နေပြည်တော် ၄ ဒီဇင်ဘာ
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ ပဉ္စမအကြိမ် အစည်းအဝေး (၂/၂၀၁၉) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်မြင့်နွယ်၊ ဦးအောင်လှထွန်းနှင့် ဦးတင်မြင့်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုရေးဆိုင်ရာ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် တာဝန်ရှိသူများ၊ မသန်စွမ်း အသင်းအဖွဲ့များနှင့် ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ က မသန်စွမ်းသူများအား မသန်စွမ်းမဟုတ်သူ အခြားနိုင်ငံသားများ နည်းတူ တန်းတူညီမျှ အခွင့်အရေးရရှိစေရေးနှင့် လူသားအားလုံး ပေါင်းစည်းပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်တည်လာစေရေးတို့အတွက် ရည်ရွယ်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှင့်အညီ မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅)ကို လည်းကောင်း၊ နည်းဥပဒေများ (၂၀၁၇)ကိုလည်းကောင်း ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေနှင့် နည်းဥပဒေများတွင် ပါဝင်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် အမျိုးသားကော်မတီကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ(၁၄) ရက်တွင် စတင်ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခု ၂၀၁၉ ခုနှစ်တွင် ကော်မတီသက်တမ်း(၂)နှစ်ခွဲ ကျော်ရှိလာပြီဖြစ်ပါကြောင်း၊ သက်တမ်း (၂)နှစ်ခွဲကျော်အတွင်း နိုင်ငံတော် အစိုးရ၏ ညွှန်ကြားချက်များနှင့်အညီ အမျိုးသားကော်မတီက မြန်မာနိုင်ငံရှိ မသန်စွမ်းသူများ တန်းတူညီမျှ အခွင့်အရေး ရရှိစေရေးအတွက် နိုင်ငံတကာ စံနှုန်းများ၊ လက်ရှိဖြစ်ပေါ်ပြောင်းလဲနေသည့် အခြေအနေများနှင့်အညီ အကောင်အထည်ဖော် မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်လည်း မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အခွင့်အရေးတို့နှင့် စပ်လျဉ်း၍ သိသာထင်ရှား တိုးတက်ပြောင်းလဲမှုနှင့် အောင်မြင်မှုများကို စဉ်ဆက်မပြတ် တွေ့မြင်ကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို အထောက်အကူဖြစ်စေရန် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရေးရာ၊ သုတေသန၊ စောင့်ကြည့်အကဲဖြတ်၊ မသန်စွမ်းအမျိုးသမီးနှင့် ကလေးသူငယ်ရေးရာ၊ သတင်းအချက်အလက် နည်းပညာ အလွယ်တကူ သွားလာနိုင်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေများဆိုင်ရာ၊ တရားမျှတမှု ရရှိပိုင်ခွင့်ဆိုင်ရာ ဟူသည့် ဆပ်ကော်မတီ (၉)ခုကိုဖွဲ့စည်းရန် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း။
အဆိုပါ ဆပ်ကော်မတီများအနေဖြင့် မသန်စွမ်းသူများအပါအဝင် လူသားအားလုံး အကျုံးဝင် ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်ပြည့်မီ စေရေးအတွက် နယ်ပယ်အလိုက် မူဝါဒလုပ်ငန်း အစီအစဉ်များ စနစ်တကျ ရေးဆွဲချမှတ်နိုင်ရန်နှင့် မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၅)ကို မူကြမ်းရေးဆွဲသွားရန် လိုအပ်ပြီး မဟာဗျူဟာစီမံကိန်း၏ ဦးစားပေးနယ်ပယ် (၆)ရပ်ဖြစ်သည့် ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေများ စီမံခန့်ခွဲရေး၊ အလွယ်တကူ လက်လှမ်းမီ ရရှိသုံးစွဲနိုင်ရေးတို့သည် မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက် အကူများ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ရေရှည်ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း စနစ်တစ်ရပ်ကို ဖော်ဆောင်လျက်ရှိရာ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ကနဦးစီမံကိန်းကာလ (၈)လသတ်မှတ်ပြီး မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်း ပထမအဆင့်နှင့် ပတ်သက်သည့် မသန်စွမ်းမှု အဆင့်ခွဲခြားသတ်မှတ်သည့်ပုံစံများ၊ မသန်စွမ်းသူများ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များ၊ အသိပညာပေး သင်တန်းများ၊ ကွင်းဆင်းဆောင်ရွက်ခြင်း လုပ်ငန်းစသည်တို့ကို စီမံကိန်းနယ်ပယ်များဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ၊ ကရင်ပြည်နယ်၊ ဘားအံ၊ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။
