လွိုင်ကော် ၁၀ ဇန်နဝါရီ
(၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ ပွဲတော်မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁ဝ ရက်နေ့ နံနက် (၈) နာရီက လွိုင်ကော်မြို့ စာတိုက်အဝိုင်းအနီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး နှင့် ဇနီး ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများ၊ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဆက်လက်၍ ၂၀၁၉ ခုနှစ်၊ (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ပွဲတော်မုခ်ဦးအား ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး ၊ ကယားပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးကျော်လင်းမောင် ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်စည်သူ ၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းရင်းသား/ တိုင်းရင်းသူလေးများနှင့် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။

ဆက်လက်၍ ပွဲတော်ကွင်းအတွင်းရှိ (၆၇) နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ပြခန်းများအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းရင်းသား /တိုင်းရင်းသူလေးများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ည ၇ နာရီအချိန်တွင် တိုင်းရင်းသားရိုးရာအကပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် ကျရောက်မည့် (၆၇)နှစ်မြောက် ကယားပြည်နယ် နေ့ပွဲတော်အား ဇန်နဝါရီ ၁ဝ ရက်နေ့မှ ၁၉ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်းနှင့် ပွဲတော်ကာလအတွင်းထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်မှ ကုန်စည်ပြပွဲများ၊ တိုင်းရင်း သားရိုးရာအကပြိုင်ပွဲများ၊ ကန္ဒရဝတီအလှမယ်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ ၊ Iron Cross တေးဂီတအဖွဲ့တို့နှင့်အတူ နိုင်ငံကျော်တေးသံရှင်များ၏ တေးဂီတဖျော်ဖြေပွဲများ၊ အငြိမ့်ဇာတ်သဘင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။
ထွန်းလေး