စစ်တွေ ၉ ဇန်နဝါရီ
ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော ခမီစာပေသင်ကြားရေး ဆရာဖြစ် သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီတွင် စစ်တွေမြို့ ခေမာမဏ္ဍိုင် ပရဟိတ ဘုန်းတော်ကြီးသင်ကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ခမီတိုင်းရင်းသားစာပေ ဦးဆောင်ပြုစုသူ၊ စစ်တွေမြို့ ခေမာမဏ္ဍိုင် ပရဟိတ ဘုန်းတော်ကြီးသင် ကျောင်းတိုက်ဆရာတော်၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ဝိသုဒ္ဒက ခမီစာပေ ဖြစ်ပေါ်လာပုံနှင့် ဘာသာစကား အဆင့်ဆင့် ပြောင်းလဲလာပုံတို့ကို အဖွင့်သြဝါဒ မိန့်ကြားသည်။

ထို့နောက် ပြည်နယ် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းက တိုင်းရင်းသားစာပေ သင်ကြားရေးအတွက် နေ့စားလပေး ဝန်ထမ်းများ ခန့်ထားရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ ဦးမောင်ဘသိန်းက တိုင်းရင်းသား မျိုးနွယ်စုများ၏ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ရိုးရာများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရေး ရှင်းလင်းဆွေးနွေးခဲ့သည်။
အခမ်းအနားတွင် သင်တန်းတွင် ထူးချွန်ဆုရရှိကြသူများကို ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး သင်တန်းဆရာ၊ ဆရာမများက သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့မှ ခမီတိုင်းရင်းသား၊ တိုင်းရင်းသူ ၁၁၄ ဦး တက်ရောက်ခဲ့ကြပြီး ခမီတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဆရာ၊ ဆရာမများက ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၉ ရက်ထိ သင်ကြားပေးခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
