၁၀ ဇန်နဝါရီ
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာဟမ် ကွာစီမီ က မိုက်ကယ်ဝှိုက် အမည်ရှိ အမေရိကန်နိုင်ငံသားတစ်ဦးကို မက်ရှ်ဟက်ဒ်မြို့တော် အရှေ့ပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုအမှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း မိုက်ကယ်ဝှိုက်ကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး မည်သည့်အချိန်က မည်သည့်စွဲချက်ဖြင့် တရားစွဲဆိုသည်စသည့် အသေးစိတ် အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြောင်း သိရသည်။
မိုက်ကယ်ဝှိုက်သည် အီရန်နိုင်ငံရှိ ၎င်း၏ရည်းစားထံ အလည်အပတ် သွားရောက်ပြီးနောက် အမေရိကန်နိုင်ငံသို့ ပြန်ရောက်လာခြင်းမရှိခဲ့ကြောင်း ဝှိုက်၏မိခင်က ပြောကြားခဲ့သည်ဟု နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြထားသည်။
နှစ်နိုင်ငံကြား ဆက်ဆံရေးတင်းမာမှု မြင့်မားချိန်တွင် ယင်းဖြစ်ရပ်ဖြစ်ပေါ်လာခြင်းဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက အီရန်ပိတ်ဆို့အရေးယူမှု တိုးမြှင့်ရန် ဖိအားပေးခဲ့ကြောင်း သိရသည်။
စောင့်ကြည့်လေ့လာသူများက ယင်းအမေရိကန်နိုင်ငံသားကို ဖမ်းဆီးထိန်းသိမ်းထားခြင်းသည် ထိပ်တိုက်ရင်ဆိုင်မှု မြင့်တက်လာနိုင်သည်ဟု ဆိုသည်။
ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို