mdn

နေပြည်တော် ၃၀ နိုဝင်ဘာ

 

 ခေတ်မီမော်တာ အထည်ချုပ်အထူးမွမ်းမံ သင်တန်းအမှတ်စဉ်(၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗဟိုလေ့ကျင့်‌ရေး‌ကျောင်း၌ ကျင်းပသည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ နယ်စပ်ဒေသနှင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပုံဖော်ပေးရန် ဖြစ်ကြောင်း၊ သင်တန်းဆင်း သင်တန်းသူ (၁၀ဝ)ကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု စံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skill Standard Authority-NSSA) အသိအမှတ်ပြု Sewing Machine Operator Level-1 အောင်လက်မှတ်ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ပေးအပ်နိုင်ရေးအတွက် အရည်အချင်း စစ်ဆေးခဲ့ပြီး ဖြစ်ပါကြောင်း၊ အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်းတို့နှင့် ပေါင်းစပ်ညှိနှိုင်းပြီး အထည်ချုပ်စက်ရုံ (၃)ရုံတွင် ဝန်ထမ်းများအဖြစ် စနစ်တကျ တာဝန်ခွဲဝေခန့်အပ်ထားပြီး ဖြစ်ပါကြောင်း။

 

သင်တန်းသူများအနေဖြင့် မိမိတို့ သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များနှင့် ကိုယ်ပိုင်စီးပွားရေးထူထောင်၍ အသက်မွေးဝမ်းကျောင်းပြုပြီး အမျိုးဂုဏ်၊ ဇာတိ ဂုဏ်စောင့်ထိန်းပြီး လိမ္မာယဉ်ကျေး၍ အကျင့်စာရိတ္တကောင်းမွန်သည့် အမျိုးသမီးကောင်းလေးများ ဖြစ်လာစေရန်နှင့် တိုင်းပြည်ကို ချစ်မြတ်နိုးသော မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်သည့် အမျိုးသမီးများ ဖြစ်လာစေရန် ရည်ရွယ်၍ သင်ကြားလေ့ကျင့်ခဲ့ပေးပြီး ဖြစ်ပါကြောင်း။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အသက်မွေးဝမ်းကျောင်းပညာရပ်များကို လေ့ကျင့်သင်ကြား မွေးထုတ်ပေးသည့်အပြင် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး၊ နိုင်ငံအနှံ့အပြားရှိ အိမ်တွင်းမှုသင်တန်းကျောင်းများမှ သတ်မှတ်အရည်အချင်း ကိုက်ညီသည့် သင်တန်းဆင်း သင်တန်းသူများကို ခေတ်မီမော်တာ အထည်ချုပ်စက်အထူးမွမ်းမံ သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း၍ အလုပ်အကိုင်ရှာဖွေပေးသည့်အတွက် အချိန်တိုအတွင်း အကျိုးဖြစ်ထွန်းရရှိရေးကို  စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ သင်တန်းဆင်း တိုင်းရင်းသူများအား ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း (၄၅)ကျောင်းမှ အခြေခံနှင့်အဆင့်မြင့် စက်ချုပ်သင်တန်းသူ (၈၉၂၉၆) ဦး လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ခေတ်မီမော်တာ သင်တန်းဆင်း (၂၇၂၇) ဦးမွေးထုတ်ပေးနိုင်ခဲ့ကာ ရန်ကုန်မြို့ အထည်ချုပ်စက်ရုံ (၂၉)ရုံ၌ စုစုပေါင်း (၂၆၄၄) ဦး ဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဗဟိုလေ့ကျင့်ရေးတွင် ကျောင်းအုပ်ကြီးက သင်တန်းဆိုင်ရာ သင်ကြား‌ရေးကိစ္စ၊ တည်ဆောက်ရေး၊ အုပ်ချုပ်မှုနှင့် သက်သာချောင်ချိ‌ရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် သင်တန်းသား/သူ (၄) ထပ်စာသင်ဆောင်ကို သွား‌ရောက်ကြည့်ရူစစ်ဆေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ရောက်ရှိရာ ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးက ခရိုင်ရုံးဂိုဒေါင်တွင် ထိန်းသိမ်းထားရှိသော ယာဉ်ယန္တရားကြီးများ၏ ကောင်းမွန်စွာ အသုံးပြုနိုင်‌ခြင်းနှင့် ကြံ့ခိုင်မှု ထိန်းသိမ်းဆောင်ရွက် ထားရှိသည့်အခြေအနေများ၊ သိုလှောင်ထားရှိသည့် ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ယာဉ်ယန္တရားများ အမြဲတမ်းအသုံးပြုနိုင်‌ရေး၊ အသင့်အနေ အထားရှိစေရေး၊ ကြံ့ခိုင်မှုပုံမှန်ပြုလုပ်ရေး၊ ပြင်ဆင်ရန် လိုအပ်သည်များကိုလည်း ချက်ချင်းပြုပြင်ရန်နှင့် လိုအပ်ချက်ရှိပါက ရုံးချုပ်သို့ တင်ပြသွားရန်၊ ဂိုဒေါင်ရှိ ထောက်ပံ့‌ရေးပစ္စည်းများ အလေအလွင့် မရှိစေရေး၊ စာရင်းဇယားများ မှန်ကန်စနစ်တကျရှိစေရေး မှာကြားခဲ့ပြီး မကြာမီလုပ်ငန်းခွင်များသို့ ပို့ဆောင်မည့် ယာဉ်ယန္တရားကြီးများ၏ ကြံ့ခိုင်မှုအခြေအနေကို လှည့်လည်ကြည့်ရူစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်