mdn

သတင်းဆောင်းပါး - လှလှအောင်(မြန်မာနိုင်ငံငလျင်ကော်မတီ)

 

မြေပြို/တောင်ပြိုခြင်းမှ ကင်းဝေးစေမည့် နေရာရွေးချယ်ခြင်း

 

၁။ ယခင်က မြေပြိုတောင်ပြိုမှုဖြစ်ခဲ့ခြင်းမရှိ သည့် အမာခံကျောက်သားရှိရာနေရာ၊

၂။ တောင်စောင်းနေရာနှင့် ဝေးကွာသည့် အတော်အတန်ပြန့်ပြူးသော မြေပြန့်နေရာ၊

၃။ တောင်တန်းပေါ်တွင်ဖြစ်စေ၊ တောင်စောင်းထိပ်နားတွင်ဖြစ်စေ နေရာ၊

၄။ တောင်စောင်းအခြေတွင် မနေရန်၊

၅။ ယခင်က တောင်ပြို/ မြေပြိုဖူးသည့်နေရာမရွေးရန်၊

၆။ တောင်ကမ်းပါးယံကို မရွေးရန်။ ။

 

မြေပြို/တောင်ပြိုခြင်း “ မဖြစ်ခင်” ဆောင်ရွက်ရန်

 

၁။ မတ်စောက်သော တောင်စောင်းများအနီး၊

၂။ တောင်စွန်းတောင်ဖျားအနီး၊

၃။ တောင်ကျရေစီးဆင်းလာရာအနီး၊

၄။ သဘာဝအလျောက် ရေတိုက်စားရာ လမ်း ကြောင်းတို့တွင် အိမ်ဆောက်လုပ်ခြင်း ရှောင် ကြဉ်ပါ၊

၅။ အိမ်ဆောက်လုပ်မည့်တည်နေရာ၏ အနေ အထား၊ မြေအမျိုးအစားအစရှိသော တိကျသော ဆောက်လုပ်ရေး ဆိုင်ရာ အချက် အလက်များရယူပါ။

၆။ သဘာဝဘေးအန္တရာယ် မြေတိုင်းဌာန၊ အင်ဂျင်နီယာဘူမိဗေဒဌာန၊ တက္ကသိုလ် စသည့် ပညာရှင်များရှိရာ ဌာနများအား မြေပြို/တောင်ပြုနိုင်မည့် အခြေအနေပြ မြေပုံများ ရယူထားပါ။

၇။ မုန်တိုင်းကာလ(သို့) မိုးကြီးရွာသည့်ကာလ များက မိမိအိမ်ရှိရာနေရာသည် အရှိန်ဖြင့် စီးလာနိုင်သည့် ရေစီးရေလာလမ်းကြောင်း နှင့် နီးသည်/ဝေးသည်ကို လေ့လာထားပါ။

၈။ မိမိ၏ မိသားစု၊ မိမိ၏ အိမ်နီးနားချင်း၊ မိမိ၏ မြို့/ရွာအတွက် သဘာဝဘေးမှအရေးတကြီး ဆောင်ရွက်ရန်ကိစ္စများ၊ ဘေးကင်းရာအရပ် ရွေးချယ်ထားခြင်းကိစ္စများကို မိမိတို့ကိုယ်တိုင် ညီညီညွတ်ညွတ် စုပေါင်း၍ ကြိုတင်စီမံထားပါ။

၉။ မိမိအိမ်များကို မိုးဒဏ်လေဒဏ်ရေဒဏ်ခံနိုင်သည့် ပုံစံများအတိုင်း ဆောက်လုပ်ထားပါ။ ခေါင်နှင့်တိုင် တွဲချည်ခြင်း၊ ကြမ်းခင်းတိုင်နှင့် အိမ်တိုင်တွဲချည်ခြင်း၊ အိမ်တိုင်အောက်ခံကို မြဲမြဲစိုက်ထားခြင်း၊ တောင့်တင်း ခိုင်မာသည့်အိမ်တိုင်မျိုးရွေးချယ်အသုံးပြုခြင်း၊

