၂၀ နိုဝင်ဘာ

၁၂၈၂ ခုနှစ်တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သည့် ကောလိပ်သပိတ်ကြီးသည် မြန်မာနိုင်ငံကို ဗြိတိသျှနယ်ချဲ့တို့ သိမ်းပိုက်လိုက်သည်မှစ၍ လူမျိုးခြားလက်အောက်မှ ပြန်လည်လွတ်မြောက်ရေးအတွက် စတင်လိုက်သည့် အမျိုးသား တော်လှန်ရေးကြီးပင် ဖြစ်သည်။

အမျိုးသားတော်လှန်ရေးကြီးမှ အစပြု၍ဝံသာနုစိတ်ဓာတ် အရင်းခံကာ အမျိုးသား စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့်ပင်လွတ်လပ်ရေးရရှိပြီးသည့်တိုင် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် ဆက်လက်၍ အသိအမှတ်ပြုခဲ့သည်။ 

ပညာရေးစနစ်သစ် တသိုလ်အက်ဥပဒေကြမ်း 

ဗြိတိသျှအစိုးရသည် ပညာရေးစနစ်သစ် တက္ကသိုလ်အက်ဥပဒေကြမ်းကို ၁၉၂၀ ပြည့် နှစ် ဇွန်လတွင် ထုတ်ပြန်ကြေညာသည်။ ထိုဥပဒေကြမ်းတွင် (၁) မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုတည်းသာ ရှိရမည်။ တက္ကသိုလ်လက်အောက်တွင် ကောလိပ်ကျောင်း တစ်ကျောင်းသာ ရှိရမည်။ (၂) ကောလိပ်ကျောင်း၌ ပညာသင်လိုသူများ၊ ကျောင်းအိပ် ကျောင်းစားသာ ဖြစ်ရမည်။ (၃) တက္ကသိုလ်ဝင်စာမေးပွဲ မထားရှိဘဲ အစိုးရကပြုလုပ်သော ဟိုက်စကူးဖိုင်နယ် ခေါ် ဆယ်တန်းစာမေးပွဲကို အောင်ရမည်။ အင်္ဂလိပ်ဘာသာနှင့် အခြားဘာသာတစ်ခု တွင် ထူးချွန်စွာ တတ်မြောက်အောင်မြင်မှ တက္ကသိုလ် ဝင်ခွင့်ရမည်။ (၄) ဂုဏ်ထူးနှင့် ဝိဇ္ဇာဘွဲ့တန်းတွင် တစ်ခါ​​ဖြေဆို၍ မအောင်မြင်ပါက နောက်နောင် ​ဖြေဆိုခွင့်မပြု။ (၅) ဟိုက်စကူးဖိုင်နယ်အောင်၍ တက္ကသိုလ် သို့ ဝင်ခွင့်ရသော်လည်း တက္ကသိုလ်ပညာရပ်များ တစ်ခါတည်း စ၍မသင်ရသေးဘဲ တက္ကသိုလ်ပညာရပ်ကို ကောင်းမွန်စွာလိုက်နိုင်ရန် ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေရမည်။ (၆) ပြင်ဆင်မှုအတန်းတွင် တစ်နှစ်နေသော်လည်း နှစ်ကုန်သည့်အခါတက္ကသိုလ် ပညာများကို လိုက်နိုင်ရန် အရည်အချင်း မရှိသေးဟုဆိုလျှင် တက္ကသိုလ်ပညာကို ဆက်လက်သင်ခွင့်ရဦးမည် မဟုတ်ဟူ၍ ပါရှိသည်။

တက္ကသိုလ်အက်ဥပဒေကို အတည်ပြုကြောင်း ကြေညာ ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို ကောလိပ်ကျောင်းသားများသာမက သတင်းစာများနှင့် ဂျီစီဘီအေနယ်ဒေသ အစည်းအဝေးများကပါ ဝိုင်းဝန်း၍ ကန့်ကွက်ခဲ့သည်။ မြန်မာပြည်ဘုရင်ခံ ဆာရယ်ဂျီနယ်ကရက် ဒေါက်သည် တောင်းဆိုချက်များကို လျစ်လျူရှုပြီး ထိုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ တက္ကသိုလ်အက်ဥပဒေကို အတည်ပြုခြင်း ကြေညာလိုက်သည်။

