ဆင်ပေါင်ဝဲ       ဒီဇင်ဘာ

 

မဟာဓာတ်အားလိုင်း ပြင်ပကျေးရွာများတွင် တစ်ခုအပါအဝင်ဖြစ်သည့် မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲ မြို့နယ်အတွင်းရှိ လယ်မကျေးရွာသည် ယခုအခါတွင် ၁၆၅ ကီလိုဝပ် ဆိုလာစနစ်နှင့် ၈၀ ကီလိုဝပ် အရန် ဒီဇယ်အင်ဂျင်စနစ်ကို ပေါင်းစပ်ဆောင်ရွက်ထားသည့် ဆိုလာအသေးစား လျှပ်စစ် ဓာတ်အားလိုင်းစနစ်ဖြင့် အိမ်ထောင်စုပေါင်း ၄၀ဝ ခန့် လျှပ်စစ်ဓာတ်အား အသုံးပြု လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ဆိုလာအသေးစားဓာတ်အားလိုင်းစနစ် မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါကျေးရွာ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြင်သစ်သံရုံးမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ် မှတာဝန်ရှိသူများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

04

 

"အသေးစား ဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းတွေဟာ မီးအလင်းရောင်အတွက်သာမက ကျေးလက် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသေးစား ကုန်ထုတ်လုပ်ငန်း၊ အသေးစားစက်မှု လုပ်ငန်း‌တွေကိုပါ ကျွဲကူးရေပါ ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်တာဖြစ်လို့ အသေးစား ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုး‌စေရေးအတွက် သက်ဆိုင်ရာဌာနအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းမှာကြားလိုပါတယ်"ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

 

 

အဆိုပါ အသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ၆၀ ရာခိုင်နှုန်း၊ Mandalay Yoma Energy ကုမ္ပဏီမှ ၂၀ ရာခိုင်နှုန်း၊ လယ်မကျေးရွာမှ ၂၀ ရာခိုင်နှုန်း ထည့်ဝင်ဆောင်ရွက်ခြင်းဖြစ်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၇ ဒဿမ ၈ သန်း ကုန်ကျကြောင်း သိရသည်။

 

"အရင်က မီးမရတာနဲ့ စာရင်တော့ တော်တော်‌လေး အဆင်ပြေသွားတယ်။ ဒါပေမယ့်  တစ်ယူနစ်ကို လေးရာပေးရတော့ လျှပ်စစ်မီးအသုံးများတဲ့အိမ်ဆို ကုန်ကျစရိတ်များတယ်။ လောလောဆယ်မှာ အိမ်တိုင်းတော့ မသုံးနိုင်သေးဘူး။ တစ်ရွာလုံးရဲ့ ၈၀ ရာခိုင်ရာနှုန်းလောက်ပဲ သုံးကြသေးတယ်။ လျှပ်စစ်သုံးစွဲခယူနစ် ဒီထက်နည်းသွားမယ်ဆိုရင်တော့ ပိုပြီး အဆင်ပြေ သွားမှာပါ။ နောက်တစ်ခုက လျှပ်စစ်မီးရလာတာနဲ့အတူ သုံးစွဲမှုအန္တရာယ်ကင်းရှင်းရေး အသိပညာပေးမှုတွေကိုလည်း တာဝန်ရှိတဲ့သူတွေအနေနဲ့ ဆောင်ရွက် ပေးစေချင်ပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

ဆိုလာအသေးစား လျှပ်စစ်ဓာတ်အားလိုင်းစနစ်အား ကမ္ဘာ့ဘဏ်၏ကူညီမှုဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေးစီမံကိန်း(NEP) မဟာဓာတ်အားလိုင်းပြင်ပ(Off-Grid)၊ ကျေးလက် မီးလင်းရေး အစီအစဉ် တစ်ခုအနေဖြင့်ဆောင်ရွက်ခြင်းဖြစ်ပြီး ဂျာမနီပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(GIZ)မှ နည်းပညာပံ့ပိုးကူညီကြောင်းသိရသည်။

 

သတင်းနှင့်ဓာတ်ပုံ-အေးမင်းသူ