ပုဂံ ၂၉ နိုဝင်ဘာ
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ - ညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ယနေ့နံနက်ပိုင်းတွင် ၂၀၁၆ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ထိန်းသိမ်းမှု အခြေအနေများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ - ညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေး ဦးစီးကော်မတီ၏ စတုတ္ထအကြိမ်မြောက်အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ဒုတိယသမ္မတသည် နံနက် ၈ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ အကြံပေးအဖွဲ့နှင့် ပညာရှင်အဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်း အဆောက်အုံဘုရားအမှတ် (၁၅၉၇) သဗ္ဗညုဘုရားသို့ရောက်ရှိပြီး ရှေးမူမပျက် ဆက်လက်ပြုပြင် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် လက်ထောက်အင်ဂျင်နီယာ ဒေါ်သန္တာအောင်တို့က ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ရှေးဟောင်းအဆောက်အုံဘုရားအမှတ် (၁၈၁၂) ထီးလိုမင်းလိုဘုရားသို့ ရောက်ရှိပြီး ရှေးမူမပျက် ဆက်လက်ပြုပြင်ဆောင်ရွက် နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ အဆောက်အဦ ဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲမင်းဇော်က ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယသမ္မတသည် ရှေးဟောင်းအဆောက်အအုံ ဘုရားအမှတ် (၄၇၇၊၄၇၈၊၄၇၉) ဘုရားသုံးဆူသို့ရောက်ရှိပြီး ရှေးမူမပျက် ဆက်လက်ပြုပြင် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော် က ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယသမ္မတသည် ရှေးဟောင်းအဆောက်အအုံဘုရား အမှတ် (၁၂၃၉) နန်းဘုရားသို့ ရောက်ရှိပြီး ရှေးမူမပျက်ဆက်လက်ပြုပြင် ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်၊ German Bagan Stone Conservation Project Director Prof. Dr.Hans Leisen နှင့် Dr. Esther von Plehwe-Leisen တို့က ရှင်းလင်း တင်ပြကြသည်။
ဒုတိယသမ္မတသည် သဗ္ဗညုဘုရား၊ ထီးလိုမင်းလိုဘုရား၊ ဘုရားသုံးဆူနှင့် နန်းဘုရား တို့အားကြည့်ရှု စစ်ဆေးစဉ်အတွင်း ငလျင်ဒဏ်ခံစေတီပုထိုးများကိုပြုပြင်ထိန်း သိမ်းကြရာတွင် ပညာရှင်များ၏ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက် သွားကြရန်နှင့် နောင်ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးဒဏ်များအတွက် ပါမျှော်မှန်းပြီးခံနိုင်ရည် ရှိရန်အတွက် မူလပုံစံမပျက် ထိန်းသိမ်းပြုပြင် ဆောင်ရွက်သွားကြရန်မှာကြားသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရောက်ရှိပြီး ပြတိုက်အတွင်းရှိ ပြခန်းများကို ကြည့်ရှုလေ့လာရာ ပြတိုက်တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးညီမွန်း က လိုက်လံရှင်းလင်းပြသည်။
ထို့နောက် ဒုတိယသမ္မတသည် ပုဂံရှေးဟောင်းသုတေသနပြတိုက် အစည်းအဝေးခန်းမ၌ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ - ညောင်ဦး ဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများပြုပြင် ထိန်းသိမ်းရေးဦးစီး ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြားသည်။
အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ က ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ကျော်က ရှေးဟောင်းအဆောက် အအုံများကို တစ်စုတစ်ဝေးတည်း တွေ့ရနိုင်သော မြန်မာတို့၏ အဖိုးမဖြတ်နိုင်သည့် ဒေသတစ်ခုဖြစ်ပါကြောင်း၊ ယခုဆိုလျှင် နိုင်ငံတစ်နိုင်ငံလုံး အနေအထားဖြင့် ပါဝင်ဆောင် ရွက်ပေးခဲ့သည့်အတွက် ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဒေသတစ်ခုဖြစ် လာခဲ့ပါကြောင်း၊ ပုဂံယဉ်ကျေးမှုနယ်မြေသည် မြန်မာနိုင်ငံ၏ အထင်ကရနယ်မြေဖြစ် သကဲ့သို့ နိုင်ငံတကာက အထူးစိတ်ဝင်စားသည့် နယ်မြေလည်း ဖြစ်လာပါကြောင်း။
၂၀၁၆ ခုနှစ် သြဂုတ် (၂၄)ရက် ညနေ ၅နာရီ ၅ မိနစ်တွင် အင်အား ရစ်ချ်စတာစကေး (၆ ဒသမ ၈)အဆင့်ရှိသည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပုဂံယဉ် ကျေးမှုအမွေအနှစ်ဒေသရှိ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အအုံများအနက် (၃၈၉)ဆူ ထိခိုက်ပျက်စီးခဲ့ပါကြောင်း၊ အဆိုပါထိခိုက် ပျက်စီးမှုများကို စနစ်တကျပြုပြင် ရေးနှင့်ရေရှည်ကြံ့ခိုင်စေရေးအတွက် ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် “ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံညောင်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများပြုပြင် ထိန်းသိမ်း ရေးဦးစီးကော်မတီ” ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သကဲ့သို့ လုပ်ငန်းကော်မတီများ၊ ဆပ်ကော်မတီများ၊ အကြံပေးအဖွဲ့ (Advisory Team)၊ ပညာရှင်အဖွဲ့ (Technical Expert Team) နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတို့ကဲ့သို့ လိုအပ်သည့်အဖွဲ့အစည်းများကိုလည်း ဖွဲ့စည်းခဲ့ပါကြောင်း။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပဧည့်သည် လာရောက်လည်ပတ် ခဲ့သည့်ဦးရေမှာ (၃) သိန်းခန့်ရှိပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်တွင်(၄)သိန်းကျော် လာရောက် လည်ပတ်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာ့အမွေအနှစ် ဒေသဖြစ်လာပြီးနောက် ပြည်ပဧည့်သည် လာရောက်လည်ပတ်မှုများသည်ဆက်လက် တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေကို စဉ်ဆက်မပြတ် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်သွားကြရန် ပိုမိုလိုအပ်မည်ဖြစ်ပါကြောင်း။
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ငလျင်ပြီးပြီးချင်းမှာပင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဒေသအာဏာပိုင်များ၊ ပြည်သူများနှင့် ပရဟိတအဖွဲ့များ ကအင်တိုက်အား တိုက်ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း၊ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ရှေးဟောင်းစေတီပုထိုးများကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် UNESCO အဖွဲ့အစည်း အပါအဝင် ပြည်တွင်း၊ ပြည်ပပညာရှင်များဖြင့်ညှိနှိုင်း ဆွေးနွေးမှု အရပျက်စီးခဲ့သည့် (၃၈၉) ဆူတွင် ပထမဦးစားပေးပြုပြင်ထိန်းသိမ်းရန် (၃၆) ဆူ၊ ဒုတိယဦးစားပေးပြုပြင်ထိန်းသိမ်းရန် (၅၃) ဆူ၊ တတိယဦးစားပေးပြုပြင်ထိန်းသိမ်းရန် (၇၆)ဆူနှင့် အသေးစားပြုပြင်ရန်(၂၂၄)ဆူ ခွဲခြားသတ်မှတ်ခဲ့ပါကြောင်း၊ ငလျင်ဖြစ်ပွားပြီး ယနေ့အထိ (၃)နှစ်ကာလအတွင်း ပထမဦးစားပေး အဖြစ် (၂၆) ဆူ၊ ဒုတိယ ဦးစားပေးအဖြစ်(၄၃)ဆူ ၊ တတိယဦးစားပေးအဖြစ် (၆၆)ဆူနှင့် အသေးစားပြုပြင်ခဲ့သည့် စေတီ(၂၂၄)ဆူ အပါအဝင် စုစုပေါင်း (၃၅၉)ဆူကို ရှေးမူပုံစံမပျက် ပြုပြင်ထိန်းသိမ်း ပြီးဖြစ်ပါကြောင်း၊ လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ(၁၉)ဆူနှင့် ဆောင်ရွက်ရန် ကျန်(၁၁) ဆူသာရှိသည်ကိုတွေ့ရပါကြောင်း၊ ငလျင်လှုပ်ခတ်ပြီးနောက် ပြန်လည်ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ ဆက်စပ်ဌာနများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဒေသခံများ၊ ဒေသတွင်း မှအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း။
ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ထပ်မံဖြစ်ပွားလာနိုင်သည့် သဘာဝ ဘေးအန္တရာယ်များအတွက်ပါ မျှော်မှန်းတွက်ချက်ပြီး (၄)နှစ်စီမံကိန်းချမှတ်ကာ နှစ်အလိုက် အဆင့်ဆင့် ကြိုတင်ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကိုပါ ဆောင်ရွက်သွားရန် လျာထားဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ငလျင်ဒဏ်ခံစေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းရာတွင် ရေရှည်ကြံ့ခိုင်စေရန်ရည်မှန်း၍ အချိန်ယူကာမူလပုံစံအတိုင်း ပြုပြင်သွားရန် အလေးအနက်ပြောကြားလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပြုပြင်ထိန်းသိမ်းရန် ကျန်ရှိနေသေးသည့် စေတီပုထိုး(၁၁)ဆူကိုလည်း ရေရှည်ကြံ့ခိုင်စေရန်ရည်မှန်း၍ အချိန်ယူကာ မူလပုံစံအတိုင်း ပြုပြင်ထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ နောင်ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်များ အတွက်ပါ မျှော်မှန်းတွက်ချက်၍ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၏ နည်းပညာအကူအညီများ ရယူဆောင်ရွက်သွားရန်၊ ၄င်းအပြင် အသုံးပြု မည့်ပစ္စည်းများကိုလည်း ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာစံချိန်စံညွှန်းပြည့် မီသည့်ပစ္စည်းများကို အသုံးပြု ဆောင်ရွက်သွားရန်၊ ရှေးဟောင်းအမွေအနှစ် နှင့်ကိုက်ညီပြီး စံချိန်စံညွှန်းပြည့်မီသည့် ပစ္စည်းဖြစ်ရေးအတွက် သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာန များမှအကူအညီပေးရန်နှင့် ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းများအားလုံး စဉ်ဆက်မပြတ်ညှိနှိုင်းတိုင်ပင်၍ စည်းစည်းလုံးလုံးဖြင့် စီမံကိန်း ချမှတ်ဆောင်ရွက်သွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြန်လည်ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်သည့်အခါတွင် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ရှုထောင့်ကလည်း ရှုမြင်ရန်လိုအပ်သကဲ့သို့ ပုဂံဒေသသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်လာပြီဖြစ်သည့် အတွက်နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ရေးကော်မတီ၏ အကြံပြုချက် များအရ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ စနစ်တကျ ထိန်းသိမ်းသွားကြရမည်ဖြစ်ပါကြောင်း။
ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများအတွက် ပြည်တွင်း၊ ပြည်ပ မှ သဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများလှူဒါန်းခဲ့ကြရာ ၂၀၁၆ ခုနှစ် ငလျင်ဖြစ်ပွားခဲ့ချိန်မှ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၃၁)ရက်အထိ မြန်မာကျပ်ငွေ (၆၅,၇၂၄)သိန်းကျော်၊ အမေရိကန်ဒေါ်လာ (၁၁)သိန်းခန့်၊ ထိုင်းဘတ်ငွေ (၁၀,၈၂၀)၊ စင်္ကာပူ ဒေါ်လာ (၇,၂၅၀)၊ ဂျပန်ယန်း (၃၀,ဝ၀ဝ) အပါအဝင် တရုတ်ယွမ်၊ မလေးရှားရင်းဂစ်၊ ကိုရီးယားဝမ်၊ ဥရောပသုံးငွေယူရိုတို့ကိုပါ လက်ခံရရှိထားပါကြောင်း၊ အဆိုပါ အလှူ ငွေများဖြင့် ငလျင်ဒဏ်သင့် ပုဂံစေတီပုထိုးများကိုပြုပြင်ရာတွင် သတ်မှတ်ဖွဲ့စည်းထားသည့် ကော်မတီ၏ ကြီးကြပ်မှုဖြင့် စနစ်တကျ အကျိုးရှိရှိသုံးစွဲသွားကြရန် ပြောကြားလိုပါကြောင်း။
