၂၈ နိုဝင်ဘာ

ကျားဖောင်ဖြင့် ငါးဖမ်းနည်းကို ဆက်လက်ခွင့်ပြုရန် သင့်၊ မသင့် အားလုံးဝိုင်းဝန်း အဖြေထုတ်သင့်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က တိုက်တွန်းပြောကြားသည်။

"ဒီလုပ်ငန်းဟာ ရိုးရာငါးဖမ်းနည်းဖြစ်တဲ့အတွက် ပင်လယ်ထဲမှာ ခုနှစ်လကြာ ဖောင်ပေါ်မှာပဲနေရတဲ့ ငါးဖမ်းနည်း၊ ဒီငါးဖမ်းနည်းက လူ့အခွင့်ရေးအရဖြစ်စေ လုပ်ငန်းခွင်သတ်မှတ်ချက်အရပဲဖြစ်စေ ဆက်ရှိသင့်လား မရှိသလား ဆိုတာတော့ အားလုံးဝိုင်းစဉ်းစားကြ၊ လိုင်စင်ထုတ်ပေးပြီးတော့ ဒီလုပ်ငန်းကို ဆက်ပြီး ခွင့်ပြုမလား မပြုဘူးလား ဆိုတာ ဘက်စုံဝိုင်းစဉ်းစား၊ လူ့အခွင့်ရေးဘက်ကရော လုပ်ငန်းခွင်အခြေအနေရော Safety ပိုင်းတွေရော အကုန်လုံးဝိုင်းစဉ်းစား၊ ကျွန်တော်တို့က မရှိသင့်ဘူးပြောရင် ကျွန်တော်တို့တရားခံဖြစ်မယ်၊ နိုင်ငံရေးသမားက မရှိသင့်ဘူးပြောရင် အဲဒီနိုင်ငံရေး သမား မဲမရဘူးဖြစ်မယ်၊ သဘောက လူတွေအများကြီး လုပ်နေတာကိုး၊ သို့သော် ဒါ အားလုံးဝိုင်းပြီး စဉ်းစားပြီးတော့ အဖြေထုတ်ရမယ်"ဟု ဦးဝင်းကြိုင် ကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သော မိသားစုက ကျပ်ခုနစ်သိန်းဖြင့် ပြန်လည်ရွေးယူခဲ့ရသည့် တက္ကသိုလ် ကျောင်းသားဖြစ်စဉ်အပါအဝင် ကျားဖောင်ပေါ်၌ လူကုန်ကူးခံရသည့် အမှုများနှင့်စပ်လျဉ်း၍ လူကုန်ကူးမှုဖြစ်စဉ်မှ ဖြစ်ပွားခဲ့သော ကျားဖောင်ကိုသာဖော်ပြစေလိုပြီး ကျားဖောင်လုပ်ငန်းအားလုံး သိမ်းကျုံး ဖော်ပြပါက မြန်မာနိုင်ငံရေလုပ်ငန်းအတွက် အီးယူ၏စီးပွားရေးပိတ်ဆို့မှုကို ခံရနိုင်ကြောင်း ၎င်းက ဆက်ပြော သည်။

"အခုဝိုင်းရေးကြတဲ့ ဝိုင်းပြောလို့ဖြစ်နေတဲ့အဖြစ်က အဲဒီဖျာပုံပင်လယ်ပြင်ဟာ ငရဲခန်းကြီးလို ဖြစ်ပြီးတော့ မတရား ခိုင်းစေမှုတွေ ညှဉ်းပန်းနှိပ်စက်မှုတွေ လူကုန်ကူးမှုတွေနဲ့ အင်မတန်မှ ယိုးဒယားတွေ အင်ဒိုနီးရှားကျွန်းပေါ်မှာ လုပ်သလို ဒေသကြီး ဖြစ်ပြီးတော့ အဲဒီအဖြစ်က ဒီမှာရေးရင်မကဘဲနဲ့ နိုင်ငံတကာကို ရောက်သွားပြီ၊ အခု
Guardian ကရေးတယ်၊ ဒီသတင်းကို ဧရာဝတီတို့ BBC တို့ကလည်း ရေးတယ်၊
အဲဒီလိုရေး လိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့နိုင်ငံမှာ ရေလုပ်ငန်းရဲ့ ထွက်ကုန်တွေက ဒီလိုညှင်းပန်း နှိပ်စက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ပြီးတော့ ထုတ်လုပ်နေပါတယ်လို့ ဆိုခဲ့ရင် စွပ်စွဲခဲ့ရင် ရခိုင်အတွက် Action လုပ်ဖို့ဟာကိုတောင် တော်တော်တားထားရတယ်၊ မလုပ်ပါနဲ့လို့ နည်းမျိုးစုံနဲ့ တည်းတည်းလေးဘဲရှိနေတာ၊
ဒီဟာက မီးလောင်ရာ လေပင့်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ရေးသားတင်ပြမှုဟာ အဲဒီအထိ ရောက်သွားခဲ့ရင် တိုင်းပြည်စီးပွားရေးနဲ့ ရေလုပ်ငန်းရဲ့ စီးပွားရေးကို အထိနာလိမ့်မယ်"ဟု ဦးဝင်းကြိုင် က ပြောသည်။

