မောင်မိုးသူ

 

 

ရေပွက်ပမာ ဇာတ်ကား အလွန်အောင်မြင်ပြီးတဲ့နောက် နောက်ထပ်ဇာတ်ကားတစ်ကား ဇာတ်ညွှန်းရေးသားဖို့ ကိုကိုလေးနဲ့ မောင်မိုးသူတို့ ငပလီကိုသွားကြပါတယ်။ အဲဒီမတိုင်ခင်က မောင်မိုးသူတစ်ယောက် မော်လမြိုင် ကျိုက္ခမီ၊ စက်စဲ အစရှိတဲ့ ပင်လယ်ကမ်းခြေတွေကို ရောက်ဖူးပါတယ်။ စက်စဲကတော့ ရေခပ်နောက်နောက် ခပ်ဝါဝါပေါ့။ ကျိုက္ခမီ ရေလယ်ဘုရားကိုတော့ ဘုရားဖူးဖို့ သက်သက်ပါပဲ။

 

ဆိုလိုတာက နိုင်ငံတကာ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ မောင်မိုးသူ မြင်တွေ့ဖူးတဲ့ ပင်လယ်ပြာပြာကို ကျိုက္ခမီ၊ စက်စဲတို့မှာ မတွေ့ရ၊ မမြင်ရလို့ မကျေနပ်ခဲ့ပါ။ ကိုကိုလေး၊ မောင်မိုးသူတို့ နှစ်ယောက်သား ငပလီကို ဇာတ်ညွှန်းရေးသားဖို့တစ်ပတ်ကြာ ခရီးသွားဖြစ်ပါတယ်။ မောင်မိုးသူဘဝမှာ ငပလီကို အဲဒီအခေါက်က ပထမဆုံးရောက်ဖူးခြင်းပါပဲ။ ကိုကိုလေးနဲ့ မောင်မိုးသူတို့ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကနေ သံတွဲ-ငပလီခရီးကို ၂၅ မိနစ်ခန့်သာ ကြာပါတယ်။

 

မင်္ဂလာဒုံလေယာဉ်ကွင်းကအတက် ရခိုင်ရိုးမကို ကျော်လိုက်တာနဲ့ တစ်ပြိုင်နက် ပင်လယ်ပြာပြာကြီးကို မောင်မိုးသူ ပထမဆုံး အကြိမ် တွေ့ဖူးလို့ အလွန့်အလွန်ကို ကျေနပ်ခဲ့ပါတယ်။ ပင်လယ်ပြာဆိုတာ ဒါမှလို့ သဘောပေါက်ပါတယ်။ သံတွဲ ငပလီရဲ့ လေဆိပ်အမည်က မဇင် ဖြစ်ပါတယ်။ မဇင်လေဆိပ်ဟာ ပင်လယ်ကမ်းစပ်မှာရှိပြီး လေယာဉ်က ပင်လယ်ထဲကနေကွေ့ပြီး မဇင်လေဆိပ်ကို ဆင်းရပါတယ်။

 

မဇင်လေဆိပ်မှာ အသင့်စောင့်ကြိုနေတဲ့ကားနဲ့ ငပလီကမ်းခြေက ဘန်ဂလိုတစ်ခုမှာ ကိုကိုလေးနဲ့ မောင်မိုးသူတို့ တည်းခိုကြ ပါတယ်။ အဲဒီအချိန်က ငပလီမှာ ဘန်ဂလိုဆိုလို့ များများစားစား မရှိသေးပါ။ သုံးလေးလုံးသာ ရှိပါသေးတယ်။ တစ်လုံးမှာ မောင်မိုးသူတို့ တည်းခိုကြပါတယ်။

 

