မောင်သင်းပျံ့

 

၂၀၁၉ ခုနှစ် အောက်တိုဘာလက တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ သွားလာရေးခက်ခဲသောဒေသများမှ မြို့နယ်ပေါင်း ၉၆ မြို့နယ်တွင်ရှိသော ကလေး သူငယ်များကို ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ပိုလီယိုကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ပြီ ဖြစ်သည်။ ယခုနိုဝင်ဘာလတွင်လည်း ကျန် မြို့နယ်ပေါင်း၂၃၄ မြို့နယ်တွင်ရှိသည့် အသက် ၉ လမှ ၅ နှစ်ခွဲအောက်ရှိ ကလေးသူငယ်များကို ဝက်သက်နှင့် ဂျိုက်သိုးကာကွယ်ဆေးကို ထိုးနှံပေးမည်ဖြစ်ရာ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကင်းဝေး၍ ကိုယ်ဝန်ဆောင်မိခင်များ ကြုံတွေ့နေရသည့် မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင် ပပျောက်မည်ဖြစ်သည်။ ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းကို နိုဝင်ဘာ၂၆ ရက်မှ ၂၈ ရက်နေ့အထိ သုံးရက်တိုင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာတို့၏ စုရပ်နေရာများတွင် ထိုးနှံရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသိပေးနှိုးဆော်ထားပြီး ဖြစ်သည်။

မဖြစ်မနေထိုးနှံပေးဖို့လိုအပ်

နိုင်ငံတစ်နိုင်ငံ၏ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုတွင် ကျန်းမာရေးကဏ္ဍ သည် အရေးပါသောအခန်းကဏ္ဍတွင် ရပ်တည်လျက်ရှိသောကြောင့် နိုင်ငံ အတွင်းရှိ အသက် ၅ နှစ်အောက် ကလေးငယ်များသေဆုံးမှု လျှော့ချနိုင်ရန် နှင့်၂၀၂၃ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကင်းဝေး၍ မွေးရာပါ ဂျိုက်သိုးရောဂါကင်းစင်ပပျောက်စေရန် ကာကွယ်ဆေးအပိုဆောင်း ထိုးနှံ ခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ရာ မိခင်များက မိမိတို့၏ရင်သွေးငယ် ကလေးငယ်များ ကူးစက်မှုမြန်ဆန်သောရောဂါကင်းဝေးစေရန် သတ်မှတ် ရက်သုံးရက်တွင် ကာကွယ်ဆေးများကို မဖြစ်မနေ ထိုးနှံကြရန် အထူး အရေးကြီးပါသည်။

