၆၉+

 

ခင်မေခ(၁၉၈၁-၈၂)---(၁၉၈၄-၈၅)

 

ရန်ကုန်တက္ကသိုလ်ထဲကို ဝင်လိုက်တာနဲ့ လူတစ်ကိုယ်လုံး ဖိန်းဖိန်းရှိန်းရှိန်း ဖြစ်သွားတော့တာပါပဲ။ တက္ကသိုလ်ဆိုရင် ဒေသကောလိပ်သာ တက်ခဲ့ရတဲ့ ကျွန်မအဖို့ကတော့ အဓိပတိလမ်းက ရှည်လျားခမ်းနားလွန်းလှပါတယ်။ ဟို... ထိပ်ဆုံးက ဘွဲ့နှင်းသဘင်ခန်းမကြီးက ကြောက်ရွံ့ နေတဲ့ကျွန်မကို ကျောင်းပေါက်ဝက ကြိမ်လုံးတစ်ချောင်းကိုင်ပြီး စောင့်နေတဲ့ ကျောင်းအုပ်ဆရာကြီးလိုပါပဲ။ ကျွန်မ အဖို့ကတော့ ယနေ့မှ တောကမြို့တက်လာတဲ့ သူတစ်ယောက်လိုပါ။ ဘာပဲကြည့်ကြည့် ခမ်းနားထည်ဝါမှု၊ စိမ်းစိုလန်းဆန်းမှုတွေနဲ့ ပြည့်နေတဲ့ မဟာတက္ကသိုလ်ကြီးပေါ့။ နေရာပေါင်းစုံ၊ မြို့နယ်ပေါင်းစုံက လာတက်ကြတဲ့ ကျောင်းသား ကျောင်းသူတွေကလည်း ကံ့ကော်တောက ရောင်စုံပန်းပွင့်တွေပေါ့။ ။

 

ကျွန်မစိတ်ထဲမှာ အားငယ်မှု၊ စိုးရွံ့မှု၊ ဝမ်းသာမှု၊ ကျေနပ်မှုတွေဟာ တက္ကသိုလ်မြေကို ခြေချမိလိုက်တာနဲ့ ခံစားရတဲ့ ဖီလင်တွေပါပဲ။ ကျွန်မနဲ့ပါလာတဲ့ သူငယ်ချင်းတွေလည်း ဒီလိုပဲနေမှာပါပဲ။ ရန်ကုန်တက္ကသိုလ်ကြီးထဲ ရောက်ပြီဆိုတာနဲ့ မိမိတက်ရောက်ခွင့်ရရှိတဲ့ ဘာသာရပ် အသီးသီးရှိရာ အဆောင်တွေဆီကို ခြေဦးလှည့်ကြရပါ တယ်။ ကျွန်မတို့အုပ်စုထဲမှာတော့ စီးပွားရေး၊ ပထဝီ၊ သမိုင်း၊ ဘူမိ၊ ရူပ၊ ဓာတု၊ သင်္ချာ စသည်ဖြင့် ကိုယ်လျှောက်လို့၊ ကိုယ့်အမှတ်နဲ့ကိုက်ညီလို့ ရွေးချယ်ခံရတဲ့ ဘာသာရပ် အတိုင်း တက်ရောက်ဆည်းပူးကြရတာပေါ့။

 

