နေပြည်တော် ၅   ဒီဇင်ဘာ 

ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုစကားဝိုင်းဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်း အနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပခဲ့ရာ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးသောင်းထွန်း တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။  

 

a

 

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်းများက ကိုယ်စား လှယ်များ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအရပ်ဖက် လူမှုရေးအဖွဲ့ အစည်းများနှင့်ဖိတ်ကြားထားသူဉီး ရေစုစုပေါင်း (၅၀ဝ) ကျော် တက်ရောက်ကြသည်။

 

a

 

ဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် အစိုးရ အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုး မိတ်ဖက် များသည် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်း၊ အကောင်အထည် ဖော်ခြင်း၊ လုပ်ငန်းစဉ်များတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သည်ကို အသိအမှတ်ပြု ပါကြောင်း၊ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊  ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ၊ ဗြိတိန်နိုင်ငံ၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှုဌာန၊ ဂျာမန်ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့၊ ဥရောပသမဂ္ဂ၊ ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ၊ အီတလီနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဩစတြေးလျနိုင်ငံ တို့အပါအဝင် ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂနှင့် အပြည်ပြည် ဆိုင်ရာလူမှု အဖွဲ့ အစည်းတို့က မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် စဉ်ဆက်မပြတ် အကူအညီပေးနေမှုနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်ကိုပါ သံဓိဌာန်ချထားမှုများအတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။

 

a

 

ယနေ့ကျင်းပသည့် စားပွဲဝိုင်းဆွေးနွေးပွဲသည် ထိရောက်သော ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးအတွက် အရေးကြီးသော လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုများတွင် ပုဂ္ဂလိက၊ အစိုးရ၊ ပြည်တွင်းပြည်ပအရပ်ဖက် လူ့အဖွဲ့အစည်းများ၊  ဖွံ့ဖြိုးမှုမိတ်ဖက်များ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့်သာ အောင်မြင်မှုများရရှိလာခြင်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးမှုအကူအညီများထိရောက်စွာရယူနိုင်ရေး ဆောင်ရွက်ရသည့် နည်းလမ်းများစည်းမျဉ်းစည်းကမ်းများသည်သီအိုရီ သဘောအရ လွယ်ကူဟန်ရှိသော်လည်း လက်တွေ့အကောင်အထည်ဖော်ရာတွင် အခက်အခဲများရှိနိုင် ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ၂၀၂၀ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင် နှုန်းအထိ ရှိနိုင်ကြောင်းကို အာရှဖွံ့ဖြိုးရေးဘဏ်က ခန့်မှန်းထားပြီး မြန်မာနိုင်ငံသည် ဒေသတွင်းတွင် အလျင်မြန်ဆုံး စီးပွားရေး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် သတ်မှတ် ထားပါကြောင်း၊ လူတစ်ဦးချင်း ဝင်ငွေမှာလည်း တိုးတက်လျက်ရှိသဖြင့် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍကြီးများကို ပြုပြင်ပြောင်းလဲခဲ့သည့် အကျိုးရလဒ်များကို ပြသရာ ရောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အမျိုးသား မဟာဗျူဟာ စီမံကိန်းဖြစ်သော မြန်မာ နိုင်ငံ၏ ရေရှည်တည်တံ့ ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ကို အကောင်အထည်ဖော်လျက်ရှိပြီး၊ စီမံကိန်းဘဏ်၊  မြေယာဘဏ်နှင့်  အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး စင်တာတို့ဖြင့် အထောက်အကူ ပြုလျက်ရှိကြောင်း။

 

a

 