၁၀။ မိမိအိမ်နှင့်နီးစပ်သော တောင်စောင်းများ တွင် သစ်ပင်များစိုက်ထားခြင်း၊

၁၁။ မိမိအိမ်အနီးတွင် တောင်ကျရေစီးဆင်းမှုကာကွယ်ရန် အင်္ဂတေနံရံ (retaining wall) ကောင်းကောင်း ကာထားပါ။

၁၂။ တောင်ကျရေသာမက တောင်ပေါ်မှ စီးကျ လာမည့် ရွှံ့ရေစီးရာလမ်းကြောင်းကို မိမိ အိမ်မှအဝေးသို့ ရောက်အောင် မြောင်းကြီး ကြီးဖောက်ထားပါ။

 

မြေပြို တောင်ပြို “ နေစဉ်” လုပ်ဆောင်ရန်

 

မိုးလေဝသဌာန ရာသီဥတုဆိုင်ရာ ထုတ်ပြန်ချက် များကို မပြတ်နားစွင့်နေပါ။ မုန်တိုင်းသတင်း၊ မိုးရွာနိုင် သတင်းနှင့် မုန်တိုင်းသွားရာလမ်းကြောင်းများကို စောင့်ကြည့်နေပါ။ မိုးရွာသည့် ကာလကြာရှည်နိုင်သည် ဟုဆိုပါက ကြိုတင်ပြင်ဆင်ခြင်း၊ ရှောင်ပေးနိုင်မည့်နေ ရာရွေးချယ်ထားခြင်းများ ကြိုတင်ပြင်ဆင်ထားပါ။ ထိုကာလများတွင် ကျောက်တုံး ကျောက်ခဲပြိုကျသံ၊ ရွှံ့ရေစီးလာသည်ကို မြင်ရလျှင် ချက်ချင်းတိမ်းရှောင်ပါ။ မြေပြို/ တောင်ပြိုခြင်းသည် အရှိန်နှင့်အလျင်အမြန် ပြိုတတ်၍ဖြစ်သည်။ တောင်ကျရေအစီးသန်လာခြင်း လက္ခဏာ၊ ရေကြည်ရာမှ ရေနောက်လာခြင်း လက္ခဏာ များကို အစဉ်လေ့လာနေပါ။ နိုးနိုးကြားကြားရှိပါ။ ထူးဆန်းသောအသံများ (ဥပမာ) သစ်ပင်ကျိုးသံ၊ ခဲလုံး များ ပြုတ်ကျသံနားစွင့်ပါ။ မြေပြို တောင်ပြိုနေခြင်းမှ  မရှောင်နိုင်ပါက မိမိကိုယ်ကိုယ်မိမိ ဘောလုံးတစ်လုံး ကဲ့သို့ ကွေးလိုက်ပြီး လက်နှစ်ဖက်ဖြင့် ဦးခေါင်းကို လိုက်ပြီး ကာကွယ်ထားပါ။

 

မြေပြို/ တောင်ပြိုခြင်း “ ဖြစ်ပျက်ပြီး” ပါက ဆောင်ရန်

 

၁။ မြေပြို/တောင်ပြုပြီးနေရာကို ရှောင်ပါ။ ထပ်မံမြေပြိုတောင်ပြိုနိုင်သေး၍ ဖြစ်သည်။

၂။ မိုးလေဝသဌာနမှ ထုတ်လွှင့်သော မိုးလေဝသသတင်းကို မပြတ်နားထောင်ပါ။

၃။ မိုးသည်းစွာရွာမည့် အခြေအနေကြောင့် ရေကြီးမည်ကို သေချာစောင့်ကြည့်နေပါ။ ရေကြီးသည် နှင့်အတူမြေပြို တောင်ပြိုခြင်းဖြစ်ပေါ်လာနိုင်၍ဖြစ်သည်။

၄။ မြေပြိုတောင်ပြို၍ သဘာဝဘေးဒဏ်ခံရသူများအား ကယ်ဆယ်ရန် ကြိုးစားပါ။

၅။ အထူးသဖြင့် ဒဏ်ရာရထားသူ၊ သက်ကြီးရွယ်အိုနှင့် ကလေးသူငယ်များအား အရေးတယူ ကယ်ဆယ်ပါ။

