မန္တလေး ၂၈ နိုဝင်ဘာ

မြန်မာ့လက်မှုလုပ်ငန်းတစ်ခုဖြစ်သော ရိုးရာထီးလုပ်ငန်းကို မဟာအောင်မြေမြို့နယ်၊ ၄၂ လမ်း၊ စိန်ကျော်ကွေ့ခုံးကျော် တံတားတောင်ဘက် ၈၄၀ ရပ်ကွက် (ယခင် မြောက်ရွာသစ်)တွင် ရိုးရာထီးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ရောင်းအား ပိုမိုကောင်းလာသဖြင့် ထီးလုပ်ငန်းလုပ်ကိုင်သူ များပြားလာကြောင်း သိရသည်။

 

6583

 

“ အရင်က ဝါတွင်းတွေဆို အလုပ်ပါးလို့ ထီးလုပ်ငန်းတွေ ရပ်ထားရတယ်။ အခုဆို အော်ဒါတွေများလာလို့ ဝါတွင်းလည်း မနားရတော့ဘူး။ အရင်က ရပ်ကွက်ထဲမှာ ထီးလုပ်တာ ၂ ဆိုင်လောက်ဘဲရှိတာ။ အခုဆို ၈ ဆိုင်လောက်ထိ ထီးလုပ်တဲ့သူတွေ တိုးလာတယ်။ အရင်က ထီးခေါင်းတွေကို အသားကောင်းတွေနဲ့ လုပ်တာ။ ထီးခေါင်းပြုလုပ်တဲ့အခါ  ကျွန်းလည်းသုံးလို့ မရဘူးလေ။ အဲတော့ လက်ပံသား ပြောင်းသုံးခဲ့တယ်။ ရေရှည်မခံဘဲ ပိုးထိုးတာတွေ ဖြစ်တယ်။ အဲဒါနဲ့ ရေရှည်ခံအောင် ကော်ခေါင်းတွေ ပြောင်းသုံးခဲ့တယ်။ ပြောင်းသုံးတာ ၂ နှစ်လောက်ဘဲ ရှိပါသေးတယ် ” ဟု ရိုးရာထီးလုပ်ငန်း လုပ်ကိုင်သူ ကိုမြင့်စိုး က ပြောသည်။

 

0064

 

ထီးပြုလုပ်ပုံနှင့် ပတ်သက်၍ ဝါးကိုဖြတ်ကာ ဒေါက်စိပ်ပြီး ရေစိမ်ရကြောင်း၊ ထီးလက်သပ် အပေါက်ဖောက်ကာ ဝါးများကို ထီးအရွယ်အစားလိုက်၍ စိပ်ပြီး အချောသတ်ရကြောင်း၊ မူလခါးဖောက်ထားသည့် နေရာတွင် ခါးခွဲကာ ထီးလက်တံများအပေါ် အပေါက်ဖောက် အဖျားတပ်ပြီး နှစ်ဖက်ချွန်ကာ ကြိုးဖြင့်သီရကြောင်း၊ ထီးခေါင်းပြုလုပ်ရာတွင် ခူသန်သစ်သားပွကို ပွတ်လုံးထိုးလွှဖြင့် စိတ်ကာ ထီးခေါက်များဆက်ရန် အပေါက်များဖောက်ပြီး တစ်ချောင်းစီသွင်း၍ ခေါင်ကို ကြိုးဖြင့်ချည်ရကြောင်း၊ ပိတ်ကပ်ပြီး အနားဖြတ်ကာ ကော်သုတ်နေလှန်း၍ ရွှေချရကြောင်းနှင့် ထီးအုံအတွင်း ရောင်စုံကြိုးများဖြင့် ကြိုးထိုးကာ အလှဆင်ကြောင်း သိရသည်။

 

4631

 

“ ထီးတွေက ရောင်းအား ပိုကောင်းလာတယ်။ အရင်က ဘုန်းကြီးထီးတွေ ပိုရောင်းရတယ်။ အခုကျ ရွှေထီးတွေနဲ့ အလှဓာတ်ပုံ ရိုက်တဲ့သူတွေ၊ ဟိုတယ်တွေက မှာတာတွေကြောင့် ထီးတွေက ရောင်းအားပိုကောင်းလာတယ်။ ဘုန်းကြီးဆောင်းထီးတွေလည်း ပျောက်ကွယ်သွားတယ် မရှိပါဘူး။ ကျောင်းထိုင်ဘုန်းကြီးတွေက အော်ဒါမှာတဲ့အခါ လုပ်ပေးရတာလေးတွေ ရှိတယ်။ ကျွန်တော် ထီးလုပ်ငန်းလုပ်တာ ၂၅ နှစ်ရှိပါပြီ။ ကျွန်တော်တို့ ဘိုးဘွားတွေ လက်ထက်ကတည်းက လုပ်ကိုင်လာတာဆိုတော့ ဒီမှာ ထီးလုပ်ငန်းလုပ်နေကြတာ တော်တော်ကြာပါပြီ ” ဟု ရိုးရာထီးလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးက ပြောသည်။

 

0437

 

ရိုးရာထီးများကို မြန်မာနိုင်ငံအနှံ့အပြားသို့ တင်ပို့ရောင်းချရပြီး အထူးသဖြင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မြစ်ကြီးနားသို့ အများဆုံး တင်ပို့ရောင်းချရကြောင်း၊ ထီးပြုလုပ်ရာတွင် ထီးခေါင်း၊ ဝါး၊ ပိတ်စများဖြင့် ပြုလုပ်ရပြီး အရွယ်အစားကို လိုက်၍ ထီးတစ်လက်လျှင် ၃၅၀၀ မှ ၆၅၀၀၀ ကျပ်ထိ စျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

တင်ဇာလှိုင် (ပြန်/ဆက်)