ခမ်းနားကြီးမား

ကျွန်မကတော့ စီးပွားရေးတက္ကသိုလ် ဝါဏိဇ္ဇဗေဒ တက်ခွင့်ရတဲ့အတွက် စီးပွားရေးတက္ကသိုလ်ရှိရာနေရာကို ရောက်အောင် ချီတက်ခဲ့ပါတယ်။ လမ်းတစ်လျှောက်ကိုယ်နဲ့ဆိုင်တဲ့ အဆောင်တွေဆီ အသီးသီးသွားကြပြီးတဲ့နောက်မှာ ကျွန်မနဲ့ ကျွန်မ သူငယ်ချင်းတစ်ယောက်သာ ကျန်ရစ်ခဲ့ပါတယ်။ စီမံရေးရာဌာနကို ရောက်တဲ့အခါမှာတော့ လိုအပ်တဲ့ စာရွက်စာတမ်း ကိစ္စတွေ လုပ်ကြရပါတယ်။ ကျောင်းလခသွင်းရတာတွေ၊ စာသင်အချိန်ဇယားတွေ ထုတ်ယူရတာပေါ့။ ပြီးတာနဲ့ ကျွန်မတို့သင်ကြားရမယ့် စာသင်ခန်းဆီကို ဟိုမေးဒီမေးနဲ့ တက်လာရတာပါ။ ခမ်းနားကြီးမားလှတဲ့ လှေကားအလိမ်အကောက်ကြီးတွေက ကျွန်မတို့ကို ရင်ဖိုစေပါတယ်။ ကျွန်မတို့သင်ရမယ့် တတိယထပ်ရှိ စာသင်ခန်းကို ရောက်တဲ့အခါမှာ အခန်းက ကျယ်လွန်းလှပါတယ်။ အများဆုံး ကျောင်းသားဦးရေ ၅၀ လောက်သာဆုံတဲ့ အခန်းလောက်သာ သင်ခဲ့ရတဲ့ ကျွန်မတို့အဖို့ ဟိုး ... နောက်ဆုံးက စာသင်ခုံတွေက အမြင့်ဆုံးဖြစ်ပြီး ရှေ့ကိုတစ်ဆင့်ပြီးတစ်ဆင့် နိမ့်ဆင်းသွားတဲ့ ခန်းမပုံစံနဲ့ လူရာကျော်လောက်ဆံ့တဲ့ အခန်းကြီးက အထူးအဆန်း ဖြစ်နေပါတယ်။ ကျွန်မတို့နှစ်ယောက်ကတော့ ရှေ့ဆုံးမှာထိုင်ရမလား၊ နောက်ဆုံးကအမြင့်ဆုံးခုံကို သွားထိုင်ရမလားနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တွတ်ထိုးနေကြပါတယ်။ နောက်ဆုံးတော့ အလယ်နေရာ လောက် ထိုင်လိုက်ကြပါတယ်။

 

ဘေးဘီဟိုကြည့်ဒီကြည့်နဲ့ နေကြတာ နောက်ဆုံးခုံမှာ ကောင်လေးနဲ့ကောင်မလေး အတူတွဲထိုင်နေတာကို တွေ့ရတော့ ဟယ်...ဆိုပြီး အံ့ဩသွားတာပေါ့... ဟင်.. ဒီလိုလည်း ထိုင်လို့ရပါလားဆိုပြီး စိမ်းနေမိတယ်။ အထက်တန်းကျောင်းသူဘဝနဲ့ တက္ကသိုလ်ကျောင်းသူဘဝ နေထိုင်မှုပုံစံစနစ် စတင်ကွာခြားပြီဆိုတာ သိလိုက်ရပါတယ်။ တူညီတဲ့ဝတ်စုံ ဝတ်စရာမလိုဘူး။ မိမိဝတ်ချင်တဲ့ အရောင်အသွေးစုံတဲ့ ဝတ်စုံတွေဝတ်လို့ရတယ်။ အမျိုးသား အမျိုးသမီး အတူတွဲထိုင်ပြီး စာသင်လို့ရတယ်။ ဆရာစာသင်ချိန်မှာလည်း မသင်ချင်ရင် ထွက်သွားလို့ရတယ်။ စာသင်နေတုန်းလည်း ဝင်လာလို့ရတယ်။ ဒါတွေဟာ ကျွန်မတို့ကို လူကြီးအဖြစ်သတ်မှတ်လိုက်ပြီး "မောင်တို့ မယ်တို့ ဆင်ခြင်တုံတရားနဲ့ လွတ်လပ်စွာ ပညာဆည်းပူးနေထိုင်ကြလော့" လို့ ဆိုလိုက်သလိုပါပဲ။

 

