၃ မတ်

 

(၇)ကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းစည်းဝေးပွဲကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပခဲ့ရာ ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ရရှိနိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပွင့်လင်းမြင်သာစွာ ပြောကြားခဲ့သည်။

 

ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်ယောက်တည်း၊ တစ်ဖွဲ့တည်း သွားချင်သည့်လမ်း သွားနေဖို့ဆိုသည်မှာ မဖြစ်ကြောင်း၊ စုဖွဲ့ပြီး အားလုံးပူးပေါင်းပြီးမှ ငြိမ်းချမ်းရေးကို ရနိုင်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး ရရှိဖို့အတွက် အရေးကြီးသည်မှာ ယုံကြည်မှုပင်ဖြစ်ကြောင်း၊ ယုံကြည်မှုဆိုသည်မှာ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုထက် ပို၍အရေးကြီးသည်မှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆိုလိုရင်းမှာ မိမိကိုယ်ကိုယ် မယုံကြည်၊ မိမိအဖွဲ့ကို မယုံကြည်ဘဲနှင့် ငြိမ်းချမ်းရေးရအောင် စွမ်းဆောင်နိုင်လိမ့်မည် မဟုတ်ခြင်းပင်ဖြစ်သည်။

 

နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို အမှန်တကယ် လိုလားမှု၊ ဦးတည်မှု အခြေအနေအား ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ဆွေးနွေးမှသာ အဖြေသိနိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းရေး ညီလာခံဆွေးနွေးပွဲများတွင် အလုံးစုံပါဝင်မှသာ ခရီးရောက်နိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းရေး အစည်းအဝေးများတွင် ပါဝင်ဆွေးနွေးမှသာ တစ်ယောက်နှင့် တစ်ယောက် နားလည်လာနိုင်မည့် ရလဒ်များ ရရှိလာနိုင်မည် ဖြစ်သည်။ တစ်ယောက်နှင့် တစ်ယောက် ပိုမို၍ နားလည်လာနိုင်မှ အတူလက်တွဲ၍ မျှော်မှန်းထားသည့် နိုင်ငံတော်ကြီးကို ထူထောင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မကြာခဏ ပြောကြားထားသည်။

 

ငြိမ်းချမ်းရေးကို လိုလားတောင့်တ ရယူလိုမှုနှင့် ပတ်သက်၍ အားလုံးအနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ် အိပ်မက်သည်ဆိုလျှင် ငြိမ်းချမ်းရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့် “ အစွမ်း ” ရှိဖို့လိုသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သည့် အစွမ်းဆိုသည်မှာ စေတနာ၊ ပညာ၊သတ္တိ သုံးမျိုးရှိသည့် စွမ်းနိုင်မှုဖြစ်သည်။ ဆက်လက်၍ ကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် နည်းလမ်းများကို အတူရှာကြဖို့၊ ကျော်လွှားရာတွင် တစ်ဦးပင်ပန်းနေလျှင် ဝိုင်းဝန်းကူညီပေးဖို့၊ လက်တွဲပေးဖို့၊ တစ်ယောက်နှင့် တစ်ယောက် မတွန်းဖို့၊ လက်တွဲခေါ်ဖို့ဟူသော စိတ်ဓာတ်များဖြင့် ခရီးဆက်ရန်တို့ကို တိုက်တွန်းထားသည်။

 

ငြိမ်းချမ်းရေးကို ဖော်ဆောင်နေကြသော သူများသည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားနေကြသူများ ဖြစ်သည်။ ငြိမ်းချမ်းရေးကို စိတ်ရောကိုယ်ပါဖြင့် ကိုယ်စီကိုယ်စီ ယုံကြည်လက်ခံ ဆောင်ရွက်ခဲ့ကြသဖြင့် ယနေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အထိ ငြိမ်းချမ်းရေးခရီးစဉ်တွင် အတူလက်တွဲ ပါဝင်လာပြီဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန် မှာကြားထားသည့် စေတနာ၊ ပညာ၊ သတ္တိ သုံးမျိုးအစွမ်းဖြင့် လုပ်သင့်လုပ်ထိုက်သည့် အချိန်တွင် လုပ်သင့် လုပ်ထိုက်သည်များကို နားလည်မှုရှိရှိဖြင့် အတူလက်တွဲ ဆောင်ရွက်သွားကြမည်ဆိုလျှင် ပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီး မလွဲမသွေ ဖြစ်ပေါ်လာမည် ဖြစ်သည်။

 

စစ်မှန်သည့် ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူလိုရာတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံးနှင့် နိုင်ငံရေးပါတီ အားလုံးတို့က နိုင်ငံတကာ၏ ဖြစ်ပေါ်နေမှု အခြေအနေ၊ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသည့် အနေအထားနှင့် တိုင်းရင်းသား ပြည်သူအားလုံးတို့၏ သဘောထားဆန္ဒ အမှန်အပေါ်တွင် ရောင်ပြန်ဟပ်စေမည့် စစ်မှန်သည့် ငြိမ်းချမ်းသာယာသော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် အရေးကြီးသည်။

 

သို့ဖြစ်ရာ တိုင်းရင်းသား ပြည်သူအားလုံး၏ အနာဂတ်အရေးကို မြော်တွေးကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ပါဝင်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်အကောင်အထည်ဖော်ကြသူများ အနေဖြင့် အစွမ်း သုံးမျိုးထားရှိကာ စိတ်ရှည်သည်းခံ သဘောထားမှန်ဖြင့် ဆက်လက် အကောင်အထည်ဖော် နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။   ။


(ကြေးမုံ)