နေပြည်တော် ၃ မတ်

 

ကမ္ဘာ့လူဦးရေသည် ပစ္စုပ္ပန်ကာလ၌ ၇ ဒသမ ၆ ဘီလီယံရှိရာမှ ၂၀၅၀ ပြည့်နှစ်၌ ၉ ဒသမ ၈ ဘီလီယံထိ ရှိလာမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေသည်လည်း ပစ္စုပ္ပန်ကာလ၌ ၅၃ ဒသမ ၈၆ သန်းရှိရာမှ ၂၀၅၀ ပြည့်နှစ်၌ ၆၃ ဒသမ ၅၇ သန်းရှိလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး၌ ဘေးကင်းလုံခြုံ အာဟာရပြည့်ဝသော သားငါး၊ တိရစ္ဆာန်ထွက် အစားအစာတို့ လုံလုံလောက်လောက် ရရှိရေးသည် လူသားတို့၏ အသက်ရှင်ရပ်တည်ရေးအတွက် အခြေခံ လိုအပ်ချက် တစ်ရပ်ဖြစ်လာပါသည်။ ဘေးကင်းလုံခြုံ အာဟာရပြည့်ဝသည့် သားငါးနှင့် တိရစ္ဆာန်ထွက် အစားအစာတို့ရရှိနိုင်ရန် စနစ်တကျ သုတေသနပြုလုပ် စီမံထုတ်လုပ်ထားသည့် တိရစ္ဆာန်အစားအစာနှင့် အာဟာရတို့ လိုအပ်ပါသည်။

 

တိရစ္ဆာန်အစားအစာနှင့် အာဟာရတို့ ထုတ်လုပ်ရာ၌ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီးဖြစ်သော ထရောင်းနျူထရေးရှင်း (Trouw Nutrition) သည် မြန်မာနိုင်ငံ၌ ၎င်း၏ပထမဦးဆုံးသော စက်ရုံကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ထရောင်းနျူထရေးရှင်း စက်ရုံကို ရန်ကုန်မြို့ သီလဝါ အထူးစီးပွားရေးဇုန်အေ၌ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။ ဤစက်ရုံမှ တစ်နှစ်လျှင် တိရစ္ဆာန်အစားအစာ တန်ချိန် ၅၀ဝဝ နှင့် တိရစ္ဆာန်အာဟာရအပါအဝင် ဖြည့်စွက်အစားအစာ တန်ချိန် ၂၀ဝဝ ထုတ်လုပ်သွားမည် ဖြစ်ပါသည်။ ဤစက်ရုံအတွက် ထရောင်းနျူထရေးရှင်း ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ သန်း ရင်းနှီးမြှုပ်နှံခဲ့သည်ဟု သိရှိရပြီး ဤစက်ရုံမှာ ထရောင်းနျူထရေးရှင်း ကုမ္ပဏီက အာရှဒေသတွင် ဆဋ္ဌမမြောက် စက်ရုံအဖြစ် တည်ဆောက်ခဲ့သော စက်ရုံဖြစ်ပါသည်။ ဓာတ်ခွဲခန်းတစ်ခုကိုလည်း ဤစက်ရုံနှင့်အတူ ပူးတွဲတည်ဆောက် ဖွင့်လှစ်ထားသည်ဖြစ်၍ မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍအတွက် သတင်းကောင်းတစ်ရပ်ဖြစ်ပါသည်။

 

ထရောင်းနျူထရေးရှင်းကို နယ်သာလန်နိုင်ငံ၌ ၁၉၃၁ ခုနှစ်တွင် မိသားစု စီးပွားရေးလုပ်ငန်းအဖြစ် စတင်ထူထောင်ခဲ့ပါသည်။ ထရောင်း နျူထရေးရှင်းသည် ဝန်ထမ်းတို့၏ အရည်အသွေး မြှင့်တင်ရေးနှင့် သုတေသန စဉ်ဆက်မပြတ် ပြုလုပ်ခြင်းတို့ကို ကုမ္ပဏီ၏ အဓိကဒေါက်တိုင် နှစ်ရပ်အဖြစ် စွဲစွဲမြဲမြဲ ခံယူကျင့်သုံး ဆောင်ရွက်ခဲ့ပါသည်။ ယခုအခါ ထရောင်းနျူထရေးရှင်းကို ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံ၌ ဖွင့်လှစ်ထားရှိပြီး တစ်ကမ္ဘာလုံး အတိုင်းအတာအရ ဝန်ထမ်းပေါင်း ၅၀ဝဝ ခန့် ရှိပါသည်။

 

ထရောင်းနျူထရေးရှင်းသည် ကမ္ဘာ့မွေးမြူရေးကဏ္ဍ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် ကျွမ်းကျင်သူပညာရှင် ၂၅၀ ခန့်ဖြင့် စဉ်ဆက်မပြတ် သုတေသန ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ မကြာသေးမီက ထွက်ပေါ်ခဲ့သော သတင်းတို့အပေါ် အခြေခံသုံးသပ် ကြည့်လျှင်ပင် ထရောင်းနျူထရေးရှင်း ကုမ္ပဏီ မြန်မာ့ဈေးကွက်သို့ ဝင်ရောက်ခဲ့ခြင်း၏ အရေးပါပုံကို ခန့်မှန်းနိုင်မည်ဖြစ်ပါသည်။ မကြာသေးမီ ကာလက အိမ်နီးချင်းနိုင်ငံမှ ဝက်တို့ကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်း ခဲ့သည့်သတင်းတို့ ထွက်ပေါ်ခဲ့ပါသည်။ ဤကဲ့သို့ မြန်မာနိုင်ငံထဲသို့ ဝက်တို့ကို တင်သွင်းခဲ့ရခြင်းမှာ မြန်မာ့ဝက်မွေးမြူရေးလုပ်ငန်းတို့၏ ထုတ်လုပ်မှုစွမ်းရည် နိမ့်ကျမှုကြောင့် ဖြစ်ပါသည်။ မြန်မာ့ဝက်မွေးမြူရေးလုပ်ငန်း တို့၏ ထုတ်လုပ်မှုစွမ်းရည် နိမ့်ကျခြင်း၌ ဝက်မွေးမြူရေးဆိုင်ရာ အစားအစာနှင့် အာဟာရတို့ အဆင့်နိမ့်ကျခြင်းအပါအဝင် နည်းပညာဆိုင်ရာ အသိအမြင် နည်းပါးမှုကြောင့် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ထရောင်းနျူထရေးရှင်းကုမ္ပဏီ၏ မြန်မာ့ဈေးကွက်သို့ ဝင်ရောက်လာခြင်းကို ကြိုဆို ဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း