အဆိုပါကျားဖောင်များဖြင့် ပင်လယ်ပြင်တွင် အလုပ်လုပ်သူ သုံးသောင်းခန့်ရှိပြီး ယင်းလုပ်သားအများစုမှာ မြန်မာပြည်အရပ်ရပ်က အဆက်အသွယ် မျိုးစုံ၊ အကြောင်းမျိုးစုံဖြင့် လာ​ရောက်လုပ်ကိုင်နေကြပြီး စရိုက်မျိုးစုံနှင့် ပြဿနာမျိုးစုံရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။

"ကျားဖောင်လုပ်ငန်းမှာ ခဏခဏ ကြားရတယ်၊ ရာဇဝတ်မှုတွေ လူသတ်မှုတွေဖြစ်တယ်၊ ညှဉ်းပန်းနှိပ်စက်မှု တွေဖြစ်တယ်၊ အမျိုးမျိုးတွေဖြစ်တယ်၊ ကျွန်တော်တို့လည်း သိတယ်၊ စဉ်းစားကြည့်ပေါ့ဗျာ၊ ပင်လယ်ထဲမှာ လူသုံးသောင်းလောက် စရိုက်မျိုးစုံနဲ့နေတော့ ပြဿနာမျိုးစုံ ရှိမှာပဲ"ဟု ဦးဝင်းကြိုင် က ဆက်ပြောသည်။

ထိုသို့ ကျားဖောင်များပေါ်တွင် ဖြစ်ပေါ်နေသော ပြဿနာများ ဖော်ထုတ်ရန်အတွက် ဖျာပုံတွင် အုပ်ချုပ်ရေးပိုင်းနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေး၊ မြို့နယ်အုပ်ချုပ်ရေး၊ ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဒေသဆိုင်ရာ ရဲကင်းများရှိသည့်အပြင် လူကုန်ကူးမှုများ မကြာခဏ ဖြစ်ပေါ်နေသောကြောင့်
လူကုန်ကူးမှု တိုက်ဖျက်ရေးမှ တပ်စုတစ်စု ရုံးစိုက်ထားပြီး အလုပ်သမားရုံးလည်းရှိကြောင်း၊ ထို့ပြင် ဖျာပုံခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်နှင့် ယင်းအဖွဲ့ချုပ်အောက်တွင် အင်္ဂလန်ကျားပိုက်အသင်းနှင့် မျောပိုက်အသင်းရှိကြောင်း သိရသည်။

ထိုသို့ အဖွဲ့အစည်းများရှိ​သော်လည်း ကျားဖောင်များပေါ်တွင်  လူအခွင့်အရေး ချိုးဖောက် ကျွန်ပြုခံရမှုများရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်အတွက် ကျားဖောင်လုပ်ငန်းများကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း လာမည့်လဆန်းပိုင်းတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျားဖောင်လုပ်ငန်းများသည် ပွင့်လင်းရာသီတွင် ကမ်းနှင့်မိုင်  ၅၀ ခန့်ဝေးသည့် မုတ္တမပင်လယ်ကွေ့အတွင်း ခုနှစ်လခန့် အထိုင်ချ၍ ဝါးဖောင်များနှင့်  ပိုက်ထောင်ကာ ငါး၊ပုဇွန်များကို ဖမ်းယူသည့်လုပ်ငန်း​ဖြစ်ပြီး ထွက်ရှိသည့် ကုန်များနှင့် ယင်းကျားဖောင်များသို့ ပို့မည့် ရိက္ခာများကို စက်လှေဖြင့် အဆက် အသွယ်လုပ်ဆောင်ရကြောင်း၊


ယင်းလုပ်ငန်းမှ  ပုဇွန်ခြောက် အများဆုံး ထွက်ရှိပြီး ထွက်ရှိသည့်ပုဇွန်များကိုလည်း ပြည်တွင်းစားသုံးမှု သာမက  ပြည်ပနိုင်ငံ များကိုလည်း တင်ပို့ရောင်းချလျှက်ရှိကြောင်း သိရသည်။

ထို့ပြင် ယင်းလုပ်ငန်းမှ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နှင့် မွေးမြူရေး တိရစ္ဆာန်အစာများလည်း ထွက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အတွင်းက အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ ကျွန်းပေါ်တွင် ထိုင်းငါးဖမ်းသင်္ဘောများက မြန်မာရေလုပ်သားများကို ကျွန်ပြုခိုင်းစေခဲ့သည့် ဖြစ်စဉ်များ သတင်းမီဒီယာများတွင် ဖော်ပြခဲ့ပြီးနောက် အဆိုပါ ကျွန်ပြုခိုင်းစေမှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို မဖြေရှင်းပါက ရေထွက်ကုန်များကို ဝယ်ယူမည် မဟုတ်ကြောင်း အီးယူ ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများက သတိပေးကြေညာခဲ့ပြီး  ထိုင်းရေလုပ်ငန်းအပေါ် အရေးယူစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကာ လက်ရှိအချိန်ထိလည်း စောင့်ကြည့်မှုများရှိကြောင်း သိရသည်။

Nyein Nyein