ပင်လယ်ကို မမြင်ဖူးခဲ့တဲ့ မောင်မိုးသူတစ်ယောက် ဘန်ဂလိုမှာတည်း၊ တဝုန်းဝုန်း လှိုင်းသံတွေကြားက ရေပြင်ထဲမှာ ရေဆင်းကူး၊ ပြန်တက်လာတော့ ဘန်ဂလိုမှာရှိတဲ့ ရေချိုးခန်းမှာ ရေပြန်ချိုး၊ အတော်ကို အဆင်ပြေလှပါတယ်။ ပထမဆုံး အတွေ့အကြုံဆိုတော့ အလွန်ပဲဆန်းသစ် လှပါတယ်။ အဲဒီအချိန်မှာ ငပလီဘန်ဂလိုနားတစ်ဝိုက်မှာ ယမကာဆိုင် မရှိသေးပါ။ ရှိတဲ့ စထရင်းဟိုတယ်က ရွှေဝါချိုင်ဘက်မှာရှိပြီးတော့ အတော်လေးလှမ်းပါတယ်။ ကိုကိုလေးနဲ့ မောင်မိုးသူတို့နှစ်ယောက် ရန်ကုန်ကသယ်လာတဲ့ မော့ဝီစကီပုလင်းသုံးလုံး ပါလာပါတယ်။ အဲဒီသုံးလုံးကို ဖောက်သောက်။ ဘန်ဂလိုမှာရှိတဲ့ ထမင်းချက်ဟာ ဧည့်သည်ဆောင်သည်များလာတဲ့အခါမှာ ချက်ပြုတ်ကျွေးရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အချက်အပြုတ်လည်း အလွန်ကောင်းပါတယ်။

 

မောင်မိုးသူတို့ သူငယ်ချင်းနှစ်ယောက်ဟာ မောင်မိုးသူရဲ့ ဒုတိယဇာတ်ညွှန်းဖြစ်တဲ့ ရန်ကုန်သားနဲ့ မန္တလေးသူ ဇာတ်လမ်းကို စတင်ရေးသားကြပါတယ်။ မောင်မိုးသူ မှတ်မိသမျှကတော့ အဲဒီရုပ်ရှင်ဇာတ်လမ်းရဲ့ မူရင်းဝတ္ထုဟာ စာရေးဆရာ စလုံးဝေဆင် ရေးသားတဲ့ ဝတ္ထုဇာတ်လမ်း တစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ သဘောအရ သမီးဖြစ်သူနဲ့ ချစ်ကြိုက်မိပြီး သမီးရဲ့ မိခင်ဟာ ယခင်က ရည်းစားဟောင်းဖြစ်နေတဲ့ ဇာတ်လမ်းပါပဲ။

ဒီဇာတ်ကားမှာ မြတ်လေးရဲ့ ရည်းစားဟောင်းဖြစ်သူက မသက်ပန်ဖြစ်ပါတယ်။ မြတ်လေးနောက်ထပ်တွေ့ပြီး ချစ်ကြိုက်မိသူ ကတော့ သူ့သမီး ခင်သန်းနုပဲ ဖြစ်ပါတယ်။ ချစ်သူဟောင်း မိခင် မသက်ပန်နဲ့ ချစ်သူသစ်သမီး ခင်သန်းနုတို့အကြားမှာ မြတ်လေးပါဝင်သရုပ်ဆောင်ရတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းထဲမှာ မြတ်လေးက ရန်ကုန်သား၊ ခင်သန်းနုက မန္တလေးသူအဖြစ်နဲ့ ပါဝင်တာကိုအကြောင်းပြုပြီးတော့ ဇာတ်ကားနာမည်ကို ရန်ကုန်သားနဲ့ မန္တလေးသူလို့ အမည်ပေးလိုက်ပါတယ်။

 

ရန်ကုန်သားနဲ့ မန္တလေးသူ ခေါင်းစီးသီချင်းကတော့ မိတ်ဆွေကြီး စန္ဒရားလှထွဋ် ရေးဖွဲ့ပါတယ်။ “ရန်ကုန်သား အဘွားက ခပ်ထူထူ မဟန်ပုံများ” အစရှိသဖြင့် ရေးဖွဲ့ပြီး ရန်ကုန်သားနဲ့ မန္တလေးသူတို့ တစ်ယောက်နဲ့တစ်ယောက် ချိုးနှိမ်ပြောဆိုပြီး ရေးဖွဲ့တဲ့သီချင်း ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာ ပါဝင်ပြီးတဲ့နောက်မှာလည်း အဲဒီစုံတွဲသီချင်းကို နောက်ထပ် နောက်ထပ်သီဆိုသူ စုံတွဲများနဲ့ ကြိမ်ဖန်များစွာ သီဆိုခဲ့ကြပါတယ်။

 

