နေပြည်တော် ၁၁ ဖေဖော်ဝါရီ

 

 
အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်) ရှစ်နှစ်မြောက် နှစ်ပတ်လည် နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဥယျာဉ်၌ ကျင်းပ သည်။

 

ယနေ့ကျရောက်သည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်) ရှစ်နှစ်မြောက် နှစ်ပတ်လည်နေ့တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာ ဦးစီးဌာနက ပဒေသာကပွဲများဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားတို့က ရိုးရာယဉ်ကျေးမှု အကများဖြင့်လည်းကောင်း ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များကို ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့ပြင် အဆိုပါဥယျာဉ်၌ တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအတွက် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ ညစာစားပွဲနှင့် ကံစမ်းမဲများဖောက်ပေးခြင်း တို့ကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

 

“အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)အတွင်းမှာ တိုင်းရင်းသား လူမျိုးများရဲ့ ရိုးရာအိမ်တွေ၊ ရိုးရာပစ္စည်းတွေ၊ နန်းတော်တွေ၊ ဘုရားစေတီတွေ၊ ကလေးကစားကွင်းတွေ၊ အပန်းဖြေစရာနေရာတွေ ဒါတွေအားလုံး ပြည့်ပြည့်စုံစုံ ထည့်သွင်းတည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် လာရောက်လည်ပတ်တဲ့ ပြည်သူတွေအနေနဲ့ အချိန်တိုအတွင်းမှာ တစ်နိုင်ငံလုံးကို လည်ပတ်ရသလို ခံစားရ မှာဖြစ်ပါတယ်။ ဗဟုသုတတွေလည်းရနိုင်သလို အပန်းလည်းပြေနိုင်ပါတယ်”ဟု အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)အုပ်ချုပ်မှုရုံး အထွေထွေမန်နေဂျာ ဦးစိုးနိုင်က ပြောကြားခဲ့သည်။

 

လက်ရှိတွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်း ဝင်ရောက်လေ့လာသူ များအား ဝင်ကြေးအဖြစ် လူကြီးတစ်ဦးလျှင်တစ်ထောင်ကျပ်၊ ကလေး တစ်ဦးလျှင် ငါးရာကျပ်သတ်မှတ်ပြီး နိုင်ငံခြားသားလူကြီးတစ်ဦးလျှင် 10$ နှင့် ကလေးတစ်ဦး လျှင် 5$ ကောက်ခံလျက်ရှိသည်။

 

“သာမန်အားဖြင့် တစ်ရက်ကို လူ ၉၀ဝ၊ ၁၀ဝ၀လောက် လာရောက် လေ့လာကြပါတယ်။ ဒီလိုရာသီမှာ ကျောင်းကလည်းပိတ်ပြီဆိုတော့ ဘုရားဖူးကား တွေလည်း ရောက်ကြတဲ့အတွက် ဒီထက် လူဝင်/ထွက်ပိုများလာဖို့ရှိပါတယ်။ ငါးနှစ် အောက်ကလေးတွေနဲ့ ရဟန်းသံဃာတွေ၊ သီလရှင်တွေကို အခကြေးငွေမယူပါဘူး။ ကျောင်းသား၊ ကျောင်းသူတွေဆို ဝင်ကြေးသီးခြားအနေနဲ့ လုပ်ထားပါတယ်။ အဖွဲ့ အစည်းလိုက် လာတာတွေဆို သတ်မှတ်ထားတဲ့ ကားဝင်ကြေး၊ လူဝင်ကြေးတွေကို လျှော့ချပေးထားပါတယ်။ ဒီနေ့ဆို ဝင်ကြေးကို တစ်ဝက်ထိချပေးခဲ့တာတွေ ရှိတဲ့ အပြင် ဥယျာဉ်ထဲက ကစားကွင်းတွေမှာလည်း ဝန်ဆောင်ခတွေ လျှော့ပေးတာရှိပါ တယ်” ဟု ဦးစိုးနိုင်က ပြောကြားသည်။

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)အတွင်းတွင် တိုင်းဒေသကြီး နှင့်ပြည်နယ်များရှိ ထင်ရှားသော စေတီပုထိုးများ၊ အထင်ကရနေရာများ၊ တိုင်းရင်း သားလူမျိုးများ၏ ရိုးရာအိမ်များ၊ နေထိုင်မှုဓလေ့ပုံစံများနှင့် Entertainment ကစားကွင်း ၃၀ နီးပါးထည့်သွင်းတည်ဆောက်ထားသည်။

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ် အုပ်ချုပ်မှုရုံး အထွေထွေမန်နေဂျာ ဦးစိုးနိုင် က “ဥယျာဉ်အတွင်းမှာ နားစရာခိုစရာ သစ်ရိပ်ဝါးရိပ်တွေ ပေါပါတယ်။ ရေကူးကန်၊ သေနတ်ပစ်ကွင်း၊ ကလေးကစားကွင်း၊ ကောင်းကင်ရထားကစားကွင်း၊ ရေလွှာ လျှောစီးစတဲ့ Entertainment ကစားကွင်းတွေ ရှိတဲ့အတွက်ကြောင့် ကလေးတွေ လည်း ပျော်ပျော်ရွှင်ရွှင် လာရောက်ကစားနိုင်ပါတယ်။ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောကြားသည်။

