ခင်မေခ(၁၉၈၁-၈၂)-(၁၉၈၄-၈၅)
(ယမန်နေ့မှအဆက်)
ကျွန်မတို့အဆောင်တွေထဲမှာ RC လိုနားနေအခန်း တွေရှိပါတယ်။ စာသင်ဆောင်တွေရဲ့ အခန်းထောင့် တစ်ခုမှာ နားနေဆောင်လိုလုပ်ပေးထားပါတယ်။ တက္ကသိုလ် ကျောင်းသူပီပီ အရွယ်ကလည်းငယ်သေးတော့ အတော် လှချင်ကြတာပေါ့။ အဲဒီအခန်းတွေရောက်တာနဲ့ ကျွန်မတို့ က အလှပြင်ကြပါတယ်။ အရင်ခေတ်ကတော့ အခုလိုမျိုး အလှပြင်ပစ္စည်းတွေမစုံသေးပါဘူး။ ဒေါ်သီသနပ်ခါးမှုန့်ကို ဘူးလေးနဲ့ထည့်လာပြီးတော့ တို့ပတ်ကလေးပါ ပါပါ တယ်။ အဲဒါနဲ့ မျက်နှာကိုရိုက်တော့တာပါပဲ။ ကျွန်မတို့ ခေတ်ကတော့ အာချီ ဒါမှမဟုတ် ပရိုမီနာလိမ်းတဲ့ ခေတ်ပါပဲ။ မျက်ခုံးမွေးဆွဲတာတွေ၊ မျက်တောင်ကော့တာတွေ၊ အခုလိုလည်း အလှအပတွေ မလုပ်တတ်ကြပါဘူး။ အာချီလိမ်းမယ် ဒါမှမဟုတ် ပရိုမီနာလိမ်းမယ်။ ပြီးရင် အပေါ်ကနေ သနပ်ခါးလူးမယ်။ ပြီးရင် နှုတ်ခမ်းနီဆိုးမယ်။ နှုတ်ခမ်းနီကိုလည်း ကျွန်မတို့ခေတ်က ထင်ရှားတဲ့၊ အသုံး များတဲ့၊ ပေါ်ပြူလာဖြစ်တဲ့ နှုတ်ခမ်းနီကတော့ Domas 27 ပါ၊ ကွမ်းတံတွေးရောင်ပါ။ အဲဒီအရောင် နှုတ်ခမ်းနီဆိုးရင် အပေါ်လွင်၊ အထင်ရှားဆုံးဖြစ်သွားတာပါပဲ။
အရိပ်အာဝါသကောင်း
ကျွန်မတို့သူငယ်ချင်းတွေကတော့ တစ်ခါတလေ အချင်းချင်းနောက်ကြ၊ ပြောင်ကြပါတယ်။ ဆံပင်ညှပ်ပြီး ခါစဆိုရင် ဆံပင်တွေက ပုံမကျတတ်ပါဘူး။ ဆံပင်ညှပ် ပြီးတက်လာတဲ့ သူငယ်ချင်းတွေကို ကေပုတ်လို့ ခေါ်တတ် သလို မျက်နှာမှာ ဒေါ်သီသနပ်ခါးအဖွေးသားနဲ့ဆိုရင်လည်း ဟယ်…..မျက်နှာဖုံးစွပ်လာတယ်ဟေ့…… လည်ပင်းက တော့မည်းနေတာပဲ၊ မျက်နှာဖုံးဆိုပြီး စကြပါတယ်။ ကျွန်မတို့ တက္ကသိုလ်ကျောင်းကြီးဟာ အရင်တုန်းက အခုလိုခြံစည်းရိုးတွေနဲ့ အကန့်အသတ်ခွဲမထားပါဘူး။ တစ်ဆောင်နဲ့တစ်ဆောင်၊ တစ်ဘာသာနဲ့တစ်ဘာသာ၊ တစ်ဌာနနဲ့တစ်ဌာန လွယ်လင့်တကူ ကူးဖြတ်နိုင်ကြပါ တယ်။ လွယ်လင့်တကူလည်း သွားလာနိုင်ပါတယ်။ ကွေ့ပတ် ပြီး သွားစရာမလိုပါဘူး။ လမ်းသွယ်တွေ၊ လမ်းမြှောင်တွေ၊ ကျော်ခွပြီးသွားရမယ့်နေရာတွေ အများကြီးရှိပါတယ်။ စွယ်တော်ပင်တွေ၊ ကံ့ကော်ပင်တွေ၊ ရေတမာပင်တွေနဲ့ သစ်ပုပ်ပင်ကြီး စိမ်းစိမ်းစိုစိုနဲ့ တက္ကသိုလ်ဝင်းကြီးထဲမှာ ဘယ်နေရာသွားသွား အရိပ်အာဝါသကောင်းပါတယ်။ ကျွန်မတို့ရဲ့ ဘေးချင်းကပ်လျက်မှာ ခြံစည်းရိုးလေးမရှိ တရှိ ရှိပါတယ်။ ဒါပေမယ့် ကျောင်းဝင်ပေါက်ကနေ ဘယ်သူမှ မသွားကြပါဘူး။ အင်းလျားကန်ဘက်ပြေးသွားရင် မလွယ်ပေါက်ကနေထွက်ပြီးတော့ ပြေးသွားလိုက်ကြ တာပါပဲ။
ရိုးရှင်းစွာလှပ
ကျွန်မတို့အဆောင်ဘေးနားမှာ အမြဲလာရောင်းတဲ့ ဝက်သားတုတ်ထိုးသည် ရှိပါတယ်။ ကျွန်မတို့မှတ်မိပါတယ်။ နာမည်ကတော့ နဂါးလေး အူစုံ၊ အသည်းစုံပါ။ ဝက်သားတုတ်ထိုးသည်က ခြင်းကြီးနဲ့လာချရောင်းတဲ့အခါ ကျွန်မတို့ကျောင်းသူတွေကလည်း အလုအယက် စားကြပါတယ်။ ထမင်းစားချိန်ဆိုရင် ဝက်သားတုတ်ထိုးသည် နားမှာ သွားပြီးတော့ စားကြတယ်။ အဲဒီတုန်းက ဝက်သားတုတ်ထိုးတစ်ချောင်းမှ တစ်မတ်ပဲပေးရပါတယ်။ အဲဒီအချိန်မှာ အုပ်စုလိုက် ဝက်သားတုတ်ထိုးသည်ကို ဝိုင်းလိုက်ပြီးတော့ စားကြပါတယ်။
တုတ်တွေကို အောက်ချတဲ့သူက ချတယ်။ အပေါ်တင်တဲ့သူက တင် တယ်။ အောက်ချတာက တစ်ဝက်၊ အပေါ်တင်တာက တစ်ဝက်နဲ့ လုပ်ကြပါတယ်။ ကျွန်မတို့အုပ်စုလာရင် ဝက်သားတုတ်ထိုးသည်ကြီးလည်း လက်မလည်အောင် ရောင်းရပါတယ်။ လှီးရ၊ ချွတ်ရ၊ တုတ်ထိုးရနဲ့ပေါ့။ ကျွန်မ တို့အုပ်စုကလည်း အတိုင်အဖောက်ညီညီ စားကြ တယ်(ပြောရမှာပေါ့လေ)။ ဒါပေမယ့် ဝက်သားတုတ်ထိုး သည်ကတော့ အရင်းမပြုတ်ပါဘူး။ တဖြည်းဖြည်းလက်စွပ် ကနေ ဆွဲကြိုး၊ ဆွဲကြိုးကနေ ဟန်းချိန်းနဲ့ ကျွန်မတို့ကျောင်း သူတွေရဲ့အားပေးမှုနဲ့ သူလည်းစီးပွားတက်လာပါတယ်။ အဲဒီတုန်းက အင်းလျားကန်ဟာ အခုလိုစားသောက်ဆိုင် တွေနဲ့ စည်ကားမနေပါဘူး။ အင်းလျားကန်ကြီးဟာ သဘာဝ အတိုင်း ရိုးရှင်းစွာလှပနေပါတယ်။ အင်းလျားကန်ကြီးရဲ့ ထောင့်လေးမှာ သစ်ပင်ကြီးရှိပါတယ်။ အဲဒီသစ်ပင်ကြီး နားမှာကြော်တဲ့ အကြော်ဆိုင်တစ်ဆိုင်၊ နှစ်ဆိုင်လောက်ပဲ ရှိပါတယ်။ ကျွန်မတို့ သူငယ်ချင်းတွေ စုရပ်ကတော့ ဒီအကြော်ဆိုင်မှာပါပဲ။
