နေပြည်တော် ၅ မတ်

မျက်မှောက်ကာလတွင် အမျိုးသမီးတို့၏ဘဝ ဖျက်ဆီးနင်းချေခံရသော ဖြစ်ရပ်များကို စိတ်မချမ်းမြေ့ဖွယ် ကြားသိနေရသည်။ ထိုဖြစ်စဉ်များကြောင့် ရပ်ရွာနေ ပြည်သူများ မခံချိမခံသာ ဒေါသဖြစ်ကြရသည်။ ယင်းမှာ သက်ငယ်မုဒိမ်းမှု ဖြစ်သည်။ ပြစ်မှုကျူးလွန်သူများကို အမြင့်ဆုံးပြစ်ဒဏ်သေဒဏ်အထိ အပြစ်ပေးရေး တိုက်တွန်းနှိုးဆော်ကြသည်။ ကျူးလွန်ခံရသူ မိန်းကလေးငယ်တို့အတွက် စိတ်မကောင်း ဖြစ်ရသည်။ ဒေါသဖြစ်ကြသူများကိုလည်း နားလည်မိသည်။

 

အမျိုးသမီးများဘဝ ဖျက်ဆီးခံရမှုများမှာ အစဉ်အဆက်ဆိုသလို အနည်းနှင့်အများ ရှိခဲ့သည်။ သို့သော် တိုးတက်ပြောင်းလဲလာသောကာလတွင် ပိုများလာသည်ဟု ဆိုနိုင်သည်။ နိုင်ငံတစ်ဝန်းတွင် ၂၀၁၆ ခုနှစ်က မုဒိမ်းမှု ၆၇၁ မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ၈၉၇ မှု ဖြစ်ပွားခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် တိုး၍ ဖြစ်လာသည်။ ဖြစ်ပွားသည့် ဒေသများတွင် ဧရာဝတီတိုင်းဒေသကြီးတွင် ၂၄၃ မှု၊ မန္တလေးတိုင်းဒေသကြီးတွင် ၁၇၄ မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် အမှု ၁၄၀၊ ပဲခူးတိုင်းဒေသကြီးတွင် ၁၂၉ မှုနှင့် ရန်ကုန်တိုင်းဒေသကြီးတွင် အမှု ၂၇၀ ဖြစ်ပွားခဲ့သည်။ အများဆုံးဖြစ်ပွားသည့် ရန်ကုန်တိုင်းဒေသကြီးတွင် သက်ငယ်မုဒိမ်းမှု ၁၉၂ မှု၊ သက်ကြီးမုဒိမ်းမှု ၇၈ မှု ဖြစ်ပွားခဲ့သည်။

 

မုဒိမ်းမှုများတွင် သက်ငယ်မုဒိမ်းမှုမှာ ပိုမိုဖြစ်ပွားပြီး ဖြစ်ပွားရသော အကြောင်းအရင်းများတွင် ရာဂဘီလူးတို့က လက်တည့်စမ်းခြင်း၊ အရက်နှင့် မူးယစ်ဆေးဝါးအသုံးပြုရာမှ ကျူးလွန်ခြင်း၊ သက်ငယ်အမျိုးသမီးများ၏ ပင်ကိုအားနည်းမှုကို အခွင့်ကောင်းယူခြင်းနှင့် အုပ်ထိန်းသူနှင့် ကင်းကွာခြင်း စသည်တို့ကြောင့် ဖြစ်တတ်ကြောင်း ရဲတပ်ဖွဲ့မှ အသိပေးထားပြီး သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေးအတွက် နယ်မြေဒေသများသို့ ကွင်းဆင်းကာ ပြည်သူလူထုအား အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည်။

 