ထို့ပြင် မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းဆိုင်ရာ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ကို သတ်မှတ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကျွမ်းကျင်သည့် အထူးကုဆရာဝန်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်တို့မှပါဝင်သည့် နည်းပညာဆိုင်ရာအဖွဲ့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းထားရှိပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေးတွက် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများအနေဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွား ကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားကော်မတီ၏ ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ဆင့်တို့တွင် ဖွဲ့စည်းထားရှိပြီးဖြစ်သည့် ကော်မတီများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မသန်စွမ်းအသင်းအဖွဲ့များသည် Focal Ministry ဖြစ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့်အတူ ဌာနဆိုင်ရာများ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။
မသန်စွမ်းသူတွေအတွက် ဆောင်ရွက်ရာတွင် မသန်စွမ်းသူ အမျိုးသမီးနှင့် အမျိုးသားစာရင်း၊ မသန်စွမ်းမှုအသက်အုပ်စု အလိုက်စာရင်း၊ မသန်စွမ်းမှုအလိုက် လိုအပ်ချက်များ၊ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် စသည့် ကဏ္ဍအလိုက် လိုအပ်ချက်များကို သိရှိနိုင်စေရန် စနစ်တကျ မှတ်တမ်းတင်ထားကြရမည် ဖြစ်ပါကြောင်း၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဗဟိုစာရင်းအင်းဌာနတို့က ဦးဆောင်၍ စာရင်းဇယားများ ပြည့်ပြည့်စုံစုံ ရရှိနိုင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
မသန်စွမ်းသူများအတွက် ဆောင်ရွက်ရာတွင် အရေးကြီးသည့် ကဏ္ဍတစ်ခုမှာ သဘာဝဘေးနှင့် အခြားအရေးပေါ် အခြေအနေ ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းရပ်များကို ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ပူးပေါင်းပါဝင်စေခြင်းဖြင့် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်းဆောင်ရွက်ပေးရာ ရောက်ပါကြောင်း။
မသန်စွမ်းမှုဆိုင်ရာ ကိန်းဂဏန်း သတင်းအချက်အလက်များ ရရှိရေးအတွက် Voluntary Service Overseas(VSO)နှင့် ပူးပေါင်း၍ မသန်စွမ်းသူများ၏ အခွင့်အရေးနည်းဥပဒေများ (၂၀၁၇)၊ ပုဒ်မ(၆၇)အရ မသန်စွမ်း စစ်တမ်းကောက်ယူနိုင်ရေး အတွက် နည်းပညာအသိပညာ ပေးသင်တန်း(၄)ကြိမ်၊ တစ်ကြိမ်လျှင် သင်တန်းသား (၁၀ဝ) ဖြင့် ဆောင်ရွက်သွားနိုင်ရန်၊ ဝါရှင်တန် မေးခွန်းများဖြင့် မသန်စွမ်းမှုဆိုင်ရာ အချက်အလက်များကို အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ပူးပေါင်းကာ နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းပေးလျက်ရှိပါကြောင်း။
မသန်စွမ်းသူများအတွက် အတားအဆီးကင်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖန်တီးဆောင်ရွက်ပေးခြင်းသည် မသန်စွမ်းသူများ၏ ဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ပြည့်မီစေခြင်းဖြစ်သည်နှင့်အညီ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀)ရက်နှင့် (၁၁) ရက်တို့တွင် ရန်ကုန်မြို့တော်ခန်းမ၌ “ကျွန်ုပ်တို့မြင်ချင်သော အနာဂတ်ရန်ကုန်မြို့တော်ဆွေးနွေးပွဲ” ကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါကြောင်း၊ အဆိုပါ ဆွေးနွေးပွဲမှတဆင့် မသန်စွမ်းမှုဆိုင်ရာ သဘောတရားများ ပိုမိုနားလည် သဘောပေါက်ခြင်း၊ မြို့နယ်စည်ပင်သာယာရေး လုပ်ငန်းများတွင် အားလုံးလက်လှမ်းမီရန် ထည့်သွင်းဆောင်ရွက်ရေးအတွက် အတွေးအမြင်သစ်များရရှိခြင်း၊ National Building Code နှင့်ပတ်သက်၍အသိအမြင် တိုးပွားလာခြင်း၊ မီဒီယာများမှ တဆင့်အားလုံး လက်လှမ်းမီသော ရန်ကုန်မြို့တော်ဖြစ်စေရေး တွန်းအားပေးပံ့ပိုးနိုင်ခြင်း စသည့် အကျိုးရလဒ်များ ရရှိခဲ့ပါကြောင်း။