အကြော်တစ်ပွဲ ငါးမူးဆိုရင် အကြော်စုံစားရပါတယ်။ အချဉ်ရည်နဲ့ ပါလာတဲ့ထမင်းဘူး ဖွင့်ပြီးတော့စားကြပါတယ်။ တစ်နေ့မှ မုန့်ဖိုးငါးကျပ် ရပါတယ်။ ကျွန်မတို့က မိဘမုန့်ဖိုးပေးတာလောက်နဲ့ နေ့စဉ်ကျောင်းတက်ရတာ ဖြစ်ပါတယ်။ အဆောင်နေတဲ့ ကျောင်းသူတွေပါသလို မာလာဆောင်ဘက်ကိုလည်း ကျွန်မတို့က ခြေဦးလှည့်သွားကြပါတယ်။ အဆောင် ထမင်းလည်း ခိုးစားဖူးသလို ကျွန်မတို့ဆီက ထမင်း လည်း ကျွန်မတို့အဆောင်သူငယ်ချင်းတွေက စားရပါတယ်။
လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထား
ကျွန်မတို့ တက္ကသိုလ်ကျောင်းသူတွေအနေနဲ့ ငယ်ကျင့်တွေမပျောက်ကြပါဘူး။ ဆရာ ဆရာမတွေ အပေါ်မှာ ချစ်တယ်၊ လေးစားတယ်၊ ကြည်ညိုတယ်။ ကျွန်မတို့ဆရာ ဆရာမတွေထဲမှာ Government Account သင်တဲ့ ဆရာမလေးက အလွန်ချစ်ဖို့ကောင်းပါတယ်။ ဆရာမလေးက အလွန်အေးဆေးတည်ငြိမ်ပြီးတော့ အပျိုကြီးလည်း ဖြစ်ပါတယ်။ ကျွန်မတို့က ဆရာမလေးကို ချစ်တဲ့အခါ ကျောင်းမှာရှိတဲ့ဆရာလူပျိုကြီးနဲ့ ကျွန်မတို့ စိတ်ထဲမှာ ပေးစားထားကြပါတယ်။ ဒါတွေဟာ ချစ်တဲ့ စိတ်နဲ့ ဆရာမတွေအပေါ်မှာ တပည့်တွေက ကိုယ်ချစ်တဲ့ သူကို ကိုယ်ချစ်တဲ့သူနဲ့ပဲ ညားစေချင်ကြပါတယ်။ ဒါပေမယ့်လည်း ဆရာနဲ့ ဆရာမက ဖူးစာမဆုံခဲ့ကြပါဘူး။ ကျွန်မတို့တက္ကသိုလ်မှာ ကျွန်မတို့ဆရာတွေက အသင် အပြတွေလည်း ကောင်းကြပါတယ်။ ရှင်းပြတာတွေလည်း ကောင်းကြတယ်။ ကျွန်မတို့နားမလည်တဲ့ဘာသာရပ်တွေ ဆိုရင် ဆရာ ဆရာမတွေ နားနေတဲ့အခန်းအထိ သွားရောက် မေးမြန်းလို့ရပါတယ်။
ကျွန်မတို့ဆရာတစ်ယောက်ဆိုရင် အသင်အပြကောင်းလွန်းလို့ ကျောင်းသားတော်တော် များများက ဆရာသင်တဲ့အခန်းကိုပဲ လိုက်တက်ပြီးတော့ အတင်းမရမက ခုံကိုဦးပြီးတော့ လိုက်တက်ကြပါတယ်။ ဒိုင်ပင်လျှောထိုးပြီးတော့လည်း ခုံကိုဦးရပါတယ်။ ဒါ ကျွန်မတို့တက္ကသိုလ်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စ တွေပေါ့။ ကိုယ့်ဘာသာရပ်မှာ၊ ကိုယ့်အတန်းမှာ ကိုယ်သင်ရမယ့်ဆရာကိုမကြိုက်ရင် မသင်လို့ရပါတယ်။ အခြားအခန်းကဆရာ့ဆီမှာလည်း သွားတက်လို့ရပါတယ်။ ဒါလည်း မိမိရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ဖြစ်ပါတယ်။ ဒါကလည်း တက္ကသိုလ်ကျောင်းရဲ့ အုပ်ချုပ်သူတွေက တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးထားတာဖြစ်ပါတယ်။ ကိုယ်မတက်ချင် တဲ့အတန်းကို မတက်လို့ရတယ်။ မသင်ချင် မသင်လို့ရတယ်။ သို့သော်လည်း ပြန်ပြီးတော့ ထိန်းချုပ်ထားတာတစ်ခုက တော့ Roll Call ပါ။ Roll Sheet မှာ လက်မှတ်ထိုး ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဖေးမကြတယ်။ စာမေးပွဲနီးတဲ့အခါကျတော့လည်း မိမိ စာတွေကို အားကြိုးမာန်တက် ကျက်ကြရပါတယ်။
တစ်နှစ်ပတ်လုံး အစားအသောက်ဆိုလည်း ဦးယမ်း ဘီလူးဆိုင်၊ ဒေါ်ပုအအေးဆိုင်၊ အီကိုကင်န်တင်း၊ ရာမညကင်န်တင်း၊ သိပ္ပံကင်န်တင်း၊ ဝိဇ္ဇာကင်န်တင်း၊ နောက် ဝတ္ထုတွေထဲက နာမည်ကျော်တဲ့ ဦးချစ်လက်ဖက်ရည်ဆိုင် ဆိုလည်း ကျွန်မတို့က ချောင်းပေါက်မတတ် သွားကြပါ တယ်။ ဦးချစ်လက်ဖက်ရည်ဆိုင်က ဟိုး....ဘက် မြောက်ဖျား မှာရှိပါတယ်။ ကျွန်မတို့က တောင်ဖျားကနေ သွားသောက် တာဖြစ်ပါတယ်။ အင်းလျားကန်က အကြော်လည်းစား သလို ဦးယမ်းဘီလူးအအေးလည်း သောက်ကြပါတယ်။ မာလာဆောင်ကိုလည်း သွားပြီးတော့မွှေတတ်သလို ရွှေဘိုဆောင်က ကျောင်းသားတွေကိုလည်း အောက်ကနေ အုပ်စုလိုက်သွားပြီးတော့ ရန်ဖြစ်တတ်ပါတယ်။ ရွှေဘို ဆောင်က ကျောင်းသားတွေက ကျွန်မတို့ စီးပွားရေး တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေဖြစ်ပါတယ်။
ကျွန်မတို့ အောက်ကနေပြီးတော့ တစ်ယောက်ချင်း လမ်းလျှောက်သွားရင် သူတို့ကလည်း အပေါ်ကနေပြီး တော့ စကြပါတယ်။ ဘယ်ညာ ဘယ်ညာလို့စရင် ကျွန်မ တို့ကလည်း အုပ်စုလိုက်သွားပြီးတော့ ပြန်စွာကြပါတယ်။ ဒါကတော့ ကျောင်းသား ကျောင်းသူတွေရဲ့ ပျော်စရာ ဓလေ့လေး တွေဖြစ်ပါတယ်။ စာကြည့်တိုက်လည်း သွား သလို စာကြည့်တိုက်မှာ စာအုပ်ကိုအေးဆေးမဖတ်ဘဲ ဆူညံ ဆူညံလုပ်လို့ စာကြည့်တိုက်မှူးရဲ့ တားမြစ်ခြင်းကို ခံရတာလည်း ကျွန်မတို့တစ်တွေပါပဲ။ အဝတ်အစားအသစ် လေးတွေဝတ်လာပြီဆိုရင် ဘွဲ့နှင်းသဘင်ကြီးနဲ့ ဓာတ်ပုံရိုက် လိုက်၊ သစ်ပုပ်ပင်ကြီးနဲ့ ဓာတ်ပုံရိုက်လိုက်၊ RC နဲ့ ဓာတ်ပုံရိုက်လိုက် ရိုက်တတ်တဲ့အဖွဲ့တွေပါ။ အင်းလျားကန် မှာလည်း ဓာတ်ပုံရိုက်တဲ့နေရာတွေက အနှံ့ပါပဲ။ အင်းလျားကန်ထောင့်မှာ အခေါင်းပေါက်ကြီးဖြစ်နေတဲ့ သစ်ပင်ကြီးနောက်မှာ ဝင်ဝင်ရိုက်တာ အင်မတန်လှတဲ့ ဓာတ်ပုံလေးတွေထွက်လာပါတယ်။ အဝတ်အစားအသစ် လေးဝတ်လာပြီဆိုရင် ဓာတ်ပုံတွေရိုက်တယ်။ သူငယ်ချင်း တွေစုံပြီဆိုရင် ဓာတ်ပုံရိုက်တယ်။ ကျွန်မတို့က အမျိုးစုံ ဓာတ်ပုံရိုက်ကြတဲ့အဖွဲ့တွေပါ။ ဓာတ်ပုံတွေလည်းမရွေးနိုင် လို့ ဓာတ်ပုံဆရာတွေက ခဏခဏ ကျွန်မတို့ကို ကြွေးတောင်း ခြင်းခံရတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။
သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေလည်း အများကြီးရှိ
ကျွန်မတို့အဖွဲ့ဟာ ဒေသကောလိပ်မှာ နှစ်နှစ် တက်ပြီးတော့ ရန်ကုန်တက္ကသိုလ်ထဲမှာ နှစ်နှစ်တက် ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီ Compound ကြီးထဲမှာ စီးပွားရေးဘာသာရပ်ပဲဖြစ်ဖြစ်၊ ဝိဇ္ဇာဘာသာရပ်ပဲဖြစ်ဖြစ်၊ သိပ္ပံဘာသာရပ်ပဲဖြစ်ဖြစ်၊ နည်းပညာတွေပဲဖြစ်ဖြစ် ဒီအဝန်းအဝိုင်းကြီးထဲမှာ တစည်းတလုံးတည်း ပညာ ရင်နို့ သောက်စို့ခဲ့ရတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့တုန်းက တော့ ရန်ကုန်တက္ကသိုလ်ထဲမှာ ပါမောက္ခချုပ်ကြီး ဒေါက်တာ မောင်ဒီဆိုတာ အင်မတန်မှ နာမည်ကြီးပါတယ်။ ဆရာကြီးဟာ စည်းကမ်းရှိသလို တပည့်တွေအပေါ်မှာ လည်း ချစ်ခင်မြတ်နိုးတဲ့သူ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ စီးပွားရေးတက္ကသိုလ်မှာတော့ ပါမောက္ခချုပ်ကြီးက ဒေါက်တာ ခင်မောင်ညွန့်ဖြစ်ပါတယ်။ ကျွန်မတို့တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေကိုလည်း လူငယ်တွေလို့ သတ်မှတ်ပြီးတော့ လွတ်လပ်စွာပျော်ရွှင်ခွင့်၊ စာသင်ခွင့်၊ ပညာဆည်းပူးခွင့်၊ အခြားဘာသာရပ်များ လေ့လာလိုက်စား ခွင့်တွေ အများကြီးပေးထားပါတယ်။ ကျောင်းအုပ်ချုပ်သူ များက စည်းကမ်းတကျ လွတ်လပ်မှုပေးထားတဲ့အတွက် ကျွန်မတို့အဖို့လည်း အင်မတန်အကျိုးရှိလှပါတယ်။
