နေပြည်တော် ၆ ဒီဇင်ဘာ
မြန်မာနိုင်ငံ ပုဂံမြို့နှင့် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့သို့ တိုက်ရိုက်လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေးကိစ္စနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဒုတိယသမ္မတ ၂ ဦးစီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။
ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုး၊ ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့ပြုလုပ်သည့် အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတွင်ရှိသည့် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံမြို့နှင့် အန်ကောဝပ်ကျောင်းရှိရာ ဆီရမ်ရိရှေးဟောင်းမြို့တော်နှစ်ခုကို ခရီးစဉ်ဒေသ တစ်ခုအဖြစ် ဖော်ဆောင်ရာတွင် အရေးပါသည့် တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း။
ပြည်ပနှင့် တိုက်ရိုက်လေကြောင်း ပျံသန်းမှုခရီးစဉ်များ ဖော်ထုတ်ရေး နှင့်စပ်လျဉ်း၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ နီပေါနိုင်ငံခရီးစဉ်တွင် နီပေါ နိုင်ငံခေါင်းဆောင်များနှင့်တွေ့ဆုံစဉ် “နှစ်နိုင်ငံအကြား ခရီးသွားလုပ်ငန်း တိုးမြှင့်နိုင်ရန် နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းပျံသန်းမှုခရီးစဉ်များ ပြန်လည် ဆောင်ရွက်နိုင်ပါက Package Tours ခရီးသွားလုပ်ငန်းများ အပြန်အလှန်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် အာဆီယံနိုင်ငံအချို့နှင့် ချိတ်ဆက်၍ ဘုရားဖူးခရီးသွား လုပ်ငန်းဆောင် ရွက်နိုင်မည်ဆိုပါက ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနိုင်ငံတို့တွင် ဗုဒ္ဓဘာသာ၏ အထင်ကရ သာသနိက နေရာဌာနများ အသီးသီးတည်ရှိကြသဖြင့် ယင်းအခြေအနေကို အခြေခံပြီး Northern Buddhism Tour အဖြစ် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း” ကို ဆွေးနွေးခဲ့ပါကြောင်း။
မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားခရီးသွားလာမှု မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုသမိုင်းကို ပြန်ကြည့်ပါက နှစ်နိုင်ငံလေကြောင်း တိုက်ရိုက်ခရီးစဉ်စတင်နိုင်ရေး ၂၀၁၀ ခုနှစ် နိုဝင်ဘာလကတည်းက ဆွေးနွေးခဲ့ကြပါကြောင်း၊ ယင်းဆွေးနွေးချက်အရ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) သည် ရန်ကုန်-ဆီရမ်ရိ-ရန်ကုန်၊ ရန်ကုန်-ဖနွမ်း ပင်-ရန်ကုန်၊ ရန်ကုန်-ဆီရမ်ရိ-ဖနွမ်းပင်-ရန်ကုန် ခရီးစဉ်များကို ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ပျံသန်းခဲ့ပြီး ဈေးကွက်အခြေအနေကြောင့် ရပ်နားခဲ့ရသည်ကို တွေ့ရပါကြောင်း။
ထို့နောက် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်း ကမ္ဘောဒီးယားဒုတိယဝန်ကြီးချုပ် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးလာရောက်သည့် ခရီးစဉ်တွင် ပုဂံနှင့်ဆီရမ်ရိ ရှေးဟောင်းမြို့တော် နှစ်ခု ခရီးစဉ်ဒေသတစ်ခု “Angkor-Bagan, Two Acient Capital – One Destination” အဖြစ် ပူးပေါင်းမြှင့်တင်သွားရန် ဆွေးနွေးသဘောတူခဲ့ကြပါကြောင်း၊ အကောင်အထည်ဖော်မည့် Action Plan ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် ကမ္ဘောဒီးယား ခရီးသွားပြပွဲတွင် မြန်မာနှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်သည့် မိမိအနေဖြင့်လည်း ပုဂံ-ဆီရမ်ရိ တိုက်ရိုက်လေကြောင်း ခရီးစဉ်ဖြစ်မြောက် အောင်မြင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများကို ခေါ်ယူပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင်တစ်ကြိမ်၊ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် အစည်းအဝေးများကျင်းပပြီး ဆောင်ရွက်ရန်လုပ်ငန်းများကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါကြောင်း။