၆။ အိမ်ပြိုခြင်း၊ ဆက်သွယ်ရေးကားလမ်း၊ ရထား လမ်း ပိတ်ဆို့ပျက်စီးခြင်းများ ရှိ/မရှိ စစ်ဆေးပါ။ တွေ့ရှိပါက သက်ဆိုင်ရာသို့ အကြောင်းကြား အကူအညီတောင်းပါ။

၇။ မြေပြို /တောင်ပြိုခြင်းဘေးဒဏ်နည်းပါးရန် အတွက်အင်ဂျင်နီယာဘူမိဗေဒပညာရှင်များထံမှ အိမ်ရာ ဆောက်လုပ်မှု နည်းစနစ်၊ မြေပြို၊ တောင်ပြိုနုဝင်ပြမြေပုံနှင့် အကြံဉာဏ်များ တောင်းယူ၍ နောင်ကာလများတွင် ဤသဘာဝ ဘေးမှ နည်းနိုင်သမျှနည်းရန် ဆောင်ရွက်ပါ။

 

မြေပြို/တောင်ပြိုခြင်း

 

ချင်းပြည်နယ် ဟားခါးမြို့၊ ဖလမ်းမြို့နှင့် တွန်းဇံမြို့ ဒေသတစ်ဝိုက်များတွင် မြေတောင်ပြိုခြင်းများကို နေ့စဉ် ထုတ်သတင်းစာဖတ်ရှုရခြင်းမှ သိရှိရသည်။ မြေပြို/ တောင်ပြိုခြင်းသည် မတ်စောက်သောတောင်တန်း ဒေသ တို့တွင် ငလျင်လှုပ်ခြင်းမှဖြစ်စေ၊ မိုးကြီးစွာရွာ သွန်းခြင်းမှဖြစ်စေ ဖြစ်တတ်သောသဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သည်။ အလွန်ကြောက်စရာကောင်းသည်။ တောင်ခြေရှိမြို့ရွာများအား တောင်စောင်းမှ ထုထည်လိုက် ဆင်းကျလာသော မြေ(သို့) ကျောက်တုံး(သို့) ရေခဲတုံး များက ဖုံးလွှမ်းသွားနိုင်သည်။ ထိုအခါ တစ်မြို့လုံးကျွတ်၊ တစ်ရွာလုံးကျွတ်အောင် ဖုံးအုပ်ခြင်းခံရသည့်အခါ ပျက်စီးမှုကို မျက်မြင်ကိုယ်တွေ့သဲလွန်စ ရှာမရအောင်ဖြစ်တတ် သည်။ တစ်ကြိမ်တည်းနှင့် မျက်စိရှေ့မြင်ကွင်းမှ ပျောက် ကွယ်မြေမြှုပ်ပြီးသား ဖြစ်သွားတော့သည်။ တောင်ပြို/ မြေပြိုမှုတွင် မတ်စောက်သော တောင်စောင်းတစ်လျှောက် မြေများ စုပုံကျဆင်းခြင်းအနေဖြင့် ယင်းထုထည်လိုက် လျှောကျခြင်းအနေဖြင့်လည်းကောင်း၊ ပြုတ်ကျခြင်းအနေ ဖြင့် လည်းကောင်း ပြိုတတ်သည်။

 

(က) တောင်စောင်းတစ်လျှောက်စုပုံကျဆင်းသွား ခြင်းတွင် တောင်ပေါ်ရှိမြေသားများသည် မိုးကြီးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်အောက်သို့ ရေနှင့်အတူရောထွေးဆင်းကျသွားတတ်သည်။

( ခ) တောင်စောင်းတစ်လျှောက် ထုထည်လိုက် လျှောကျခြင်းတွင် တောင်ပေါ်ရှိကျောက်တို့ သည် ဥပမာ လှေလကျောက်လွှာ၏ အလွှာအလိုက် အစောင်းအနေအထားအတိုင်း မိုးကြီး ၍ဖြစ်စေ၊ ငလျင်လှုပ်၍ ဖြစ်စေတောင်အောက်သို့ ထုထည်လိုက်လျှောဆင်းသွားတတ်သည်။

