နေပြည်တော် ၉ ဇန်နဝါရီ
ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင် ကျေးရွာမှ လွိုင်ကော်မြို့ လောပိတကျေးရွာသွား ကုန်ထုတ်ကျောက်ချောလမ်း လယ်ကွင်းအနီးတွင် ယမန်နေ့က ရဲတပ်ဖွဲ့ဝင် နှစ်ဦး အသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ သေဆုံးသူရဲတပ်ဖွဲ့ဝင်နှစ်ဦးမှာ လွိုင်ကော်မြို့နယ် အဝေးပြေးကားဂိတ် တာဝန်ကျ လွိုင်ကော်ခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ဖြိုးဝေနှင့် လွိုင်ကော်ခရိုင် ရဲတပ်ဖွဲ့ မှုခင်းအကူဌာနမှ ရဲအုပ်ဇော်မင်းဦးတို့ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ရဲအုပ်ကျော်ဖြိုးဝေတွင် နောက်ကျောဘက် သေနတ်ဒဏ်ရာ နှစ်ချက်၊ ဦးခေါင်းတွင် သေနတ်ဒဏ်ရာတစ်ချက်နှင့် ရဲအုပ်ဇော်မင်းဦးတွင် ဦးခေါင်းသေနတ် ဒဏ်ရာတစ်ချက် စစ်ဆေးတွေ့ရှိရသည့်အပြင် လယ်ကွင်းအတွင်း၌ YGN 6E/ ----- ယာဉ်နှင့် ၉ မမကျည်ခွံတစ်ခုတို့ကိုလည်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကိုစိုင်း(လွိုင်ကော်)