မြကျွန်းသူတွေဖြစ်

ကျွန်မတို့ တက္ကသိုလ်တက်တုန်းကလည်း အခုလို အဆန်းအပြားတွေ အလွန်ကိုခေတ်ရှေ့ပြေးဒီဇိုင်းပုံစံတွေ မရှိပါဘူး။ အလွန်ဆုံး ထိုင်းစစ်လောက်သာ ပွဲဝင်တာရှိခဲ့တာပါ။ အကြေကောက်ဆိုလည်း ကောက်လိုက်ကြတာပါပဲ။ သရီးစတက်ဆိုလည်း လာထားပေါ့။ ဒိုင်ယာနာ ဆံပင်ပုံစံဆိုရင်လည်း ဆိုင်တွေမှာ အပြေးအလွှား ညှပ်ကြရ ပြန်တယ်။ ထဘီတိုကြပြီဟေ့ဆိုရင်လည်း တချို့က မိမိထဘီကို တိုတိုဝတ်သလို တချို့က စချုပ်ကတည်းက အတိုချုပ်ပစ်ကြတာပါ။ ဘာပဲဖြစ်ဖြစ် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဆုံးဖြတ်ချက်နဲ့ ပညာဆည်းပူးကြရတဲ့ တက္ကသီလာမြကျွန်းသူတွေ ဖြစ်သွားကြပြီလေ။

 

တက္ကသိုလ်ဆိုတဲ့ ဝေါဟာရကိုလည်း ဆရာကြီး ဦးဖေမောင်တင်က University ဟူသော အမည်ကို မြန်မာလို တက္ကသိုလ်ဟူ၍ ဖော်ညွှန်းပေးခဲ့ကြောင်း ဖတ်ရဖူးပါတယ်။ အန္ဒီတက္ကသိုလ်မှာ စာပေသင်ကြားရေးအပြင် အက၊ ဂီတ၊ ပန်းချီ၊ အားကစား အသင်းအဖွဲ့များ မိမိဝါသနာပါရာ အားလုံး ပါဝင်လှုပ်ရှားနိုင်ပါတယ်။ RC လို့ လူတိုင်းခေါ်နေကြတဲ့ အပန်းဖြေရိပ်သာထဲမှာ ခြောက်လုံးပတ်သံ၊ စောင်းသံ၊ သီချင်းဆိုသံတွေလည်း ကြားနိုင်သလို ဆေးရောင်တွေ ရောထွေးနေတဲ့ ပန်းချီကားတွေလည်း တွေ့နိုင်ပါတယ်။ ခြင်းလုံးခတ်မလား၊ ဘော်လီဘောလား ဒါလည်း ရနိုင်ပါတယ်။ နောက်ပြီး ကိုယ်လိုချင်တဲ့ စာရေးကိရိယာ၊ လူ့အသုံး အဆောင် တိုလီမိုလီရောင်းတဲ့ဆိုင်၊ ပို့စကတ်ရောင်းတဲ့ ဆိုင်တွေလည်း တွေ့ရမှာပါ။ ကျောင်းတက်ရင်း ဘာပဲလိုလို RC ထဲကို ပြေးသွားလိုက်ကြတာပါပဲ။

 

RC နဲ့ မလှမ်းမကမ်းက သစ်ပုပ်ပင်ကြီးကတော့ အံ့ဖွယ် တစ်ပါးပါပဲ။ ဖြောင့်ဖြောင့်စင်းစင်း ထွားထွားကျိုင်းကျိုင်း အပင်ကြီးကို ကြည့်ရတာ၊ သစ်ပုပ်ပင်ကြီးနဲ့တွဲပြီး ဓာတ်ပုံရိုက်ရတာ အင်မတန်ပီတိဖြစ်မိပါတယ်။ တက္ကသိုလ်ထဲမှာရှိတဲ့ ကျောင်းသား ကျောင်းသူတွေ နားခိုရာအဆောင်တွေကလည်း မြန်မာနိုင်ငံထဲက ပြည်နယ်နဲ့ တိုင်းအသီးသီးက နယ်မြေဒေသတွေရဲ့ အဓိက အမည်နာမများကို မှည့်ခေါ်ထားတဲ့ နားစွဲပြီး ဇာတိမာန်ဖြစ်စေတဲ့ အမည်တွေပေါ့။ ဗိုလ်ချုပ်နေခဲ့တဲ့ ပဲခူးဆောင် နာမည်ကြီး သလို၊ အင်းဝ၊ ပုဂံ၊ ဒဂုံ၊ အင်းလျား၊ မာလာ၊ နဝဒေး၊ ပင်းယ၊ ပြည်၊ တကောင်း၊ သထုံ၊ သီရိ၊ ရတနာ၊ စစ်ကိုင်း၊ ရွှေဘို စတဲ့အဆောင်များက နယ်ကလာတက်တဲ့ ကျောင်းသား ကျောင်းသူတွေ နားခိုရာအဆောင်တွေ ဖြစ်ပါတယ်။

