြီး အဆင်ပြေပါတယ်”လို့ ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်မှာနေတဲ့ ဒေါ်အိသဇင် ထွန်းက ပြောပါတယ်။
မီတာခ ဖုန်းကနေ ကြည့်နိုင်
ဒါ့အပြင် ဒေါပုံမြို့နယ်အတွင်း AMI စနစ်နဲ့ အသုံးပြုမှုကြောင့် ကိုယ့်အိမ်သုံး မီတာခကို ကိုယ့်လက်ကိုင်ဖုန်းထဲမှာ ကြည့်လို့ရတာကြောင့် အချိန်မရွေးထုတ်ကြည့်ပီး ငွေကိုချိန်လို့ရတယ်။ မီတာဘေလ်ကိုလည်း တန်းစီပြီး ဆောင်ရတာမျိုး မရှိတော့ဘူး။ မီတာခကျသင့်မှုကို ပေးဆောင်လိုက်ရုံပဲ။ မီတာခကျသင့်ငွေ ပေးဆောင်ပြီးတာနဲ့ ကောက်ခံတဲ့သူ ပြန်သွားတာပဲ။ အဲဒီအတွက် အဆင်ပြေပါတယ်” လို့ ဒေါပုံမြို့နယ် သီတာနွယ်လမ်းမှာနေတဲ့ ဒေါ်သန္တာစိုးက ပြောပါတယ်။ “ဘယ်သွားသွား ကိုယ့်အိမ်ကို ဒီနေ့မီတာလာမှာလားလို့ မေးစရာမလိုအောင် ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က တိုင်ပေါ်က ဖတ်သွားတယ်။ ကျွန်မ တို့အတွက် အလုပ်မရှုပ်တော့ဘူ။ အဲဒီအတွက် ကောင်းပါတယ်”လို့ ၎င်းက ဆက်ပြောပါတယ်။
ဒီလို AMI စနစ်ဟာ ဒေါပုံမြို့နယ်က ပြည်သူတွေအတွက်ရော နိုင်ငံတော်အတွက်ပါ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်တာမို့ ရန်ကုန်မြို့ရဲ့ အခြားမြို့နယ်တွေမှာပါ အသုံးပြု နိုင်အောင် ဆက်လက်ကြိုးစားသွားမယ့် အကြောင်းလည်း သိရပါတယ်။ “ဒါကြောင့်မို့ AMIစနစ်ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ရန်ကုန် မြို့ရဲ့ လျှပ်စစ်ဝန်ဆောင်မှုအတွက် ကောင်းမွန် တဲ့ ဝန်ဆောင်မှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့နိုင်ငံမှာ လာရောက်ရင်းနှီး မြှုပ်နှံမယ့် ရင်းနှီးမြှုပ်နှံသူတွေအတွက်လည်း လျှပ်စစ်မီးကို ကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခု ပေးနိုင်ခြင်းဟာ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်မှု တိုးတက်ဖို့အတွက် အခွင့် အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီစနစ်ကို ရန်ကုန်မှာ အကောင်းဆုံးအဖြစ် သုံးနိုင်ဖို့အတွက် ဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်” လို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
လျှပ်စစ်အသုံးပြုမှု ဝန်ဆောင်မှုပေး
နည်းပညာသစ်တွေ တိုးတက်ပြောင်းလဲမှု နှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လျှပ်စစ်အသုံးပြုမှုတွေ ပိုမိုတိုးတက်ကောင်းမွန် အောင် ဝန်ဆောင်မှုတွေပေးနေတဲ့နေရာမှာ အခုဒေါပုံမြို့နယ်မှာ အသုံးပြုနေတဲ့ AMI စနစ် ကလည်း အထောက်အကူပြု ဖြည့်ဆည်း ပေးနေတာတော့ မြို့နယ်နေပြည်သူတွေရဲ့ စကားသံတွေက ဖော်ပြနေတာတော့ အမှန်ပါပဲ။ ။
မြန်မာ့အလင်း