လူဦးရေထူထပ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းလွှမ်းခြုံမှုအားနည်းသော ဒေသများတွင်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ကျန်းမာရေး ဝန်ထမ်းများ မရောက်ရှိနိုင်သော နေရာများတွင်လည်းကောင်း၊ အဆိုပါနေရာများမှ မြို့ပေါ်သို့ ရွှေ့ပြောင်းလာသူများတွင်လည်းကောင်း ဝက်သက်ရောဂါကူးစက်ဖြစ် ပွားမှုများရှိခဲ့ပြီး အချို့သော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကပ်အသွင်ဖြစ်ပွားသေဆုံးမှုများရှိခဲ့ရာ ၂၀၁၇ ခုနှစ်တွင် ဝက်သက်ရောဂါကပ်အသွင် ၂၁ ကြိမ်ဖြစ်ပွားခဲ့၍ ၂၀၁၈ ခုနှစ်တွင်လည်း မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားခဲ့ရာ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၅ ရက်မှ ၂၉ ရက်အတွင်း ကာကွယ်ဆေးကိုထိုးနှံခဲ့၍ နိုဝင်ဘာလတွင် တစ်နိုင်ငံ လုံး၌ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံမှုကို ဆောင်ရွက်ခြင်းပင်ဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းကို ဦးစားပေးလုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း အစီအစဉ်တစ်ရပ်အနေဖြင့် ကာကွယ်ဆေး ၁၁ မျိုးကို ထိုးနှံပေး လျက်ရှိသည်။ ထိုကာကွယ်ဆေးကိုထိုးနှံပေးခြင်းဖြင့် ပြင်းထန်တီဘီရောဂါ၊ ပိုလီယို အကြောသေရောဂါ၊ ဆုံဆို့နာရောဂါ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ဂျပန် ဦးနှောက်ရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ မွေးကင်းစကလေး မေးခိုင်ရောဂါနှင့် ဝက်သက်နှင့် ဂျိုက်သိုးရောဂါဖြစ်ပွား သေဆုံးမှုတို့ကို လျှော့ချပေးလျက်ရှိသည်။ ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါ တို့ကို ကာကွယ်နိုင်သော ကာကွယ်ဆေးနှစ်မျိုးကိုလည်း ၂၀၂၀ ပြည့်နှစ်တွင် ပုံမှန်ကာကွယ်ဆေးထိုးသော အစီအစဉ်ဖြင့် ဆက်လက် ဆောင်ရွက်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက် ထားလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ပိုလီယိုအရိုင်းပိုးကို ၂၀၀၇ ခုနှစ် တွင် နောက်ဆုံးအကြိမ် တွေ့ရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပိုလီယိုကင်းစင်ကြောင်း ကြေညာပြီးနောက်ပိုင်း၌ အသွင်ပြောင်းပိုလီယိုပိုးကို ၂၀၁၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၉ ခုနှစ် ဇွန်လ၂၃ ရက်နေ့တွင်တစ်ကြိမ် ထပ်မံတွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ ထိုကလေးငယ်သည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် နေထိုင်ခဲ့သူဖြစ်သည်။ ထို့ကြောင့် ရောဂါ ကူးစက်နိုင်မှုများသော နေရာဒေသနှင့် လူအုပ်စုများသော ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ် ၁၂ မြို့နယ်တွင်လည်း အသွင် ပြောင်းပိုလီယိုကူးစက်မှု ကင်းစင်ရန် ရည်ရွယ်လျက် ပိုလီယိုကာကွယ်ဆေး အပိုဆောင်း တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအစီအစဉ်တွင် ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေးကိုအသက် ၉ လ အရွယ်တွင်တစ်ကြိမ်နှင့် အသက်၁၈ လတွင်တစ်ကြိမ်ဖြင့်ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပေးပြီး ဝက်သက်ရောဂါ ဖြစ်ပွားမှုနှင့် ထိုရောဂါ၏ နောက်ဆက်တွဲပြင်းထန်ရောဂါများ ဖြစ်ပွား သေဆုံးမှုမရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ဂျိုက်သိုးရောဂါ ကူးစက်ခံ ရပါက ဝေဒနာပြင်းထန်ခြင်းမရှိသော်လည်း အမျိုးသမီးများ ကိုယ်ဝန်ဆောင် ချိန်တွင် ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးသေဆုံးခြင်း၊ မွေးဖွား လာမည့်ကလေးငယ်များ မွေးရာပါနားမကြား ဆွံ့အခြင်း၊ နှလုံးရောဂါ၊ မျက်စိအတွင်းတိမ်ရောဂါနှင့် နားမကြားရောဂါစသော ချို့ယွင်းချက်များ ဖြစ်ပေါ် ၍ အင်္ဂါချို့ယွင်းသောကလေးများကို မွေးဖွားတတ်လေ့ရှိသည်။

