ရန်ကုန်-နိုဝင်ဘာ ၂၉
မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများမိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ် ဥပဒေ အကောင်အထည် ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI) ၌ ကျင်းပသည်။
အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အဖွင့်အမှာစကား ပြောကြားပြီး UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မျိုးသက်နှင့် မြန်မာနိုင်ငံ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း တို့က နှုတ်ခွန်းဆက် စကားပြောကြားကြသည်။
ဒုတိယဝန်ကြီး ဦးအောင်ထူးက “ မြန်မာနိုင်ငံမှာ ဈေးကွက်စီးပွားရေးစနစ်ကို ဖွင့်လှစ်ခဲ့ပြီး စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ မူပိုင်ခွင့် စနစ်က နိုင်ငံတစ်ခုရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူဖြစ်စေတဲ့အတွက် အခြားနိုင်ငံတွေ နည်းတူ မူပိုင်ခွင့်စနစ် ထူထောင်နိုင်ဖို့ အရေးကြီးလှပါတယ်။ ဒီစနစ်ဟာ ဖန်တီးသူနဲ့ သုံးစွဲသူတို့အကြားမှာ အကျိုးစီးပွား ဟန်ချက်ညီစေတဲ့အပြင် ဆန်းသစ်တီထွင်မှုတွေ ဖွံ့ဖြိုး တိုးတက် စေဖို့ အားပေး ဆွဲဆောင်နိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီသည့် မူပိုင်ခွင့်ဥပဒေများကို အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ဆယ်စုနှစ် တစ်ခုကျော်အထိ ဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကုန်အမှတ် တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ ၊ ၂၀၁၉ ခုနှစ် မတ် ၁၁ ရက်တွင် တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် ၂၀၁၉ ခုနှစ် မေ ၂၄ ရက် တွင် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း ဒုတိယဝန်ကြီးက ဆက်လက် ပြောကြားသည်။
မြန်မာနိုင်ငံ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက “ကုန်အမှတ်တံဆိပ်ဆိုတာက နိုင်ငံတကာကို ယှဉ်ပြိုင် နိုင်တဲ့အတွက် သတ်မှတ်ထားတဲ့ စံနှုန်းပြည့်အောင်လုပ်ဖို့တော့ လိုပါတယ်။ တစ်ခါတစ်ရံ မိရိုးဖလာ လုပ်ထားတဲ့ ကုန်အမှတ်တံဆိပ်က မပီပြင်တာတွေရှိတယ်၊ ဒါတွေကိုလည်း အကြံပြုပြီး ဆောင်ရွက်သွားဖို့ရှိပါတယ်။ မိမိကုန်ပစ္စည်း နိုင်ငံတကာမှာ ထိုးဖောက် နိုင်တဲ့အခါ ဒီအရည်အသွေးကို သူတစ်ပါးခိုးယူလို့မရပါဘူး။ မိမိကုန်ပစ္စည်း နည်းပညာတွေ မခိုးနိုင်ဖို့ ဒီဥပဒေက ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။
မူပိုင်ခွင့်ဥပဒေများ ပြဋ္ဌာန်းကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိခြင်း၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းသစ်များ ပေါ်ပေါက် လာနိုင်ခြင်း၊ အဆင့်မြင့်နည်းပညာများကို လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက် လာခြင်း၊ တီထွင်ဖန်တီးသူနှင့် သုံးစွဲသူများအကြား အကျိုးအမြတ်ကို မျှတစွာ ခွဲဝေခံစားစေခြင်းဖြင့် စာပေ အနုပညာနှင့် စက်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုများ ပေါ်ထွန်းလာနိုင်ခြင်းကြောင့် လူနေမှု အဆင့်အတန်း မြင့်မားလာ နိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။
သတင်း - မွန်းဦးနဒီ
ဓာတ်ပုံ - ဇော်မင်းလတ်