ငလျင်ဒဏ်ခံ သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ရေးအတွက် ပြန်လည်မွမ်းမံခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ ဒေသခံများအနေဖြင့် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွား ကြပါရန်နှင့် သက်ဆိုင်ရာကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်သည့်အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေး နွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြုပြင်ရန်ကျန်ရှိသည့် စေတီပုထိုးများ၏ အခြေအနေ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး၍ ပြန်လည်ဝင်ရောက်ဖူးမြော်ခွင့်ပြု ထားသည့် စေတီပုထိုးများအခြေအနေနှင့် ဘဏ္ဍာရန်ပုံငွေသုံးစွဲမှုအခြေအနေတို့နှင့် စပ်လျဉ်း၍ရှင်းလင်းတင်ပြသည်။
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း က ဦးစားပေးအစီအစဉ်အတိုင်း နှစ်အလိုက်စ ီမံချက်ချမှတ်ကာ ပြုပြင်ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လက်ရှိပြုပြင်ဆောင်ရွက်နေမှုအခြေအနေများနှင့် ရေရှည်တည်တံ့ ခိုင်မြဲပြီး ရှေးမူမပျက်ပြုပြင် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင် က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိ စေတီပုထိုးများအား အဆင့်အလိုက် ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်နေမှုများ၊ အစည်းအဝေး ဆုံဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပညာရှင်အဖွဲ့မှ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင် က Technical Expert Team အဖွဲ့၏ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ရေရှည် တည်တံ့ခိုင်မြဲရေး အတွက် ဆက်လက်ဆောင်ရွက်သွားမည့်အစီအမံများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံဗိသုကာ ပညာရှင်များ အသင်းနာယက ဒေါက်တာ ကျော်လတ် က ပုဂံဒေသရှိ စေတီပုထိုးများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် Master Plan ရေးဆွဲဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်ကောင်း၊ Technical Expert Team အဖွဲ့ဝင် ဦးစန်းကြူက Technical Expert Team အဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၏ ညှိနှိ်ုင်းရေးမှူး ဒေါ်ဥမ္မာမျိုး က နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က အလှူငွေကောက်ခံရရှိမှုများနှင့် သုံးစွဲမှုအခြေအနေများကို လည်းကောင်း၊ အဆောက်အဦ အထူးအဖွဲ့(၇)မှ လက်ထောက် အင်ဂျင်နီယာ ဒေါ်ခင်သန်းဆင့် က စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ လည်းကောင်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်း က စေတီပုထိုးများအား ပြုပြင် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ရန်ကျန်ရှိ နေမှုအခြေအနေများနှင့် နိုင်ငံတကာပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ် ကြီးရဲအောင် က ငလျင်ဒဏ်ကြောင့်ပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦးဒေသရှိ ရှေးဟောင်း ဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ကြီးဌာန အနေဖြင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်၊ ဒုတိယဝန်ကြီး ဦးကြည်မင်း နှင့် အစည်းအဝေးသို့တက်ရောက်လာကြသူများက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဒေသရှိစေတီပုထိုးများပြုပြင် ထိန်းသိမ်းဆောင်ရွက်နေမှု အခြေအနေများ၊ လုပ်ငန်းလိုအပ်ချက်များ၊ ပုဂံဒေသရေရှည် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြကြသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က အကြံပြု ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)