(ဂ) ပြုတ်ကျခြင်းတွင်မူ တောင်ပေါ်ရှိကျောက်တုံး၊ကျောက်ခဲ၊ ကျောက်စ၊ ကျောက်၊ ရေခဲနေသော တောင်ဖြစ်ပါက ရေခဲတုံးများသည် မိုးကြီး၍ဖြစ်စေ၊ ငလျင်လှုပ်၍ဖြစ်စေ တောင်အောက်သို့ ခုန်ဆင်းပြုတ်ကျသွားတတ်သည်။

 

 ထိုသို့မြေပြို/တောင်ပြိုမှုတွင်

 

(က) တောင်ပေါ်ဒေသ၏ဘူမိသွင်ပြင်ဟုခေါ်သောမြေပြင်အနိမ့်အမြင့်၊ အမြင့်၏အစောင်းအနေအထား၊

( ခ) အမြင့်ဒေသ တောင်ပေါ်တွင် ရှိနေသော မြေသားအမျိုးအစား၊

(ဂ) တောင်ပေါ်ဒေသ၏ရာသီဥတုအခြေအနေ၊

(ဃ) တောင်ပေါ်ဒေသ၏သစ်ပင်ပေါက်ရောက်

(c) တောင်ပေါ်ဒေသတွင် ပြိုဆင်းမှုအားပေး သော ရေပါဝင်မှုတို့အပေါ် များစွာမူတည်သည်။

 

(ဥပမာ)-တောင်ပြို/မြေပြိုသော ဟားခါး၊ ဖလမ်း၊ တွန်းဇံမြို့များ၏ တည်နေရာမှာ ဟားခါးမြို့ မြောက် လတ္တီတွဒ် ၂၂ ဒီဂရီ ၃၈ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၃၆ မိနစ်၊ ဖလမ်းမြို့ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၅၄ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ မိနစ် ၄၀၊ တွန်းဇံမြို့ ၂၃ ဒီဂရီ ၁၃ မိနစ်၊ ၉၃ ဒီဂရီ ၃၅ မိနစ်တွင် ရှိသည်။ ဖလမ်းနှင့် တွန်းဇံမြို့ကြားတွင် ပေပေါင်း ၈၈၇၁ ပေရှိ တွမ်ဗွမ်တောင်ရှိသည်။ မြန်မာနိုင်ငံ၏ အနောက်မြောက် ချင်းပြည်နယ်တွင် ရှိကြသော ဒေသများဖြစ်သည်။ ယင်းတို့တွင် ယေဘုယျအားဖြင့် အနည် ကျကျောက် များဖြစ်သော ရွှံ့ကျောက်၊ သဲကျောက်နှင့် ထုံးကျောက်များ တည်ရှိနေကြသည်။ ကျောက်လွှာ များသည် အများအားဖြင့် အရှေ့အရပ်ဘက်သို့ အစောင်း အနေအထားရှိနေသည်။ ဤကျောက်လွှာ တို့၏ အနေအထားအရ တောင်ပေါ်ဒေသမှ မြေပြို/တောင်ပြိုမှုများသည် အနောက်မှ အရှေ့ဘက်အရပ်များ ဆီသို့ ပြိုကျရန် ဖြစ်နိုင်ခြေများသည်ဟု ဆိုရမည်။

 

အဝေးမှ စူးစမ်းထောက်လှမ်း အာရုံခံမှတ်တမ်းပြုခြင်း

 

ဤသို့ ခရီးလမ်း အဆက်အသွယ်ခက်ခဲသော ဒေသများတွင် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ ခရီးလမ်းအဆက်အသွယ် ပြတ်တောက်သွား တတ်ပြီး သဘာဝဘေးဒဏ်ခံ ပြည်သူများဆီသို့ အလွယ်တကူ အလျင်အမြန်ပြုလုပ်ရမည့် အရေးပေါ် ကယ်ဆယ်ခြင်း၊ အကူအညီပေးခြင်း၊ ဆေးဝါးအထောက် အကူဝေငှခြင်း၊ ပြန်လည်ထူထောင်ခြင်း စသည့်လိုအပ် ချက်များစွာကို ထောက်ပံ့ရန် ခဲယဉ်းသွားသည်။ ထိုအခါ အချိန်နှင့်တစ်ပြေးညီ မဆောင်ရွက်နိုင်တော့ပေ။ ဤသို့သော အခြေအနေမျိုးတွင် အဓိကအလိုအပ်ဆုံး၊ အထိရောက်ဆုံးမှာ အဝေးမှ စူးစမ်းထောက်လှမ်း အာရုံခံမှတ်တမ်းပြုခြင်းဆိုသည့် Remote Sensing နည်းပညာပင်ဖြစ်သည်။