“ ကျွန်တော်တို့ အခုအကြိမ် ဆောင်ရွက်ရမှာက အလွန်အရေးကြီးပါတယ်။ နိုင်ငံတစ်ဝန်းလုံး ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံ ခြင်းလုပ်ငန်းကို နိုဝင်ဘာ ၂၆ ရက်မှ၂၈ ရက်အထိ ထိုးနှံပေးမှာပါ။ အသက် ၉ လကနေ ၅ နှစ် ၆ လ အသက်အုပ်စု ကလေးငယ်များကို ထိုးနှံပေးမှာပါ။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် ရည်မှန်းကလေး ၅၇၄၂၀၀ ကို အဓိကထားပြီး ထိုးနှံ ပေးသွားမှာပါ။ ကလေးတစ်ဦးကို အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဒေါ်လာ ကုန်ကျမယ်လို့ ခန့်မှန်းထားတာကြောင့် ကာကွယ်ဆေးကို အားလုံးထိုးနှံပေးဖို့ လိုပါတယ်။ ဝက်သက်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့အတွက် ကူးစက် မြန်ပါတယ်။ နောက်ဆက်တွဲပြဿနာက ကိုယ်ရေခန်းခြောက်ပြီး ဝမ်းပျက်၊ ဝမ်းလျှောဖြစ်တာ၊ ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ပြင်းထန်အာဟာရချို့တဲ့ ရောဂါတွေ အဖြစ်များတာကြောင့် ကျွန်တော်တို့အတွက် အရေးကြီးတယ်။ နောက်တစ်မျိုးက ဂျိုက်သိုးရောဂါပါ။ ဝက်သက်ရောဂါလို မပြင်းထန်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဂျိုက်သိုးရောဂါဖြစ်ရင် ကိုယ်ဝန်ပျက်ခြင်း၊ မွေးရာပါသေဆုံးခြင်းတွေ ဖြစ်တတ်ပါတယ်။ မွေးလာရင်လည်း ကလေးမှာ နှလုံးရောဂါ၊ မျက်စိအတွင်းတိမ်နဲ့ဆွံ့အနားမကြားစတဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အဲဒီရောဂါနှစ်မျိုးကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ကာကွယ်ဆေး မထိုးထားတဲ့ကလေးတွေကို ကူးစက်နိုင်တာကြောင့် အားလုံး ဆေးမထိုးနှံတဲ့သူမရှိအောင် နိုင်ငံတစ်ဝန်းမှာ အပို ဆောင်ကာကွယ်ဆေးထိုးနှံခြင်း ဖြစ်ပါတယ်။ ကာကွယ် ဆေးထိုးနှံခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ ငါးနှစ် အောက် ကလေးသေဆုံးမှုလျှော့ချခြင်းနဲ့ ၂၀၂၃ ခုနှစ်မှာ ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကင်းစင် ပပျောက်စေမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင် ခြင်းဖြစ်ပါတယ်” ဟု တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး (ရန်ကုန် တိုင်းဒေသကြီး)ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာထွန်းမြင့်က ပြောသည်။

ကာကွယ်ဆေးဖြင့် ကြိုတင်ကာကွယ်

၂၀၁၈ ခုနှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝက်သက်ရောဂါ ၁၃၈၉ ဦး ဖြစ်ပွားခဲ့ပြီး (ဓာတ်ခွဲခန်းအတည်ပြုချက်အရ) ၆၆၃ ဦးသည် ရန်ကုန်တိုင်း ဒေသကြီးမှဖြစ်သည်။ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဝက်သက်ရောဂါကြောင့် ၃၂၆၅ ဦး ဆက်လက်ဖြစ်ပွားခဲ့ပြီး ၁၀၆၆ ဦးသည် ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးတွင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ဒဂုံအရှေ့၊ ဒဂုံတောင်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့တွင် အများဆုံး ဖြစ်ပွားခဲ့ရာ သေဆုံးမှုအချို့လည်း ရှိခဲ့သည်။ ဝက်သက်ရောဂါမှာ တစ်ဦးဖြစ်ပွားပါက တစ် အိမ်လုံးသို့ ကူးစက်မြန်တတ်သောကြောင့် ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ဝက်သက်နှင့် ဂျိုက်သိုးရောဂါကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ရန်ကုန် တိုင်းဒေသကြီးတွင် ဖြစ်ပွားလျက်ရှိသော ဆင်တုပ်ကွေးရောဂါသည် ခြင်မှ တစ်ဆင့် ဖြစ်ပွားခြင်းဖြစ်သောကြောင့် ကူးစက်တတ်သည့်အတွက် ခြင်ကိုက်ခံမှု မရှိရန် ဆောင်ရွက်ခြင်းဖြင့် ရောဂါကင်းဝေးစေမည်ဖြစ်ပြီး ဝက်သက်ရောဂါသည် ခြင်ကိုက်ခြင်းမှဖြစ်ပွားခြင်း မဟုတ်သောကြောင့် ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါကြိုတင်ကာကွယ်စေမည်ဖြစ်သည်။ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကို သတ်မှတ်ထားသော အသက် အပိုင်းအခြား အတိုင်း ထိုးနှံသွားရမည်ဖြစ်ရာ အပိုဆောင်းထိုးနှံပေးရာတွင် ကလေးငယ် များအားလုံး ထပ်မံထိုးနှံရန် လိုအပ်ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင်ရှိသော ဆေးရုံကြီး ၁၁ ရုံမှ လေ့လာချက်များတွင် ဓာတ်ခွဲ အတည်ပြုသော မွေးရာပါ ဂျိုက်သိုးရောဂါဖြစ်ပွားမှုသည် အရှင်မွေး ၁၀၀၀ တွင် ၀ ဒသ ၁ ဦးနှုန်း ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ပုံမှန်ကာကွယ်ဆေးထိုးနှံသော ၉ လအရွယ် ကလေးငယ်အား ဝက်သက်ရောဂါ ကာကွယ်ဆေးတစ်မျိုးတည်း ထိုးနှံပေးခြင်းထက် ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေးအစုလိုက်ထိုးနှံခြင်း အစီအစဉ်ဖြင့် ၂၀၁၅ ခုနှစ် ဇန်ဇဝါရီ လနှင့် ဖေဖော်ဝါရီလတို့တွင် ထိုးနှံခဲ့ရာ ၂၀၁၆ ခုနှစ် မတ်လမှစတင်၍ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ထည့်သွင်းထိုးနှံခြင်းဖြစ်သည်။ နှစ်စဉ်ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းတွင် ကာကွယ်ဆေး မရရှိသော ကလေးငယ်များ ကျန်ရှိ မှုများလာခြင်းကြောင့် သုံးနှစ်မှ လေးနှစ်လျှင်တစ်ကြိမ် ဝက်သက်ရောဂါ ကပ်အသွင် ဖြစ်ပွားခြင်း ဖြစ်သည်။ ထို့ကြောင့် ၂၀၁၆ ခုနှစ်မှစတင်၍ သုံးနှစ် အကြာ ၂၀၁၉ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြန်မာတစ်နိုင်ငံ လုံးတွင်ရှိသော ကလေးငယ်များအား“ နိုင်ငံတစ်ဝန်း ဝက်သက်နှင့် ဂျိုက်သိုး ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းလုပ်ငန်း ၂၀၁၉ ” အစီအစဉ်ဖြင့် ထပ်မံဆောင်ရွက်ခြင်းပင်ဖြစ်သည်။

