နေပြည်တော် ၂၉ မတ်
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်စီးပွားရေးကောင်းမွန်ရေးတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ခြင်းသည် အထူးအရေးကြီးသော ကဏ္ဍဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်ရန်အတွက် အစိုးရအစဉ်အဆက် တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့ကြသည် မှန်သော်လည်း တစ်နေ့တခြား တိုးပွာလာသော လူ့ဘောင်လောကဖွံ့ဖြိုးမှုများက ပို့ဆောင် ဆက်သွယ်မှုကဏ္ဍအတွက် စိန်ခေါ်မှုအသစ်များ ရှိလာစေခဲ့သည်။
အထူးသဖြင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုတွင် အရှိန်အဟုန်ဖြင့် အလျင်အမြန် တိုးတက်လာသော စီးပွားရေးမြို့တော် ရန်ကုန်မြို့၏ ဖွံ့ဖြိုးတိုးတက်မှုများမှာ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍအတွက် ကြီးမားသော စိန်ခေါ်မှုများ ဖြစ်လာသည်ကို တွေ့ရသည်။ ရန်ကုန်မြို့သည် လေကြောင်း၊ရေကြောင်း၊ ကုန်းကြောင်း ခရီးများအားလုံး ဆုံစည်းရာ အဓိကအချက်အချာကျသည့်နေရာဖြစ်၍ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်သွယ်ရေးမှအစ အရေးပါသော မြို့တော်ဖြစ်သည်။ ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ဆက်သွယ်သွားလာရာ၌ ရန်ကုန်မြို့မှသာ အဓိက ဝင်၊ ထွက်သွားလာကြသည်။
ရန်ကုန်မြို့၏ အဓိကပြဿနာမှာ မြို့ပြလူဦးရေထူထပ်လာမှုနှင့်အတူလမ်းပန်းဆက်သွယ်ရေး ကျပ်တည်းကျဉ်းမြောင်းကာ သွားလာမှု မလွယ်ကူခြင်းဖြစ်သည်။ ထိုအခါ ပြည်သူများအတွက် အချိန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရပြီး နိုင်ငံခြားဧည့်သည်များ ဝင်ထွက်သွားလာမှု၌ အဟန့်အတားဖြစ်စေသည်။ ထို့အပြင် ပြည်တွင်း၊ ပြည်ပ ကုန်စည်ပို့ဆောင်မှုကဏ္ဍများ၌ အခက်အခဲ များစွာဖြစ်စေသည်။ ထို့ကြောင့် ယင်းအခက်အခဲများကို နိုင်ငံတော်အစိုးရက ကြိုးစားဖြေရှင်းပေးနေသည်ကို တွေ့ရသည်။ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့်ပတ်သက်၍ မတ်လ ၂၆ ရက်နေ့က ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မဟာမဲခေါင်ဒေသအတွင်းရှိ လမ်းမကြီးများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် အာရှဖွံ့ဖြိုးရေးဘဏ်နှင့် အာဆီယံအခြေခံအဆောက်အအုံ ရန်ပုံငွေတို့ထံမှ အမေရိကန်ဒေါ်လာ သန်း ၃၆၀ ချေးယူမည့်အစီအစဉ်အား အတည်ပြုပေးခဲ့ပေသည်။ အဆိုပါ အစီအစဉ် အကောင်အထည်ဖော်နိုင်ပါက အဓိကကျသည့် ရန်ကုန်မြို့နှင့် ဆက်စပ်သည့် ဆက်သွယ်မှုများ ချောမွေ့လွယ်ကူလာမည် ဖြစ်သည်။
အဆိုပါချေးငွေအစီအစဉ်တွင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ရန်ကုန်မှ ဘောနက်ကြီးအပိုင်း မိုင် ၄၀ အရှည်တို့ပါဝင်ပြီး ၄င်းလမ်းပိုင်းများသည် နောင်ဖြစ်ပေါ်လာမည့် အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေဆိပ်နှင့် ဆက်စပ်အကောင်အထည်ဖော်ရန် လျာထားဆောင်ရွက်လျက်ရှိသည့် လမ်းတစ်လမ်းဖြစ်သည်။ ရန်ကုန်မြို့တွင်း လမ်းပိုင်းမှတစ်ဆင့် ရန်ကုန်-မန္တလေး အမြန်လမ်းကို ဆက်စပ်အသုံးပြုခြင်းဖြင့် ရန်ကုန်မြို့လယ်မှ အပြည်ပြည်ဆိုင်ရာဟံသာဝတီလေဆိပ်သို့ အချိန်တိုအတွင်း ဆက်သွယ်သွားလာနိုင်ရန် အတွက် အဆင်ပြေမည်ဖြစ်သည်။
ချေးငွေအစီအစဉ်တွင် ရန်ကုန်မြို့တွင်းလမ်းပိုင်း ပါဝင်လာသဖြင့် ရန်ကုန်မြို့တွင်း ယာဉ်ကြောကျပ်တည်းမှုကို ပြေလည်စေမည်ဖြစ်ပြီး ရန်ကုန်မြို့တွင်းမှ ရန်ကုန်-မန္တလေးအမြန်လမ်းရှိ ၁၅ မိုင်မှတစ်ဆင့် ဟံသာဝတီလေဆိပ်သို့ ခရီးသွားလာချိန် တစ်နာရီအတွင်း ရောက်ရှိနိုင်မည်ဖြစ်သည်။ ရန်ကုန် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ ရန်ကုန်မြို့၏မြောက်ဘက်သို့ တိုးချဲ့ရန်လျာထားခြင်း၊ ရန်ကုန်-ဘောနက်ကြီး လမ်းပိုင်းတစ်ဝိုက်တွင် ကိုရီးယားနိုင်ငံမှ စက်မှုဇုန်များနှင့် အစိမ်းရောင်မြို့ပြစီမံကိန်းများ ထူထောင်ရန် လျာထားကြောင်း သိရသည်။ ရန်ကုန်-ဘောနက်ကြီး လမ်းပိုင်းသည် အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းမကြီး၏ အစိတ်အပိုင်းတစ်ခု မလွဲမသွေဖြစ်လာပေမည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၏ အဓိကအချက်အချာကျသော ရန်ကုန်မြို့နှင့် ပတ်ဝန်းကျင် ဆက်သွယ်သွားလာမှု လွယ်ကူရေးအတွက် ဆောင်ရွက်ပေးမည့်အစီအမံများသည် အစိုးရနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှု၏ကောင်းမွန်သည့် ပုံရိပ်များပင်ဖြစ်ပါကြောင်း။ ။
(ကြေးမုံ)