 

အဖိုးအနဂ္ဃ ထိုက်တန်

အသက်ရာပြည့်တော့မယ့် တက္ကသိုလ်ကြီးထဲမှာ ကျွန်မတို့လိုပဲ ပညာဆည်းပူးပြီး ထင်ရှားခဲ့တဲ့ ကျောင်းသား ဟောင်းကြီးတွေရဲ့ အကြောင်းကိုလည်း ဖတ်ဖူး၊ မှတ်ဖူးပါတယ်။ အထင်ရှားဆုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းပေါ့။ အာဇာနည်ကိုးဦးထဲမှာပါတဲ့ ဦးရာဇတ်၊ နောက် ဝန်ကြီးချုပ် ဦးနု၊ ဒေါက်တာဘမော်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသန့်၊ စာရေးဆရာ၊ ကာတွန်း ဆရာတွေဖြစ်သွားကြတဲ့ သိန်းဖေမြင့်၊ ခင်မျိုးချစ်၊ ဒေါက်တာသန်းထွန်း၊ ကာတွန်းဘကလေး၊ နောက်ပြီး ထင်ရှားလှတဲ့ မင်းသားကြီး ကောလိပ်ဂျင်နေဝင်းတို့ အကြောင်းလည်း ဖတ်ဖူးပါတယ်။ ဒါ့အပြင် ကျွန်မတို့ မူလတန်း ကလေးဘဝကတည်းက ရွတ်ဆိုခဲ့တဲ့ "မိုးရေတက်ရေ တဖွေးဖွေး...ကွင်းကျယ်အဝေးဝေး" ဆိုတဲ့ လယ်စောင့်တဲ့ကဗျာ အပါအဝင် ကဗျာတွေအများကြီးရေးပြီး သင်ခန်းစာတွေမှာ ပြဋ္ဌာန်းရွတ်ဆိုစေခဲ့သူ ဆရာကြီး မင်းသုဝဏ်ပေါ့။ ဤပုဂ္ဂိုလ်ကြီး တွေက တက္ကသိုလ်ကြီးကို ဂုဏ်ထူးဆောင်စေခဲ့တဲ့ တက္ကသိုလ်ကြီးကို အဖိုးအနဂ္ဃ ထိုက်တန်အောင်၊ သမိုင်းတွင်အောင် ပံ့ပိုးဆောင်ရွက်ခဲ့ကြသူများ ဖြစ်ပါတယ်။

 

ကျွန်မတို့တက္ကသိုလ်ရဲ့ သမိုင်းကြောင်းကလည်း တကယ့်အထင်ကရ မှတ်တမ်းတင်ခဲ့ရတာပါ။ မြန်မာနိုင်ငံရဲ့ ပထမဆုံး တက္ကသိုလ်ဖြစ်ပြီး အရှေ့တောင်အာရှမှာလည်း အစောဆုံးတက္ကသိုလ်တွေထဲမှာ ပါခဲ့ပါတယ်။ ဤရန်ကုန် တက္ကသိုလ်ကြီးကို အင်္ဂလန်နိုင်ငံရှိ အောက်စဖို့ဒ်နဲ့ ကိန်းဘရစ်ချ်တက္ကသိုလ်တို့ရဲ့ စနစ်အတိုင်း ဖွဲ့စည်းတည် ဆောက်ခဲ့တာပါ။ အရင်တုန်းက အခြားအာရှနိုင်ငံက ကျောင်းသားတွေတောင် တက်ရောက်ကြရတယ်လို့ ဖတ်ဖူးပါတယ်။

 