အားလုံးပူးပေါင်းပါဝင်ကြပါ

အသက် ၉ လမှ ၅ နှစ် ၆ လအထိ ကလေးငယ်ဦးရေ ၅၇၀,၀၀၀ ခန့် အား ဝက်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအပိုဆောင်းထိုးနှံခြင်းကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ၂၆ ရက်မှ ၂၈ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ရာ မြန်မာနိုင်ငံတွင် ဝက်သက်ရောဂါကာကွယ်မှု မရှိသော အသက်အုပ်စု ကလေး များအား ဝက်သက်ရောဂါ ကာကွယ်မှုပေးနိုင်ခြင်း၊ ဝက်သက်ရောဂါ ကပ် အသွင်ဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ခြင်းနှင့် မွေးရာပါ ဂျိုက်သိုးရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်မှု ရရှိစေမည် ဖြစ်သည်။ ထို့အပြင် နိုင်ငံတော်အစိုးရ၏ အသက်ငါးနှစ်အောက်ကလေးငယ်များ သေဆုံးမှုလျော့နည်းကျဆင်းရေး ရည်မှန်းချက်ရောက်ရှိရန် အထောက်အပံ့ဖြစ်စေ လျက်ရှိရာ မြန်မာနိုင်ငံ၌ ၂၀၂၃ ခုနှစ်တွင် ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကင်းဝေးပြီး မွေးရာပါ ဂျိုက်သိုးရောဂါ ကင်းစင်ပပျောက်စေရန်နှင့် အသက်ငါးနှစ်အောက်ကလေး သေဆုံးမှု ထပ်မံလျှော့ချနိုင်သော အကျိုးကျေးဇူးတို့ကို ရရှိစေမည်ဖြစ်သည်။ ထိုရည်မှန်းချက်အောင်မြင်ရန် နိုင်ငံအတွင်းရှိ ဌာနဆိုင်ရာများ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုအသင်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ သက်ဆိုင်ရာဒေသများမှ ရပ်မိရပ်ဖများနှင့် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှု၏ ခွန်အားတစ်ရပ်အဖြစ် အနာဂတ် မျိုးဆက်သစ်ကလေးငယ်တို့၏ ကျန်းမာကြံ့ခိုင်သော လူမှုဘဝအသီးအပွင့်ကို ခံစားရရှိစေမည်ဖြစ်သည်။ ။

မြန်မာ့အလင်း