သာစည်  ၁၀  ဇန်နဝါရီ 

 

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ယင်းမာပင်ကျေးရွာအနီး မိတ္ထီလာ-တောင်ကြီးသွားကားလမ်း မိုင်တိုင်အမှတ် (၃၈/၃)နှင့်(၃၈/၄) ကြားတွင် ဇန်နဝါရီ  ၉ ရက် ညနေ ၄ နာရီ မိနစ်၂၀ က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည်။

 

မူးယစ်ဆေးဝါးသတင်းအရ မူးယစ်တပ်ဖွဲ့စု (၁၈) မန္တလေးတောင်ပိုင်းမှ ရဲအုပ် ဗိုလ်ရဲနှင့်တပ်ဖွဲ့ဝင်များ သာစည်မြို့မရဲစခန်းမှ ရဲအုပ်ရွှေနုနှင့်တပ်ဖွဲ့ဝင်များ သက်သေများနှင့်အတူ မော်တော်ယာဉ်များအား ရပ်တန့်ရှာဖွေစစ်ဆေးနေစဉ် တောင်ကြီးဘက်မှ မိတ္ထီလာဘက်သို့ အောင်ခင်ဆင့် မောင်းနှင်လာသော ခရီးသည်တင်ယာဉ်ပေါ်မှ ဘိုရွှေထံမှ ဘိန်းစိမ်းဟုယူဆရသည့် အမဲရောင်အစေး အလေးချိန် (၆၂၅) ဂရမ်ကို သိမ်းဆည်းရမိခဲ့သဖြင့် ယင်းမာပင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားသည်။

 

အလားတူ ယင်းနေ့ ညနေ  ၄ နာရီခွဲက ၎င်းကားပေါ်မှ ထပ်မံ၍ စိုးဝင်း(ခ)ကိုမဲထံမှလည်း ဘိန်းစိမ်းဟုယူဆရသည့် အမဲရောင်အစေး အလေးချိန် (၅၀ဝ)ဂရမ်ပါ (၁)ထုပ် ၊ အညိုရောင်အမဲအစေး(၆၅၀)ဂရမ်ခန့်ပါ(၁)ထုပ်အား ရှာဖွေတွေ့ရှိ၍ စစ်မေးရာ အဆိုပါ မူးယစ်ဆေးဝါးများအား ဇန်နဝါရီ ၈ ရက် ညနေပိုင်းက  ရှမ်းပြည်နယ် တီကျစ်မြို့နယ်ရှိ အမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများ တရားမဝင်သယ်ဆောင်လာသူ စိုးဝင်း(ခ)ကိုမဲအား ယင်းမာပင်နယ်မြေရဲစခန်းက အမှုဖွင့်ထားကြောင်း သိရသည်။

 

ထီလာ ကိုငယ်လေး