 

ကမ္ဘာ့မြေပြင်အထက် အမြင့်ပေသောင်းနှင့်ချီသော အာကာသထဲတွင် ကမ္ဘာကြီး အား လှည့်ပတ်နေသည့် ဂြိုဟ်တုများမှ ကမ္ဘာပေါ်သို့ လွှတ်လျက်ရှိသော အချက်အလက်များ ပင်ဖြစ်သည်။ (ထိုအကြောင်းကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလထုတ် Tech Digest မဂ္ဂဇင်း (Vol.7/No2) တွင် အပြည့်အစုံ ဖော်ပြပြီးဖြစ်သည်။)

 

ယခုတောင်ပြို/မြေပြိုမှုများကို လူသားတို့ သွားရောက် စစ်ဆေးကြည့်ရှုရန် မလွယ်ကူပေ။ အဆိုပါ ဂြိုဟ်တုမှရရှိသည့် အချက်အလက်များကို ဂြိုဟ်တုပုံရိပ်များမှ ဖော်ထုတ် သိရှိနိုင်ပေသည်။ ယနေ့ ဟားခါး-ဖလမ်း-တွန်းဇံမြို့တို့မှတောင်-မြောက် တစ်လျှောက်ရှိ ဒေသများဖြစ်ပြီး မြေပြို/တောင်ပြိုမှု များကို ဂြိုဟ်တု ပုံရိပ်များတွင် ဖော်ထုတ်ထားသည့် အချက်အလက်များအရ ထိုဒေသများတွင် မြေပြို/တောင်ပြိုမှုများသည် နေရာပေါင်း ၅၀ အထိရှိသည် ဟုဆိုသည်။ ဆင့်ကဲ ဖြစ်ရပ်အနေဖြင့် တောင်ပြို/ မြေပြိုရာမှ တောင်စောင်းတစ်လျှောက် ဆင်းကျ လာသည့်မြေသားထုကြောင့် တောင်ကြားတစ်လျှောက် စီးဆင်းနေသော မြစ်ချောင်းများတွင် လာရောက် ပိတ်ဆို့သွားစေသည်။ ထိုအခါ မြစ်ချောင်းပိတ်၍ လူတို့ ရေကာတာ ဆောက်သကဲ့သို့ သဘာဝက ရေကာတာ ဖြစ်စေပြီး သဘာဝရေကန် တစ်ကန်ပေါ်ထွန်းလာ တော့သည်။ မိုးကာလဖြစ်၍ မိုးရွာခြင်းဆက်တိုက်ရက်ဆက် ရွာလိုက်သောအခါ အဆိုပါ ရေကန်မှ  ရေပြည့်လျှံ၍ တောင်အောက်သို့ အားပါးတရ စီးဆင်းလိုက်စေပြန်သည်။ တောင်အောက်ရှိ ကျေးရွာများကို တောင်ကျ ရေအားဖြင့် တိုက်စားသွားစေသည်။ အဆိုပါ ဖြစ်ရပ်မျိုးကို (၂၈-၈-၂၀၀၅) တွင် တွန်းဇံမြို့ အနီးရွာ ကျေးရွာနှစ်တွင် တွေ့ရှိရပါတော့သည်။ ၂၀၁၅ ခုနှစ်၏ ရာသီဥတုအခြေအနေအရဖြစ်ပျက်သွားသော မိုးကြီးရွာသွန်းခြင်း၏ ကွင်းဆက်ဆိုးကျိုး တစ်ရပ်ပင် ဖြစ်သည်။