ထို့ကြောင့် ဒီဇင်ဘာ ၂ ရက်နေ့တွင် ကောလိပ်ကျောင်းသားခေါင်းဆောင်များ တိုင်ပင်ဆွေးနွေး၍ ခရစ် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်၊ မြန်မာ ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့) တွင်ကျောင်းသားများ သပိတ်မှောက်သည်။ ရန်ကုန်တက္ကသိုလ် အက်ဥပဒေပါ အချက်ကို ကန့်ကွက်သည့် ကျောင်းသား ကြေညာချက်ကို ကျောင်းသားခေါင်းဆောင် ကိုဘဦး ကိုယ်တိုင်လက်မှတ်ထိုး၍ ဘုရင်ခံ ထံပို့သည်။ တက္ကသိုလ် အက်ဥပဒေသည် တက္ကသိုလ် ကျောင်းသားများထက် တက္ကသိုလ်ရောက်ခါနီး ဟိုက်စကူးကျောင်းသားများအတွက် ပို၍ ထိခိုက်သဖြင့် ဟိုက်စကူးကျောင်း (အထက်တန်းကျောင်း) ကပါ သပိတ်မှောက်ကြသည်။

တက္ကသိုလ်သပိတ်ကို တစ်တိုင်းပြည် လုံးက ဝိုင်းအုံ ထောက်ခံကြသည်။ ကျောင်းသားများ၏ တောင်းဆိုချက်ကို အစိုးရက လိုက်သည်ဖြစ်စေ၊ မလိုက်လျောသည်ဖြစ်စေ ရန်ကုန် တက္ကသိုလ် လက်အောက်ခံ ကောလိပ်ကျောင်းများကို ပြန်မတက်တော့ဘဲ တက္ကသိုလ်ကို ရာသက်ပန်သပိတ်မှောက်ရန် ဆုံးဖြတ်သည်။ အမျိုးသားပညာရေး ကောင်စီဟုလည်း ပေါ်ပေါက်လာခဲ့ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အမျိုးသားကျောင်းများ ပေါ်ထွက်လာခဲ့သည်။ ရန်ကုန်မြို့ ဗဟန်းရပ် ရွှေကျင်ကျောင်းတိုက်ကြီးတွင် အမျိုးသားကောလိပ်ကို ၁၉၂၁ ခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်ခဲ့သည်။

လွတ်လပ်ရေးကို အရယူနိုင်ခဲ့ 

၁၉၂၀ ပြည့်နှစ် သပိတ်မှအစပြု၍ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်အထိ ပြည်သူလူထုတစ်ရပ်လုံးသည် နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားစိတ်ဓာတ်များ အပြင်းအထန် ပေါ်ပေါက်လာခဲ့ပြီး ဝံသာနု စိတ်ဓာတ်အခြေခံကာ အမျိုးသား စည်းလုံး ညီညွတ်မှုဖြင့်လွတ်လပ်ရေးကို အရယူနိုင်ခဲ့သည်။

ထို့ကြောင့် နယ်ချဲ့ဗြိတိသျှကို ပထမဆုံး ထိထိရောက်ရောက် တော်လှန်နိုင်ခဲ့သည့် ကျောင်းသားသပိတ်မှောက်သော တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်သင့်ကြောင်း ၁၉၂၁ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပသော မန္တလေးမြို့ ဂျီစီဘီအေ ပြည်လုံးကျွတ် ညီလာခံကြီး၌ သပိတ် ၁၁ ဦးကော်မတီတွင် ပါဝင်ခဲ့သည့် ဦးမြင့်က အကြံပေးခဲ့သည်။ မန္တလေး ကွန်ဖရင့်ကြီးမှ ဆုံးဖြတ်ချက်ဖြင့် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတွင် နှစ်စဉ်ကျင်းပလျက်ရှိသည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပေသည်။ ။

အောင်မြင့်စိုး(ရေစကြို)