ကျွန်မတို့ တက္ကသိုလ်ကျောင်းသူဘဝကတော့ တစ်နေရာတည်း ဘယ်တော့မှ ငြိမ်ငြိမ်မနေခဲ့ကြပါဘူး။ Eco ကနေ ပထဝီမှာ သွားပြီး စာသင်ရင်သင်နေတတ်ပါ တယ်။ သူငယ်ချင်းတွေရှိရာ စာသင်ခန်းတွေ၊ အဆောင်တွေ လှည့်လည်ပြီး လည်ပတ်နေတော့တာပေါ့။ သမိုင်းဘက်လည်းရောက်သလို ဘူမိဘက်လည်း သွားကြတာပါပဲ။ ဝိဇ္ဇာခန်းမကတော့ ပွဲရှိတိုင်း သွားကြည့်ကြတာပါပဲ။ RC ထဲမှာ အားကစားပြိုင်ပွဲရှိတယ်ဆိုရင် အုံနဲ့ကျင်းနဲ့ အော်ဟစ်အားပေးခဲ့ကြပါတယ်။ ကိုယ့်သူငယ်ချင်း မိတ်ဆွေတွေပါတဲ့ အသင်းဆိုရင် ကျွန်မတို့အုပ်စုအော်သံနဲ့ တစ်ဖက်အသင်း ကျရှုံးနိုင်ပါတယ်။

 

စာလည်းသင် ပျော်လည်းပျော်

အဓိပတိလမ်းမှာ လက်ချင်းချိတ်ပြီး လျှောက်နေတဲ့ အတွဲတွေတွေ့ရင် စတတ်ကြသလို ကွန်ဘုတ်ဘေး သိပ္ပံဆောင်နားက သစ်ပင်အုပ်အုပ်လေးမှာ ထိုင်စကားပြောနေတဲ့ အတွဲတွေကိုလည်း စကြပါတယ်။ စပုံက ကျွန်မတို့ ခေတ်တုန်းက တက္ကသိုလ်ထဲမှာ ရေခဲချောင်းပုံနဲ့ လိုက်ရောင်းတဲ့ ဈေးသည်လေးတွေရှိပါတယ်။ အဲဒီဈေးသည် လေးတစ်ယောက်ကို ကျွန်မတို့ အုပ်စုက ခေါ်ပြီးတော့ ဟိုဘက်နားမှာ အတွဲတစ်တွဲရှိတယ်။ အဲဒီအတွဲကို ရေခဲချောင်းသွားပေးလိုက်၊ ဂလိုင်ကိုခေါက်မသွားနဲ့၊ သူတို့က ဆူဆူညံညံဆို မကြိုက်ဘူးဆိုပြီး ရေခဲချောင်းသည်ကို ရေခဲချောင်းဖိုးပိုက်ဆံပေးပြီး လွှတ်လိုက်ပါတယ်။ အဲဒီ ရေခဲချောင်းသည်က အဲဒီအတွဲရှိရာကိုသွားပြီး ရေခဲချောင်းသွားပေးပါတယ်။ အဲဒီမှာ ပြဿနာက စတော့တာ ပါပဲ၊ "မင်းကို ဘယ်သူကခေါ်လို့လဲ၊ ဘယ်သူကဝယ်မှာ မို့လို့လဲ၊ ဘယ်သူလွှတ်လိုက်တာလဲ" လို့ မေးတဲ့အခါမှာတော့ ရေခဲချောင်းသည်က ကျွန်မတို့ကို လက်ညှိုးလှမ်းထိုးပြတဲ့အခါ ကျွန်မတို့လည်းပြေးတာမှ တန်းနေတော့တာပါပဲ။ အဲဒီလိုလည်း ကျွန်မတို့က စတတ်၊ နောက်တတ်ကြပါတယ်။ ဒါ့အပြင် သစ်ပင်လေးတွေ ခြေရင်းမှာ အတွဲတွေကိုယ်စီ တွတ်ထိုးနေကြတာကို အလယ်ကနေ ၁၀ ယောက် အုပ်စုလိုက်ထမင်းစား၊ စကားဝိုင်းဖွဲ့ပြီး သာသနာဖျက်ကြတာလည်း ကျွန်မတို့ပါပဲ။ အဲဒီလိုနဲ့ ကျွန်မတို့က စာလည်းသင်၊ ပျော်လည်းပျော်နဲ့ တက္ကသိုလ်ကျောင်းသူဘဝကို ဖြတ်သန်းခဲ့ကြပါတယ်။

(ဆက်လက်ဖော်ပြပါမည်)