နေပြည်တော် ၂၁ မတ်
တပေါင်း၊ တန်ခူး၊ ဧပြီ၊ မေလများသည် ပူပြင်းသော နွေရာသီကာလဖြစ်သည်။ ပြည်သူများ အပူဒဏ်ကို စတင်တွေ့ထိခံစားကြရပြီး အပူဒဏ်နှင့်ပတ်သက်သည့် လူတို့၏ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပြုမူသွားလာနေထိုင်မှုများကို သတိပြုဆင်ခြင် ရှောင်ရှားကြရန် လိုအပ်ပေသည်။
လူတို့အနေဖြင့် ပရိယေသန ဝမ်းစာကို ရှာမှီးကြရာ၌ နေပူပူ၊ မိုးရွာရွာအမှုမထားဘဲ သွားလာလုပ်ကိုင် တတ်ကြသည်။ လက်လှုပ်မှ ပါးစပ်လှုပ်နိုင်သော အခြေခံလူတန်းစားပြည်သူများအဖို့ အပူဒဏ်ကို အန်တု၍ ရုန်းကန်လှုပ်ရှား ဝမ်းစာရှာကြရသည်။ သို့သော် ကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်၍ ဤကဲ့သို့နွေရာသီကာလတွင် သတိပြုဆင်ခြင် လုပ်ကိုင်ကြရန်တိုက်တွန်းအပ်ပါသည်။
နွေရာသီကာလတွင် အပူဒဏ်ကြောင့် ဖြစ်ပေါ်တတ်သော ပြဿနာများနှင့် အပူရှိန်နှင့်အတူ တွဲပါလာသော ခရမ်းလွန်ရောင်ခြည် အန္တရာယ်ကိုလည်း သတိပြုရမည်ဖြစ်သည်။ ကမ္ဘာကြီးအား နေ၏အပူရှိန်နှင့် တိုက်ရိုက်မထိတွေ့စေရန်အတွက် လွှမ်းပတ်ခြုံထားသော အိုဇုန်းလွှာမှာပတ်ဝန်းကျင်ကို ပျက်စီးယိုယွင်းစေသည့် ဘေးထွက်ဆိုးကျိုးများကြောင့် တစ်စတစ်စပေါက်ပြဲလာရာ အိုဇုန်းလွှာအပေါက်ကြီးလာပြီး ကမ္ဘာမြေပေါ်သို့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ တိုး၍ကျဆင်းလာသည်။
ခရမ်းလွန်ရောင်ခြည် လူတို့ကိုထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုမည်းလာခြင်းတို့ကိုဖြစ်စေပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုကျိုးများကို ဖြစ်စေနိုင်သည်။ ခရမ်းလွန်ရောင်ခြည်နှင့်အတူ အပူဒဏ်ကိုလည်း သတိပြုရမည်ဖြစ်သည်။
အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်းတို့ကို ဖြစ်စေသည်။ အပူဒဏ်ကို ပိုမိုပြင်းထန်စွာခံစားရပြီး သွေးတိုး၊ နှလုံးရောဂါရှိသူများဖြစ်ပါက ရုတ်တရက် အသက်သေဆုံးခြင်းဖြစ်နိုင်သည်။ အပူဒဏ်ဖြစ်စေ၊ ခရမ်းလွန်ရောင်ခြည်ဖြစ်စေ အန္တရာယ်ကျရောက်မှုမဖြစ်စေရန်အတွက် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့နိုင်မှုကို တတ်နိုင်သမျှ ရှောင်ရှားပါ။ မဖြစ်မနေ အပြင်ထွက်မည်ဆိုပါက နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန်အတွက် အကာအကွယ်များ ဆောင်သွားပါ။ အကာအကွယ်လွတ်နေသော လက်၊ လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ သို့မဟုတ် နေရောင်ခံလိမ်းဆေးတို့ကို နေရောင်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းပေးပါ။ နှစ်နာရီခန့်ကြာလျှင် တစ်ခါ ထပ်လိမ်းပါ။ ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာ မျက်မှန် တပ်ဆင်ပါ။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သည့် ချည်သားထူထူပွပွ အဝတ်အထည်များ ဝတ်ဆင်ပါ။ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါရှိသူများနှင့် အရက်အလွန်အကျွံသောက်သုံးသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများသည် အပူဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုစိုက်ပေးရန် လိုအပ်ပါသည်။
မျက်မှောက်ကာလတွင် အရက်သေစာသောက်စားကြသူများ ပိုမိုများပြားလာသည်ကို တွေ့ရသည်။ အားလျှင်လည်း အရက်သောက်၊အပန်းဖြေလျှင်လည်း အရက်သောက်၊ ပျော်လျှင်လည်း အရက်သောက်၊ စိတ်ညစ်လျှင်လည်း အရက်သောက်တတ်သည့်ဓလေ့ အချိန်အခါမရွေးပြုလုပ်သည်ကို တွေ့ရသည်။ အရက်သောက်သုံးသူများ နွေရာသီတွင် ကျန်းမာရေးအတွက် ပိုမိုသတိပြုဆင်ခြင်ရမည်ဖြစ်သည်။ နွေရာသီတွင် အရက်သောက်သူများအနေဖြင့် ရေမကြာခဏသောက်ပါ၊ အစားအစာစားပြီးမှ သောက်ပါ၊ ကိုယ်ခံအားကို သတိပြုပါ၊ မိမိကိုထိန်းသိမ်းနိုင်သော အဖော်ရှိပါ စသည်တို့ကို သတိပြုရမည်ဖြစ်သည်။
သို့ဖြစ်ရာ နွေရာသီကာလသည် အခြားရာသီကာလများနှင့်မတူဘဲ လူတို့၏ကျန်းမာရေးကို ထိခိုက်လွယ်သောကြောင့် အထူးသတိပြုဆင်ခြင် နေထိုင်ပြုမူသွားကြရမည်ဖြစ်သည်။ ပူပြင်းသော နေရောင်ခြည်၊ခန္ဓာကိုယ်ကို ထိခိုက်လွယ်သော ခရမ်းလွန်ရောင်ခြည်တို့ကို မခံရစေရေးအတွက် အမိုးအကာအကွယ်များကို အသုံးပြုကြရန် တိုက်တွန်းအပ်ပါသည်။ ။
ကြေးမုံ