ပဲခူး  ၉  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်နှင့် ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသို့ ၂၀၁၈ ခုနှစ် တစ်နှစ်တာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ် တစ်နှစ်တာ ကာလဝင်ရောက်မှုထက် လျော့နည်းခဲ့ကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ  သိရသည်။

 

၂၀၁၈ ခုနှစ် တစ်နှစ်တာကာလအတွင်း မိုးယွန်းကြီးအင်းသို့ ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၄၇၄ ဦးရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု ၆၆၈ ဦးအထိ ရှိခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်တာကာလအတွင်း ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု လျော့နည်းခဲ့သော်လည်း ပြည်တွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂၀၁၇ ခုနှစ်က ၇၃၇၇၇ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ၈၈၁၂၅ ဦးရှိခဲ့ခြင်းကြောင့် ဝင်ရောက်မှု ပိုမိုများပြားခဲ့သည်။

 

အဆိုပါ မိုးယွန်းကြီးအင်းသည် ဧရိယာစတုရန်းမိုင် ၄၀ (ဧက ၂၅၆၀ဝ) ကျယ်ဝန်း၍ ၁၉၈၈ ခုနှစ် ဧပြီ ၂၂ ရက်တွင် မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် စတင်သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

 

မိုးယွန်းကြီးအင်းအတွင်းသို့ နှစ်စဉ် နိုဝင်ဘာလဆန်းပိုင်းမှ စတင်ကာ ဆောင်းခိုငှက်များ ဝင်ရောက်လျက်ရှိကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆောင်းခိုငှက် ၃၆ မျိုး၊ ဌာနေငှက် ၇၀ မျိုး စုစုပေါင်း ငှက်မျိုးစိတ် ၁၀၆ မှ ငှက်ကောင်ရေ ၁၀၇၃၆ ကောင် ကျက်စားလျက်ရှိကြောင်း မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ တောအုပ်ကြီး ဦးစိုင်းဝဏ္ဏကြည်က ပြောသည်။

 

သတင်းနှင့်ဓာတ်ပုံ-ပိန်းဇလုပ်သိန်းညွန့်