MSDP ၏ လမ်းညွှန်မှုအောက်မှ နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် ခဲ့ရာတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ကောင်းမွန်သည့် စီးပွားရေးဝန်းကျင်ဖြစ်အောင် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ MyCoအွန်လိုင်း ကုမ္ပဏီမှတ်ပုံတင် စနစ်ကို အောင်မြင်စွာ ထူထောင်နိုင်ခဲ့ခြင်းသည် သာဓက တစ်ခု ဖြစ်ပါကြောင်း၊ ထို့အတူ ဘဏ်တိုးနှုန်းလုပ်ငန်းဆိုင်ရာ ဖြေလျှော့ပေးမှုများ၊ အသက်အာမခံဈေးကွက်ကို ၁၀ဝ ရာခိုင်နှုန်း နိုင်ငံခြားသားပိုင် လုပ်ငန်းများသို့ ဆောင်ရွက်ခွင့်ပြုခြင်း၊ ပြည်ပဘဏ်များအား ဝန်ဆောင်မှုများ တိုးချဲ့လုပ်ကိုင်နိုင်ရန် ခွင့်ပြုခဲ့သလို မြေယာဘဏ် စနစ်ကို ကြံဆ လုပ်ဆောင်ခဲ့ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုတွင် အဓိကကျသည့် မြေရရှိရေးအတွက် လည်း ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။ 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အစိုးရအနေနှင့် အမျိုးသားကျန်းမာရေး စီမံချက် (၂၀၁၇-၂၀၂၁)ကို ရေးဆွဲဆောင်ရွက်ခဲ့ခြင်းကြောင့်လွန်ခဲ့သော ဆယ်စုနှစ် အတွင်း ယခင်က ငှက်ဖျားရောဂါ ဖြစ်ပွားသူ ၇၀ဝ၀ဝ၀ ရှိရာမှ ယခုအခါ ၇၅၀ဝ ခန့်သာ ရှိတော့သဖြင့် ဖြစ်ပွားမှုကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါကြောင်း၊ ထို့အတူ HIV/AIDS ရောဂါကူးစက်သူများသို့ ဆေးဝါးဖြန့်ဖြူးမှု ပေးနိုင်မှုမှာလည်း ၂၀၁၀ ခုနှစ်က ၁၄ ရာခိုင်နှုန်းသာရှိခဲ့ရာမှ  ယခုအခါ ၈၅ ရာခိုင်နှုန်းအထိ တိုးတက်ဖြန့်ဖြူးပေးနိုင်ပြီ ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားပြီး (၂)နှစ်အထိ လူသားဘဝ အစ ရက်ပေါင်း ၁၀ဝ၀ ကာလအတွင်း အာဟာရ ပညာပေးခြင်းနှင့် ငွေကြေး ထောက်ပံ့ခြင်း စီမံချက်ဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီး ၂၅၀ဝ၀ဝ အား လစဉ် ငွေကြေး ထောက်ပံ့မှု ပေးနိုင်ခဲ့သောကြောင့် မိခင်ကိုယ်တိုင်နှင့် ကလေး၏ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နိုင်ငံတကာ ဖွံ့ဖြိုးမှု မိတ်ဖက်များ၏ အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကဏ္ဍပေါင်းစုံပါဝင်သော  အမျိုးသားအာဟာရဆိုင်ရာ  ၅ နှစ် စီမံကိန်း (၂၀၁၈-၂၀၂၂) ၏ အောင်မြင်မှုများကိုလည်း ယခုအခါ မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး စတင်သည့် အချိန်မှစ၍ ပထမဉီးဆုံးသော ကဏ္ဍ စီမံကိန်းအဖြစ် အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂) ကို ရေးဆွဲဆောင်ရွက်နိုင်ခဲ့သဖြင့် အမျိုးသမီးများအပေါ်  အကြမ်း ဖက်မှုတားဆီးကာကွယ်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ တိုးတက် အားကောင်းလာအောင် ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ အကူအညီပေးရေးစင်တာများ၊ အခမဲ့ နှစ်သိမ့်ဆွေးနွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကို ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အမျိုးသမီးများ အကြမ်းဖက်ခံရခြင်းမှ ကာကွယ်ပေးရေး ဥပဒေကြမ်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များအခွင့်အရေးများဆိုင်ရာ ဉပဒေကို ပြဌာန်းနိုင်ခဲ့သဖြင့် ပဋိပက္ခအတွင်း ကလေးများ အကြမ်းဖက်ခံရမှုကို ကာကွယ်မည့် လုပ်ငန်းစဉ်များ ပါဝင်ခဲ့ပါကြောင်း၊ ကျားမ တန်းတူညီမျှရေး၊ အမျိုးသမီး များဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက် များသည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်အတွင်း အောင်မြင်မှုများနှင့်အတူ ကျွဲကူး ရေပါဆိုသကဲ့သို့ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

a

 

ယင်းနောက် မြန်မာ့အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ဉီးစားပေးလုပ်ငန်းများကို အထောက်အကူပြုသည့် ပူးပေါင်းဆောင်ရွက်ရေး အကူအညီများနှင့်စပ်လျဉ်း၍ စကား ဝိုင်းဆွေးနွေးပွဲအစီအစဉ်များကို ဆက်လက်ကျင်းပခဲ့ရာ အစီအစဉ် ၁ အနေဖြင့် Coordinating assistance in Support of Myanmar’s National Development Priorities ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အစီအစဉ် ၂ အနေဖြင့် Mainstreaming the Myanmar Sustainable Development Plan ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြသည်။

ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးသောင်းထွန်းက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)