ယင်းအစည်းအဝေးများ၏ ညှိနှိုင်းချက်များအရ ပုဂံညောင်ဦးလေဆိပ်ကိုလည်း နိုင်ငံတကာ စင်းလုံးငှားလေယာဉ်များ ဆင်းသက်နိုင်သည့် (Customs, Immigration and Quarantine-CIQ) လေဆိပ်အဖြစ် သတ်မှတ်နိုင်ရေးအတွက် လိုအပ်သည့် MRTD စက်ကြီးများ၊ အမည်မည်းစာရင်းစစ်သည့် စက်ပစ္စည်းများ၊ X-ray Machine စက်များ၊ ကျန်းမာရေးစစ်ဆေးရန် ဝန်ထမ်းများနှင့် International Arrival ဧည့်သည်များ တိုက်ရိုက်ဝင်ရောက်ရန် အခန်းငယ်တို့ကို ပြင်ဆင်ထားပြီးဖြစ်သည်ဟု သိရှိရပါကြောင်း။
ကြားကာလတွင်မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံအကြား လေကြောင်း ချိတ်ဆက်မှုအနေဖြင့် UAE အခြေစိုက် Emirate Airlines သည် ၂၀၁၇ ခုနှစ် ဇူလိုင်လ မှစ၍ ရန်ကုန်-ဖနွမ်းပင် ပြေးဆွဲခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် ရပ်ဆိုင်းခဲ့သည်ကို တွေ့ရပါကြောင်း၊ ကမ္ဘောဒီးယားအခြေစိုက် JC International Airlines သည် “ဖနွမ်းပင်- မကာအို- မန္တလေး- မကာအို- ဖနွမ်းပင်”ခရီးစဉ်ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် စတင်ခဲ့ပါကြောင်း၊ အလားတူ “ရန်ကုန်-ဖနွမ်းပင်” တိုက်ရိုက်ခရီး စဉ်ကိုလည်း ၂၀၁၉ ခုနှစ် ဩဂုတ် ၁၅ ရက်တွင် စတင်ပြီး အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် တစ်ပတ်လျှင် (၂)ကြိမ် ပျံသန်းလျက်ရှိသည်ကို တွေ့ရပါကြောင်း။
မူလရည်ရွယ်ချက်ဖြစ်သည့် ပုဂံနှင့်ဆီရမ်ရိလေကြောင်း တိုက်ရိုက်ပျံသန်းနိုင်ရေး အစီအစဉ်သည် အကြောင်းအမျိုးမျိုးကြောင့် ယခုအထိ အကောင်အထည် မဖော်နိုင် သေးသည်ကို တွေ့ရပါကြောင်း၊ ယင်းခရီးစဉ်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နီပေါနိုင်ငံတွင် ဆွေးနွေးခဲ့သည့် အာဆီယံနိုင်ငံ အချို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် Northern Buddhism Package Tour ၏ အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်လာနိုင် မည်ဖြစ်သည့်အတွက် ပုဂံနှင့် ဆီရမ်ရိလေကြောင်းလိုင်း အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်ချက်များကို ဝိုင်းဝန်အကြံပြု ဆွေးနွေးပေးကြ စေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဦးသိန်းဆွေ၊ ဦးအုန်းမောင်၊ ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပုဂံညောင်ဦးလေဆိပ်သို့ နိုင်ငံတကာ လေယာဉ်များ ဆင်းသက်နိုင်ရေး၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များ လက်ခံနိုင်ရေးနှင့် လေဆိပ်၏ လက်ရှိအခြေအနေ၊ လေဆိပ်အဆောက်အဦ၊ လေယာဉ်ရပ်နားရာနေရာနှင့်နိုင်ငံတကာ လေယာဉ် ဝင်/ထွက်ခွင့် ပြုနိုင်မှုအခြေအနေ၊ လူဝင်မှုကြီးကြပ်ရေးလုပ်ငန်းများ ဖြည့်ဆည်းဆောင် ရွက်ပေးရမည့် ကိစ္စရပ်များ၊ ပုဂံဒေသသို့ ခရီးသွားဧည့်သည်ဝင်ရောက်မှု အခြေအနေ နှင့် ဝန်ဆောင်မှု အရည်အသွေးတိုးမြှင့်ရေး၊ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ပုဂံဒေသ ထိခိုက်မှုမရှိစေရေးနှင့် ပုဂံနှင့်ဆီရမ်ရိလေကြောင်းလိုင်း ပြေးဆွဲနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ဒုတိယသမ္မတက တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ဆွေးနွေးပြီး မိမိ ကမ္ဘောဒီးယားနိုင်ငံသို့ နိုဝင်ဘာလအတွင်း သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ကမ္ဘော ဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်နှင့် တွေ့ဆုံခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံစဉ် ၎င်းအနေဖြင့် ယခုဆောင်ရွက်မည့် ပုဂံ - ဆီရမ်ရိလေကြောင်းလိုင်း တိုက်ရိုက်ပျံသန်းမည့် အစီအစဉ်ကို ဖြစ်မြောက်အောင်မြင်စေလိုသည့်ဆန္ဒ များစွာရှိသည်ဟု ပြောကြားခဲ့ ပါကြောင်း၊ ယင်းလေကြောင်းလိုင်း ပြေးဆွဲနိုင်ရေး ဆောင်ရွက်မှုကို ခရီးသွားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ရှုထောင့်တစ်ခုတည်းဖြင့် ဆောင်ရွက်ခြင်း မဟုတ်ပါကြောင်း၊ မြန်မာ- ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခိုင်မာစေရေးအတွက်လည်း ရည်ရွယ်ပါကြောင်း၊ ထို့ကြောင့် ပုဂံနှင့်ဆီရမ်ရိ တိုက်ရိုက် လေကြောင်းလိုင်း ပြေးဆွဲနိုင်ရေးအတွက် အတတ်နိုင်ဆုံးဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)