နေပြည်တော်   ၇   ဇွန်

 

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ယနေ့အစည်းအဝေးတွင် ပြည်ပချေးငွေများနှင့်စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်း၊ အမျိုးသား ပညာရေးမူဝါဒကော်မရှင်၏ အစီအရင်ခံစာကို လွှတ်တော်သို့ တင်ပြခြင်းနှင့် လွှတ်တော်များ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့၏ အစီအရင်ခံစာကို လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အစည်းအဝေးတွင်  ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ရယူထားသည့် ပြည်ပချေးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက  ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

 

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဆင်းရဲမှု လျှော့ချရေးအတွက် ဒေသတွင်းဖွံ့ဖြိုးမှု စီမံကိန်းအဆင့်(၁)ကို ဂျပန်နိုင်ငံ JICA ၏ ချေးငွေဂျပန်ယန်း ၂၆၂၄ သန်းဖြင့် မြို့ပေါင်း ၂၃ မြို့၌ ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ရေအရင်းအမြစ်များနှင့် ရယူမှုမှာ မြစ်ရေ၊ ချောင်းရေ၊ ဆည်ရေ၊ ကန်ရေ၊ စိမ့်စမ်းရေ စသည့် မြေပေါ်ရေနှင့် မြေအောက် ရေ ၂ မျိုးမှ ရယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ နှစ်ရှည်ချေးငွေဖြင့် ဆောင်ရွက်ထားသည့် မြို့ (၂၃)မြို့ ရေပေးရေးလုပ်ငန်းများ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများသို့ သန့်ရှင်းသော သောက်သုံးရေ စဉ်ဆက်မပြတ် ပေးဝေနိုင်ရေးအတွက် ရေးဆွဲထားသည့် Operation and Maintenance Manual များနှင့်အညီ သက်ဆိုင်ရာ စည်ပင်သာယာရေးအဖွဲ့များက ထိန်းသိမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ကမ္ဘာ့ဘဏ် ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ သန်း ၈၀၊ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန် ဒေါ်လာသန်း ၄၀ဝ တို့နှင့် ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှ စတင်အကောင် အထည်ဖော်ခဲ့ပါကြောင်း။

 

အီတလီနိုင်ငံ ဖွံ့ဖြိုးရေးပူးပေါင်းဆောင်ရွက်မှု အေဂျင်စီနှင့် ချုပ်ဆိုသည့်  သဘောတူစာချုပ်အရ လူထုဗဟိုပြု စီမံကိန်းဆောင်ရွက်ရန် ရွေးချယ်ထားသည့် ၆၃ မြို့နယ်အနက် ဆော၊ ထီးလင်း၊ ပေါက်၊ မတူပီ၊ တွန်းဇံ၊ ကျွန်းလှ၊ ကနီမြို့နယ်များရှိ ကျေးရွာအုပ်စုများကို အဆိုပါ အေဂျင်စီချေးငွေဖြင့် တိုက်ရိုက် ထောက်ပံ့ငွေများ ပေးအပ်သွားမည် ဖြစ်ပါကြောင်း။

 

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် International Fund for Agricultural Development (IFAD) ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၃၆ သန်းကို ရယူခဲ့ပါကြောင်း၊ ပထမအဆင့်အနေဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်နိုးကြားမှု စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၇ သန်းဖြင့် ဆောင်ရွက်ပြီး ဒုတိယအဆင့်အနေဖြင့် အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအား ကျန်ငွေဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုစီမံကိန်းတွင် ပါဝင်သည့် မြောက်ယမားဆည်၊ ဆင်သေဆည်၊ ဆွာချောင်းဆည်၊ မာလဲနတ် တောင်ဆည်၊ မြောက်နဝင်းဆည်၊ တောင်နဝင်းဆည်၊ ဝဲကြီးဆည်၊ တောင်ညိုဆည်၊ ချောင်းမကြီး ဆည်နှင့် နတ်မောက်ဆည်တို့၏ ဆည်ရေသောက်စနစ်များသည် အနည်းဆုံး သက်တမ်း ၁၀ နှစ်မှ အများ ဆုံးသက် တမ်း ၃၇ နှစ်ထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ အဆိုပါဆည်များ၏ ရေပေး မြောင်းအများစုသည် မြေသားမြောင်းများဖြစ်သည့်အတွက် ရေလေလွင့်ဆုံးရှုံးမှု များပြားခြင်း၊ ရေပေးအဆောက်အဦများ တိုးချဲ့တည်ဆောက်ရန် လိုအပ်လာခြင်းတို့ကြောင့် အဆင့်မြှင့်တင်ပြုပြင်ရန် လိုအပ်လာပါကြောင်း၊ သို့ဖြစ်၍ ဆည် ၁၀ ခု၏ ရေ သောက်စနစ်များ ပြုပြင်ထိန်းသိမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို နိုင်ငံခြားချေးငွေ ရယူ၍ ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