တက္ကသိုလ်ကထွက်သွားတဲ့ အနုပညာရှင်တွေ ဒုနဲ့ဒေး ရှိသလို တက္ကသိုလ်ကထွက်သွားတဲ့ စာပေပညာရှင်တွေ လည်း အများကြီးရှိပါတယ်။ ထင်ရှားတဲ့၊ အထင်ကရဖြစ်တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေလည်း အများကြီးရှိပါတယ်။ တက္ကသိုလ်မှာအကြောင်းဆုံပြီးတော့ တစ်နယ်နဲ့တစ်နယ်၊ တစ်မြို့နဲ့တစ်မြို့တွေ့ကြပြီး ချစ်ကြ၊ ခင်ကြပြီး ချစ်ကြိုက် ပြီးတော့ လက်ထပ်သွားကြတဲ့ သူတွေရှိသလို နဖူးစာမင် ရည်ကျဲ လွဲခဲ့တဲ့သူတွေလည်း ဒုနှင့်ဒေးပါပဲ။ ဒါလေးတွေက လည်း အခုအချိန်မှာ ကျွန်မတို့အဖို့ ပြောစမတ်တွင်ပြီး ကျန်ခဲ့ပါတယ်။ "ဟယ်....နင်တက္ကသိုလ်တုန်းက တွဲခဲ့တဲ့ ကို...ဘယ်သူနဲ့လေ ဖူးစာမဆုံဘူးနော်၊ မယူဖြစ်ဖူးနော်။ အခု ဘယ်သူနဲ့လဲ...အိမ်ထောင်ကျနေတာ"။ "ဟယ်....နင်တို့ နှစ်ယောက်နော် အခုထက်ထိရန်ဖြစ်တုန်းပဲလား၊ ကျောင်းကတည်းက ရန်ဖြစ်လာတာ၊ အခုကလေးတွေ ရတဲ့အထိ ရန်ဖြစ်တုန်းပဲနော်"ဆိုပြီး အခုထိ မိသားစု သိုက်သိုက်ဝန်းဝန်းရှိနေတဲ့ သူငယ်ချင်းတွေကိုလည်း တွေ့ရ စမြဲ ဖြစ်ပါတယ်။
ကျွန်မတို့ကျောင်းပြီးတဲ့အချိန်မှာ၊ ဘွဲ့ယူတဲ့အခါမှာ ကျွန်မတို့မြန်မာလူမျိုးတွေဟာ နိုင်ငံခြားသားတွေနဲ့ မတူပါဘူး။ ဘွဲ့ယူဖို့ကို Rehearsal မှာတစ်မျိုး၊ ဘွဲ့ယူတဲ့ နေ့မှာတစ်မျိုး ပြင်ကြဆင်ကြပါတယ်။ မိတ်ကပ်ဆရာ အပ်ရ၊ ဓာတ်ပုံဆရာအပ်ရ၊ ဝတ်ရမယ့်ဝတ်စုံရွေးရနဲ့ အစွမ်းကုန် ကိုယ်တတ်နိုင်သမျှ ပြင်ဆင်ခြယ်သပြီးတော့ ဘွဲ့တက်ယူကြတာ ဖြစ်ပါတယ်။ သူများနိုင်ငံမှာတော့ ခေါင်းလေးတစ်ချက်ဖြီးပြီး ဘွဲ့ဝတ်စုံလေးခြုံလိုက်ပြီးတော့ လာယူကြတာမျိုးတွေကို ရုပ်ရှင်ထဲမှာအများကြီး တွေ့ဖူး ပါတယ်။ ကျွန်မတို့ကတော့ မဟုတ်ပါဘူး။ အစမ်း လေ့ကျင့်ပွဲမှာလည်း