 

“ဒီဥယျာဉ်ကို ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် ဆွဲဆောင် မှုရှိတဲ့ နေရာတစ်ခု ဖြစ်အောင် အဆင့်မြှင့်တင်ဖို့ရှိပါတယ်။ နိုင်ငံခြားသားတွေကတော့ တိုင်းရင်းသား ရိုးရာအိမ်တွေ၊ မတူကွဲပြားတဲ့ နေထိုင်မှုစနစ်တွေကို လေ့လာချင်ကြတယ်။ တိုင်းရင်း သား လူမျိုးပေါင်းစုံရဲ့ နေထိုင်မှု၊ စားသောက်မှုပုံစံတွေ၊ ဓလေ့စရိုက်တွေ၊ တိုင်းရင်း သား တွေထုတ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း စိတ်ဝင်စားကြတယ်။ ဒါတွေကို တစ်နေရာတည်း တစုတဝေးတည်း ပြနိုင်မယ်ဆိုရင် ပြည်တွင်းပြည်ပ ခရီးသွားတွေ ဒီထက်ပိုပြီး လာရောက်ကြမှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ရှေ့လျှောက် သက်ဆိုင်ရာဒေသက တိုင်းရင်းသားတွေကို ဒီဥယျာဉ်မှာ ခန့်ထားပေးနိုင်ဖို့ တင်ပြ ထားပါတယ်။ သူတို့တွေ ဒီမှာ ဝန်ထမ်းအနေနဲ့ လာနေမယ်။ ရိုးရာအိမ်တွေမှာ ရိုးရာပစ္စည်းတွေထုတ်လုပ်တာ၊ ရိုးရာအစားအသောက်တွေရောင်းချတာ လုပ်ဆောင် ဖို့ ရှိပါတယ်။ အခုလက်ရှိလည်း ရှိတော့ရှိပါတယ်။ ဒါပေမယ့် မပြည့်စုံသေးတာပါ။ ဒီလိုစံချိန်စံညွှန်းမီတဲ့ ဥယျာဉ်ဖြစ်လာမယ်ဆိုရင်တော့ ပြည်တွင်းပြည်ပ ခရီးသွား များရဲ့ စိတ်ဝင်စားတဲ့ နေရာတစ်ခုဖြစ်လာမှာပါ။ ဥယျာဉ်ထဲမှာ ရိုးရာအိမ်တွေ အများကြီးရှိပါတယ်။ ဒါတွေကို ခရီးသွားတွေတည်းခိုလို့ ရအောင်လုပ်ထားမယ်။ ခရီးသွားတွေလာချင်အောင် ဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်အောင် ဖန်တီးပေးမယ် ဆိုရင် ပိုပြီးစိတ်ဝင်စားလာကြမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ သည်။

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)သည် နေပြည်တော် ဇေယျာ သီရိမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၅၇/၂ အရှေ့ ဘက် တစ်မိုင်ခန့်အကွာ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)နှင့် ကပ်လျက် တည်ဆောက်ထားသည်။

 

“အလွယ်တကူ လာရောက်လို့ရအောင် ယာဉ်လိုင်းတွေ စီစဉ်ပေးနေတာရှိပါ တယ်။ နေပြည်တော် မြို့မဈေးကနေ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို ပြေးဆွဲပေးတဲ့ ယာဉ်လိုင်းတွေရှိသလို တပ်ကုန်းကနေ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို လည်း ယာဉ်လိုင်းတွေ ပြေးဆွဲနေပါတယ်။ ရှေ့လျှောက် သွားရေးလာရေးအဆင် ပြေအောင်လည်း သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်" ဟု အထွေထွေမန်နေဂျာ ဦးစိုးနိုင်က ပြောသည်။

 

အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(နေပြည်တော်)ကို ၂၀ဝ၈ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်တွင် စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ ယခုဆိုလျှင် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်(နေပြည်တော်) ဖွင့်လှစ်ခဲ့သည်မှာ ရှစ်နှစ်ပြည့်မြောက်ပြီဖြစ်သည်။ အဆိုပါဥယျာဉ်ကို အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဥယျာဉ်အတွင်း ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်တစ်ဝန်းရှိ တိုင်းရင်းသားလူမျိုးများ၏ ဓလေ့ထုံးစံ၊ နေထိုင်စားသောက်ပုံ များ၊ အထင်ကရဖြစ်သည့် အထိမ်းအမှတ်အဆောက်အအုံများ၊ ထင်ရှားသော စေတီပုထိုးများကို တစ်နေရာတည်းတွင် ကြည့်ရှုလေ့လာနိုင်ရန် တည်ဆောက် ထားသည်။ 

 

 သတင်း- ကျော်သူထက်၊ ဓာတ်ပုံ- ကျော်ရဲဆွေ