အလားတူ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က လမ်းဦးစီးဌာနမှ ချေးငွေရယူ ဆောင်ရွက်ခဲ့သော လုပ်ငန်းများအတွက် အတိုင်ပင်ခံအဖွဲ့နှင့် ကန်ထရိုက်တာများ ရွေးချယ်ပြီးပါက သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တင်ဒါအောင်မြင်သောအဖွဲ့တို့ ချေးငွေပေးမည့် အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းအတိုင်း စာချုပ်ချုပ်ဆိုခြင်း၊ Project Management Unit (PMU) အဖွဲ့များကို ချေးငွေပေးသူ အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများအတိုင်း ဖွဲ့စည်းပြီး ကန်ထရိုက်တာများကို စောင့်ကြည့်ကြပ်မတ် ဆောင်ရွက်ခြင်းတို့ဖြင့် သတ်မှတ်အရည်အသွေးနှင့် ကိုက်ညီသော လုပ်ငန်းဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

JICA ODA Loan ဖြင့် ဆောင်ရွက်သော ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အဆင့် ၁  စီမံကိန်းသည် ပြီးစီးပြီးဖြစ်သော်လည်း တင်ဒါလျော့ နည်းငွေများကြောင့် ရရှိလာသည့် ပိုလျှံငွေများအား မူလစီမံကိန်းတွင် မပါဝင်သည့် ထပ်တိုးလုပ်ငန်းများကို JICA ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်နေသောကြောင့် စီမံကိန်းကာလ တိုးမြှင့်ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ADB ချေးငွေဖြင့် ကရင်ပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသည့် အိန္ဒု-ကော့ကရိတ်လမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းမှာ ၁၉ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပါကြောင်း။

 

တံတားဦးစီးဌာနမှ နိုင်ငံတကာချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်း ၃ ခုဖြစ်သည့် အရှေ့-အနောက် စီးပွားရေးစင်္ကြန် လမ်းမကြီးပေါ်ရှိ တံတား ၃ စင်း  အဆင့်မြှင့်တည်ဆောက်ခြင်း၊ ကိုရီးယား-မြန်မာ ချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်ခြင်းနှင့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) တည်ဆောက်ခြင်းတို့အတွက် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရန် ကန်ထရိုက်တာ ရွေးချယ်ခြင်း ဆောင်ရွက်ဆဲ ဖြစ်ပါကြောင်း။

 

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရေကြီးရေလျှံနှင့် မြေပြိုမှုများအတွက် အရေးပေါ် ပြန်လည်ထူထောင်ရေး စီမံကိန်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ  လမ်း၊ တံတားများကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၁ ခုနှစ်တွင် စီမံကိန်းလုပ်ငန်းများအား အပြီးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

 

အလားတူ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့ကလည်း ပြန်လည်ရှင်းလင်း  ဆွေးနွေးကြသည်။

 

 

 

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏  ဆွေးနွေးချက်များနှင့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများ၏ ပြန်လည်ရှင်းလင်း ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။

 

ထို့နောက် အမျိုးသား ပညာရေးမူဝါဒကော်မရှင်၏ ၆ လတာကာလ (၂၀၁၇ ခုနှစ် အောက်တိုဘာလမှ ၂၀၁၈ ခုနှစ်၊ ဧပြီလအထိ) အတွင်း ဆောင်ရွက်ခဲ့မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ အမျိုးသားပညာရေး မူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ် က လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

 

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။

 

ယင်းနောက် လွှတ်တော်များ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့( Joint Coordination Committee on Hluttaw Development- JCC) ၏ ၂၀၁၆-၂၀၁၇ခုနှစ် လုပ်ငန်းဆောင်ရွက်မှု အစီအရင်ခံစာကို  လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

 

ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ  ဦးဝေစိန်အောင်က လွှတ်တော်များ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့၏ မဟာဗျူဟာစီမံကိန်း ၂၀၁၅-၂၀၁၈ ရည်မှန်းချက် (၄)ရပ်ဖြစ်သည့် လွှတ်တော်ကော်မတီများ အကျိုးသက်ရောက်မှု မြှင့်တင်ခြင်း၊  လွှတ်တော်ကိုယ်စားလှယ်များ အရည်အသွေး မြှင့်တင်ခြင်း၊  လွှတ်တော်ဝန်ထမ်းများ ဝန်ဆောင်မှု စွမ်းရည်မြှင့်တင်ခြင်းနှင့် ဆက်သွယ်မှု၊ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုသည့် အချက်များမှာ ကောင်မွန်သည့် ရည်မှန်းချက်များ ဖြစ်ပါကြောင်း။

 

နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီပေး ပူးပေါင်းဆောင်ရွက်နေချိန်တွင် အစီအရင်ခံစာ၌ လွှတ်တော်များဆိုရာတွင် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် တို့ကိုသာ ရည်ညွှန်းပြီး  တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ မပါဝင်သည့် သဘောဖြစ်နေပါကြောင်း၊ သို့ဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဝန်ထမ်းများ ပြည့်ပြည့်စုံစုံ ခန့်ထားပေးနိုင်ရန်နှင့် သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို ပြည်ထောင်စုလွှတ်တော်ကဲ့သို့ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသင့်ပါကြောင်း ဆွေးနွေးသည်။

 

အလားတူ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇင်လင်းနှင့် ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းတို့က ဆွေးနွေးကြသည်။

 

အဆိုပါအစီအရင်ခံစာနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်က မှတ်တမ်းတင်ခြင်းကို ဇွန် ၁၂ ရက်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမြင့်(သတင်းစဉ်)