ရန်ကုန်သားနဲ့ မန္တလေးသူဇာတ်ကားကို ကိုကိုလေးနဲ့ မောင်မိုးသူတို့ မန္တလေးမြို့ စီဗီလိုင်းမှာရှိတဲ့မာလာမြိုင်ခြံမှာ တည်းခိုရိုက်ကူးကြပါတယ်။ ထုံးစံအတိုင်း စက်အဖွဲ့ကတော့ မန္တလေးရုပ်ရှင်စက်အဖွဲ့ပဲ ဖြစ်ပါတယ်။ ကင်မရာမန်းက ဦးမောင်လေး၊ ကိုပေါတို့ ဖြစ်ပါတယ်။

 

ခင်သန်းနုကလည်း မယ်တစ်ဦးဖြစ်ပြီး ပျဉ်းမနားသူဆိုတော့ မန္တလေးသူပဲ ဆိုကြပါစို့။ အဲဒီဇာတ်ကားကို တစ်လနီးပါး အချိန်ယူပြီးတော့ ရိုက်ကူးကြပါတယ်။ မန္တလေးမှာရှိတဲ့ မိတ်ဆွေသရုပ်ဆောင်များလည်း ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင် ကြပါတယ်။ ဒီဇာတ်ကားကို ရိုက်ကူးပြီးစီးပြီး ရုံတင်ပြသတဲ့အခါကျတော့ ရေပွက်ပမာလောက် အောင်မြင်မှုမကြီးမားခဲ့ပေမယ့် ထိုက်တန်သလောက် အောင်မြင်မှုတော့ ရရှိခဲ့ပါတယ်။ ဒါရိုက်တာ ကိုကိုလေးနဲ့ ဇာတ်ညွှန်းမောင်မိုးသူတို့ နှစ်ယောက်ဟာ အလွန်အောင်မြင်တဲ့ ရေပွက်ပမာ၊ အတော်အလျောက် အောင်မြင်တဲ့ ရန်ကုန်သားနဲ့ မန္တလေးသူ ဇာတ်ကားနှစ်ကားကို ရိုက်ကူးခဲ့ကြတဲ့ မန္တလေးသား ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာ နှစ်ယောက်အဖြစ် ရန်ကုန်ရုပ်ရှင်လောကမှာ နေရာရခဲ့ပါတယ်။

 

အဲဒီဇာတ်ကား နှစ်ကားစလုံးကို ရိုက်ကူးခဲ့ကြတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးကတော့ ကိုကိုလေးရဲ့ တက္ကသိုလ်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ တက္ကသိုလ်ကိုကိုလေးရဲ့ တက္ကသိုလ် ရုပ်ရှင်ထုတ်လုပ်ရေးဟာ ပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ လွမ်း၊ ဒုတိယဇာတ်ကားဖြစ်တဲ့ ဗိုလ်ကြီးမမ တို့ကို ရိုက်ကူးပြီးတဲ့နောက် တတိယနဲ့ စတုတ္ထဇာတ်ကားများအဖြစ် ရေပွက်ပမာ၊ ရန်ကုန်သားနဲ့ မန္တလေးသူတို့ကို ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ အဲဒီလိုအောင်မြင်တဲ့ ဇာတ်ကားလေးကား ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ တက္ကသိုလ်ရုပ်ရှင် ထုတ်လုပ်ရေးဟာ နိုင်ငံတော်က ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်း ၆၀၊ ၇၀ ခန့်ကို ပယ်ဖျက်တဲ့အထဲမှာ ပါဝင်သွားခဲ့ပါတယ်။

 

အဲ.. တက္ကသိုလ်ရုပ်ရှင်က အနုပညာအရ အလွန်ထင်ရှားပြီး လူမသိသူမသိ ဇာတ်ကားကတော့ ဒါရိုက်တာ ခင်မောင်ရင်က တက္ကသိုလ်ရုပ်ရှင် ထုတ်လုပ်ရေးကနေပြီး ရိုက်ကူးခဲ့တဲ့ “နှမလက်လျှော့နေလေတော့" ဇာတ်ကားပဲ ဖြစ်ပါတယ်။ နှမလက်လျှော့ နေလေတော့ ဇာတ်ကားအကြောင်းကို သီးခြားရေးပါဦးမယ်။     ။