လူ့ဘောင်လောက၌ အမှောင့်တကာ့ အမှောင်ဆုံးမှာ ကာမအမှောင် ဖြစ်သည်။ အကန်းတကာ့ အကန်းဆုံးမှာ ကာမအကန်းဖြစ်သည်။ ထို့ကြောင့် မျက်ကန်းတစ္ဆေမကြောက်သလို ကာမအမှုများ ဆက်လက်ဖြစ်ပေါ်နေ သည်။ ကိုယ်ကျင့်တရား ပျက်ပြားနေသောကာလတွင် ကာမအမှောင်အတွင်း သက်ဆင်းကြသူများ၊ မိုက်တွင်းနက်သူများ ရှိနေဦးမည်။ သို့သော် ထိုကာမမိုက်တွင်းနက်သူတို့ကို တရားဥပဒေက သက်ညှာ လိမ့်မည်မဟုတ်သလို လူ့ဘောင်လောကကလည်း ထောက်ထားလိမ့်မည်မဟုတ်ချေ။ ထိုမျှသာမက ဖြစ်လေရာဘဝသံသရာ၌ လူဖြစ်ရှုံးသည့် ဆင်းရဲခြင်း၊ အရှက်တကွဲ အကျိုးနည်းခြင်းတို့ဖြစ်ကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဒုက္ခငရဲတွင်းသို့ ဆင်းကြရမည်မှာ သေချာသည်။ လက်ရှိကာလတွင် စက်ဆုပ်ဖွယ်ကောင်းသည့် ထိုဖြစ်စဉ်၊ နာကြည်း ကြေကွဲခံပြင်းဖွယ်ရာကောင်းသည့် ထိုအဖြစ်မျိုးသို့ ရောက်စေနိုင်သည့်တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက်သောအားဖြင့် တွန်းအားပေးခြင်း၊ ပို့ဆောင် ပေးခြင်း ပြုမူလုပ်ဆောင်မှုမျိုးကို မပြုလုပ်မိစေရန် ကာယကံရှင်၊ အုပ်ထိန်းသူနှင့် နီးစပ်ရာ ပတ်ဝန်းကျင်တို့ အနေဖြင့်လည်း သတိထားဆင်ခြင်ဖို့လိုပါသည်။

 

မြန်မာနိုင်ငံသည် ဘာသာတရားနှင့် ကိုယ်ကျင့်တရားတို့ကို အစဉ်အဆက် လိုက်နာစောင့်ထိန်းသော နိုင်ငံဖြစ်သည်။ အဓိကမှာ ကာမဂုဏ်မှားယွင်းဖောက်ပြန်မှု၊ ကာမရာဂကို နှိုးဆော်စေသော ပြုမူနေထိုင် လုပ်ကိုင်မှုတို့ကို ရှောင်ကြဉ်ရန်လိုအပ်သည်။ ဥပမာအားဖြင့် ကာမရာဂကို နှိုးဆွစေတတ်သော ဝတ်စားဆင်ယင်ပြုမူလုပ်ကိုင်မှုကို ပြသသော ယနေ့ခေတ် ညစ်ညမ်းအွန်လိုင်းနှင့် ဗီဒီယိုဇာတ်လမ်းများ၊ အမျိုးသမီးငယ်များအနေဖြင့် မသင့်သော အချိန်၊ နေရာ၊ သွားလာမှုများကို သတိပြုဆင်ခြင်ကြပါလျှင် သက်ငယ်၊ သက်လတ်၊ သက်ကြီး မုဒိမ်းမှုများ လျော့နည်းကျဆင်းမည်မှာ သေချာပါသည်။

 

ဥပဒေကြောင်းအရမူ ပြစ်မှုကျူးလွန်မှု အတိမ်အနက်အလိုက် ထိရောက်သော ပြစ်ဒဏ်များ ချမှတ်ရမည်သာ ဖြစ်သည်။ အဓိကမှာပြစ်မှုများ တိုးလာအောင် လမ်းခင်းမပေးမိဖို့ လိုအပ်ပါသည်။ သတင်းစာပညာတွင် မကောင်းမှုနှင့်ပတ်သက်၍ လုပ်နည်း ကိုင်နည်းတို့ကို အသေးစိတ် မဖော်ပြရဟု သတ်မှတ်ချက်ရှိသည်။ အကြောင်းမှာ ပညာပေးခြင်းမဖြစ်ဘဲ အတုခိုးမှားခြင်း၊ အတုမြင် အတတ်သင်ခြင်းဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ အမျိုးသမီးငယ်များအား အဓမ္မစော်ကားသူများကို ကြီးလေးသော ပြစ်ဒဏ်ချမှတ်ရမည်ဖြစ်သလို ထိုသို့မဖြစ်နိုင်အောင်လည်း သတိပြုဆင်ခြင် ပြုမူနေထိုင်ကြရန်တိုက်တွန်းအပ်ပါသည်။  ။

ကြေးမုံ