ပေါ်သမျှ၊ ဆန်းသမျှ ဆန်းပေ့ဆိုတာ တွေကိုချုပ်၊ အကောင်းဆုံးမိတ်ကပ်ဆရာနဲ့အပ်ပြီးတော့ ပြင်ကြဆင်ကြသလို ဘွဲ့ယူတဲ့အချိန်မှာလည်း ဘွဲ့ဝတ်စုံရုံ တာက ရုံတာပဲ။ အောက်ကချိတ်ဖြစ်ဖြစ်၊ ဇင်းမယ်ဖြစ်ဖြစ်၊ ရွှေတစ်ဆုပ်ဖြစ်ဖြစ် ဝတ်ပြီးတော့ ဆံထုံး ဒါမှမဟုတ် ဆံပင် ချပြီး ဦးထုပ်ဆောင်းတဲ့သူကဆောင်း၊ ဆံထုံးထုံးတဲ့သူက ထုံး၊ ပန်းပန်တဲ့သူကပန်၊ လည်ဆွဲအမျိုးမျိုး၊ လုံချည် အမျိုးမျိုး ဝတ်ဆင်ပြီးတော့ ကျွန်မတို့က ဘွဲ့ယူကြတာပါ။ အနောက်က မိဘတွေကလည်း အုံနဲ့ကျင်းနဲ့ပါပဲ။ စာပေး စာယူဘွဲ့သမားတွေဆိုရင် ပိုဆိုးပါတယ်။ အိမ်ထောင်သည် တွေများတဲ့အတွက် သားသမီးတွေပါပါလာပြီးတော့ မိဘ တွေပါ တစ်အုပ်တစ်မကြီး ထမင်းချိုင့်တွေနဲ့ ဘွဲ့နှင်းသဘင် ခန်းမရှေ့၊ သစ်ပုပ်ပင်ရှေ့တွေမှာ တွေ့ကြရမှာဖြစ်ပါတယ်။
ကျွန်မဘွဲ့ယူတုန်းကလည်း အမေက ဇင်းမယ် လုံချည်နဲ့ အပေါ်ကဖော့ရှန်အဖြူ၊ ဆွဲကြိုးနဲ့ စိုက်ဘီးနဲ့ အမေ့ကို ဆင်ပါတယ်။ အမေကတော့ အင်မတန်အေးပါ တယ်။ ရှန်သားအင်္ကျီနဲ့ ပါတိတ်လုံချည်သာ အေးအေး လူလူဝတ်တတ်ပါတယ်။ သမီးဘွဲ့ယူမယ်ဆိုတော့ အမေ လည်း ပြင်ရဆင်ရပါတယ်။ သဇင်ပန်းတွေပန်ပြီးတော့ မျက်နှာမှာ သနပ်ခါးအဖွေးသားနဲ့ ရွှေတွဲလဲ၊ ငွေတွဲလဲနဲ့ အမေဟာ မကိုင်ဖူးတဲ့ပိုက်ဆံအိတ်ကိုလည်း လက်မှာ ချိတ်ထားပြီးတော့ မနေတတ်ဖြစ်နေပါတယ်။ အမေဟာ အဲဒီအချိန်မှာ သွားအံကပ်တပ်ထားလို့လည်း ပါးစပ်က လှုပ်စိလှုပ်စိနဲ့ မနေတတ်ဖြစ်နေပါတယ်။ အဲဒီတော့ အံကပ်ကြီးနဲ့အမေ့ကို စိတ်ကူးထဲမှာသာ မြင်ကြည့်ကြ ပါတော့။ အမေ့မှာ သမီးဓာတ်ပုံရိုက်လည်း ဘေးမှာရပ်ရ၊ ဘွဲ့နှင်းသဘင်ခန်းမထဲမှာ ထိုင်ရတာလည်း ပူကပူ၊ အိုက်ကအိုက်နဲ့ ဘွဲ့ယူတဲ့သူတွေ ကုန်အောင်စောင့်ရဆို တော့ အပြင်ရောက်တော့ အမေမနေနိုင်တော့ပါဘူး။ ကျွန်မတို့က အမေပျောက်လို့ရှာတဲ့အခါမှာ အမေကထဘီ ကို ခါးမှာမြဲမြဲချည်ပြီး အပင်အောက်ကိုသွားပြီးတော့ အိတ်ထဲကထွက်လာတဲ့ ကျားပျံမကောက်ဆေးလိပ်ကြီးကို ထုတ် မီးညှိပြီးဖွာနေတော့တာပါပဲ။ အမေရယ် ထဘီတွေ မီးပေါက်ကုန်ပါ့မယ် မလုပ်ပါနဲ့လို့ပြောရတယ်။ ရေတမာပင် အောက်မှာ ဆေးလိပ်ထိုင်သောက်နေတဲ့ အမေ့ကို ဟိုကျောင်းသူကကြည့်၊ ဒီကျောင်းသားကကြည့်ရယ်နဲ့ ဆိုတော့ ကျွန်မလည်း ရှက်လွန်းလို့ အမေ့ဆီက ဆေးလိပ်ကို အတင်းဆွဲလုပါတယ်။ ဒါပေမယ့် ဒါဟာ ပကာသနမပါတဲ့ အမေတွေရဲ့စရိုက်ပါပဲ။ သားသမီးတွေ ဘွဲ့ယူတာကို၊ အောင်မြင်တာကို ဂုဏ်ပြုချင်တဲ့စိတ်ရယ်၊ မဝတ်မစားချင်တဲ့ အဝတ်အစားတွေဝတ်ရ၊ ပြင်ရ၊ ဆင်ရ တာတွေက အမေ့အတွက်စိတ်ကျဉ်းကျပ်နေတာ ဖြစ်ပါ တယ်။ ဒါကြောင့် သူကြိုက်တဲ့ဆေးလိပ်ကို ပွဲပြီးတာနဲ့ ရေတမာပင်အောက်မှာထိုင်ပြီးတော့ အားရပါးရသောက် နေတဲ့အမေ့ကို အပြစ်မတင်ရက်ပါဘူး။
ဘွဲ့နှင်းသဘင်ကျင်းပတဲ့အခါမှာ စည်တော်ရွမ်းပြီး ပါမောက္ခချုပ်ကြီးနဲ့အတူ ကျွန်မတို့ဆရာ ဆရာမတွေ ကြွချီလာတာဟာ စည်တော်သံကြားတာနဲ့ ကြက်သီး ဖြန်းဖြန်းထပြီး ငိုချင်သလို၊ ရယ်ချင်သလို ဖြစ်မိပါတယ်။ ပါမောက္ခချုပ်ကြီးရဲ့ “မောင်တို့မယ်တို့ ယနေ့ဟာ….” ဆိုတဲ့အစချီတဲ့ ဩဝါဒစကားဟာ မျက်လုံးထဲမှာ မျက်ရည် ကို စွတ်စိုစေပါတယ်။ ကျောင်းကြီးနဲ့ ခွဲရမှာပါလားဆိုတဲ့ အတွေးကိုလည်း ဝင်လာစေပါတယ်။ ကျွန်မတို့တက္ကသိုလ် ကျောင်းသူဘဝမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းရဲ့အရိပ် အာဝါသအောက်မှာ ဖြတ်သန်းခဲ့ကြရပါတယ်။ ကျွန်မက တော့ တက္ကသီလာလို့ခေါ်တဲ့ မြကျွန်းညိုညိုတက္ကသိုလ်ကြီး ကိုလွမ်းရင် တက္ကသိုလ်နဲ့ပတ်သက်တဲ့သီချင်းတွေ၊ ရုပ်ရှင် တွေ၊ ဇာတ်လမ်းတွေကို အများကြီးကို နားထောင်လိုက်၊ ကြည့်လိုက်နဲ့ အလွမ်းဖြေရပါတယ်။
ဤသို့ထင်ရှားတဲ့သမိုင်းကြောင်းတွေ ခေတ်စနစ် တွေအမျိုးမျိုး ဖြတ်သန်းခဲ့တဲ့ တက္ကသိုလ်ကြီးဟာ ၂၀၂၀ ပြည့်နှစ်ဆိုရင် နှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ ကျွန်မတို့တစ်တွေလည်း ဤတက္ကသိုလ်ကြီးက သင်ပေးလိုက် တဲ့ ပညာရပ်တွေကို အသုံးချပြီးတော့ မိမိတို့ဘဝကို မိမိတို့ တည်ဆောက်လျှောက်လှမ်းနိုင်နေပြီ ဖြစ်ပါတယ်ရှင်။