ယခုဆိုလျှင် မသန်စွမ်းသူများ လက်လှမ်းမီ ရယူသုံးစွဲနိုင်ရေးနှင့် အတားအဆီးကင်းသော ပတ်ဝန်းကျင်ဖြစ်လာစေရေးအတွက် နေပြည်တော် မြို့မဈေးနှင့် ရေပန်းဥယျာဉ်တို့တွင် ကနဦးစီမံကိန်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အဆိုပါ ကနဦးစီမံကိန်းများကို စံပြအနေဖြင့် ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ပါဝင် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားကြရမည် ဖြစ်ပါကြောင်း။
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မတည်ရန်ပုံငွေကျပ် (၃)ဘီလီယံကို မတည်ငွေအဖြစ် ရရှိမည်ဖြစ်ပြီး အဆိုပါ ရန်ပုံငွေများ တိုးပွားရေးနှင့် ရေရှည်တည်တံ့ရေးတို့ကို စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် ရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ရန်ပုံငွေ ထိန်းသိမ်းရေးအဖွဲ့တို့ ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
ဆွတ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပပြုလုပ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကော်မတီ၏ (၂၂)ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်၍ အစည်းအဝေးတွင် လွတ်လပ်သည့် စောင့်ကြည့်အကဲဖြတ်ယန္တရား Independence Monitoring Mechanism(IMM) ဖွဲ့စည်းရန်၊ တိုင်းရင်းသား မသန်စွမ်းသူများ၏ အခွင့်အရေး အပြည့်အဝရရှိစေရန်၊ အကြမ်းဖက်ခံရမှုမှ ကင်းဝေးစေရန်၊ မသန်စွမ်းဥပဒေကို လိုအပ်သလို ပြန်လည်သုံးသပ်ရန် စသည့်အကြောင်းရာများ အကြံပြုဆွေးနွေးခဲ့သည်ကို သိရှိရပါကြောင်း၊ အဆိုပါအကြံပြုချက်များ ပြည့်မီနိုင်ရေးအတွက် အမျိုးသားကော်မတီဝင်များ ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။
အမျိုးသားကော်မတီ၏ လုပ်ငန်းတာဝန်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပိုမိုထိရောက်မှု ရှိစေရေးအတွက် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေးများ ကုလသမဂ္ဂ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ လုပ်ငန်းများ၊ မသန်စွမ်းသူများ၏ အသိညဏ်နှင့် စိတ်ပိုင်းဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေး၊ မသန်စွမ်း အခွင့်အရေးများ တန်းတူရရှိရေး၊ မိုင်းအသိပညာပေးလုပ်ငန်းများ ပိုမိုဆောင်ရွက်ရေး၊ မသန်စွမ်းသူများ သတင်းအချက်အလက်နှင့် နည်းပညာများ ခံစားရရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု မဟာဗျူဟာ ချမှတ်ဆောင်ရွက်နိုင်ရေး၊ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖော်ဆောင်ပေးနိုင်ရေး၊ မသန်စွမ်းသူများကိုယ်တိုင် ပါဝင်နိုင်ရေးနည်းလမ်းများ ဖော်ဆောင်နိုင်ရေး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အမျိုးသားကော်မတီဝင် ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက မသန်စွမ်းသူ များ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် ထားရှိမှုများနှင့် ဆောင်ရွက်ဆဲအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးအောင်လှထွန်းနှင့် ဦးတင်မြင့်၊ နေပြည်တော် ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက သက်ဆိုင်ရာ ဒေသအလိုက်၊ ဌာနအလိုက် မသန်စွမ်းသူများအရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ အကြံပြုဆွေးနွေးကြသည်။
ယင်းနောက် အမျိုးသားကော်မတီ တွဲဖက်အတွင်းရေးမှူး မြန်မာနိုင်ငံ မသန်စွမ်းသူများ အသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်