ပူတာအို  ၇   ဒီဇင်ဘာ

 

ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားဇီဝအရင်းအမြစ်သိပ္ပံဌာန (National Institute of Biological Research) နှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်သည့် ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသနစခန်း ဖွင့်လှစ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီခွဲက ကချင်ပြည်နယ် ပူတာအိုမြို့ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးဝင်းရှိ အဆိုပါ အဆောက်အအုံရှေ့တွင် ကျင်းပသည်။

 

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ ကိုရီးယားသမ္မတနိုင်ငံ ပတ်ဝန်းကျင်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Park Chun Kyoo တို့က နှုတ်ခွန်းဆက် အဖွင့်အမှာစကားပြောကြားသည်။

 

ဆက်လက်၍ မင်္ဂလာအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ ရဝမ်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးရနမ်းဖုန်၊ ကိုရီးယားနိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး H.E.Mr Park Chun Kyoo တို့မှ ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသနဓာတ်ခွဲခန်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ဓာတ်ခွဲခန်းအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။

 

အခမ်းအနားတွင် ကချင်ပြည်အစိုးရ အဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းက “ဒီနေ့ကျင်းပပြုလုပ်တဲ့ အခမ်းအနားမှာ ကချင်ပြည်နယ်ကိုယ်စား အဖွင့်အမှာစကားပြောကြားခွင့်ရတဲ့အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ ကျွန်တော်တို့ ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွက်သာမက ဒေသတွင်းအဆင့်မှာရော၊ ကမ္ဘာ့အဆင့်မှာပါ အာရှတိုက်ရဲ့ ထူးခြားထင်ရှားလှတဲ့ ဟိမဝန္တာတောင်စဉ် တောင်တန်းတွေမှာ ပါဝင်နေတဲ့ ရေခဲတောင်တွေတည်ရှိနေသလို အရှေ့ဖက်စွန်း ဟိမဝန္တာတောင်တန်းဒေသတစ်ခုဖြစ်ပြီး အရှေ့တောင်အာရှမှာ အမြင့်ဆုံးဖြစ်တဲ့ ခါကာဘိုရာဇီရေခဲတောင်ဒေသ တည်ရှိပါတယ်။

 

ဒါ့အပြင် အိန္ဒိယနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ အရေးပါတဲ့ဒေသများ (Global Biodiversity Hotspots) ထဲက တစ်ခုအဖြစ် ထင်ရှားပါတယ်၊ မြန်မာနိုင်ငံရဲ့ ရေအရင်းအမြစ်ဖြစ်တဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ်တို့ရဲ့ မြစ်ဖျားခံရာ မြစ်လက်တက်၊ ချောင်းလက်တက်များစွာရဲ့ မြစ်ဖျား၊ ချောင်းဖျားခံတဲ့ လွန်စွာမှအရေးပါလှတဲ့ ဒေသကြီးတစ်ခု ဖြစ်ပါတယ်၊ ဒီလိုထူးခြားထင်ရှားတဲ့ ဘူမိရူပသွင်ပြင် အခြေအနေတွေ၊ သဘာဝအရင်းအမြစ်တွေ၊ ထူးခြားကောင်းမွန်တဲ့ ဂေဟစနစ်တွေကြောင့် သဘာဝသယံဇာတတွေသာမက ဇီဝမျိုးစုံမျိုးကွဲတွေလည်း ပြည့်စုံကြွယ်ဝတာကို တွေ့ရှိရမှာဖြစ်ပါတယ်။

 

ကချင်ပြည်နယ်ဒေသဟာ ရေခဲတောင်တန်းတွေ၊ တောင်ပေါ်သစ်တောတွေ၊ အမြဲစိမ်းသစ်တောတွေ၊ ရွက်ပြတ်ရောနှောတောတွေ၊ ရေခဲပျော်တောင်ပေါ်ရေအိုင်ကြီးတွေ၊ ကုန်းတွင်းရေချိုကန်ကြီးတွေ၊ မြေနိမ့်မြေပြန့်လွင်ပြင်တွေ၊ ရေဝပ်ဒေသတွေ စတဲ့ မျိုးစုံသော တောအမျိုးအစား၊ ဂေဟစနစ်တွေအရ သဘာဝပတ်ဝန်းကျင် အလှအပတွေရှားပါးပြီး အဖိုးတန်တဲ့ မြန်မာနိုင်ငံမျိုးရင်း သဘာဝအပင်တွေနဲ့ သားငှက်တိရစ္ဆာန်တွေကို တွေ့ရှိရသလို ဒေသခံတိုင်းရင်းသားလူမျိုးစုတွေရဲ့ တမူထူးခြားတဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ ဓလေ့ထုံးတမ်းစဉ်လာတွေကိုပါ တွေ့ရှိရမှာဖြစ်ပါတယ်။

 

ကချင်ပြည်နယ်ဟာ ကမ္ဘာ့အဆင့် အပင်မျိုးစုံမျိုးကွဲ စုဝေးပေါက်ရောက်နေတဲ့ ဒေသတစ်ခုဖြစ်ပြီးတော့ သိပ္ပံပညာရှင်တွေရဲ့  ခန့်မှန်းမှုအရ အပင်မျိုးစိတ်ပေါင်း ၅၀ဝ၀ ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး သုတေသနပြု လေ့လာမှုကနေ အပင်မျိုးစိတ်သစ်များ မကြာခဏဆိုသလို ဖော်ထုတ်တွေ့ရှိနေရပါတယ်၊ သုတေသနပြုလုပ်ခြင်းမရှိသေးတဲ့ နေရာအများအပြားလည်း ကျန်ရှိနေဆဲ ဖြစ်ပါတယ်။

 

ကျွန်တော်တို့ ကချင်ပြည်နယ်မှာရှိတဲ့ သဘာဝအရင်းအမြစ်တွေ၊ ဇီဝအရင်းအမြစ်တွေဟာ ကျွန်တော်တို့ရဲ့ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အခြေခံ အရင်းအမြစ်တွေဖြစ်ပါတယ်၊ ဒီအရင်းအမြစ်တွေ မပျက်စီးဘဲ ထုတ်ယူသုံးစွဲနိုင်ဖို့ကိုလည်း အလေးထား ကြိုးပမ်းလျက် ရှိပါတယ်။

 

ကိုရီးယားသမ္မတနိုင်ငံလို ဇီဝအရင်းအမြစ်တွေကို ဆေးဝါး၊ အလှကုန်နဲ့ လူသုံးကုန်ပစ္စည်း ထုတ်လုပ်နိုင်တဲ့ နည်းပညာ ထိပ်တန်းကိုရောက်ရှိနေတဲ့ နိုင်ငံကနေ ယခုလို သုတေသန လာရောက် လုပ်ကိုင်ခြင်းဟာ ကျွန်တော်တို့အတွက် အခွင့်အလမ်းကောင်းတစ်ရပ်လို့ မှတ်ယူပါကြောင်း ပြောကြားလိုပါတယ်။

 

ယနေ့ဖွင့်လှစ်တဲ့ ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသနစခန်းဟာ ကျွန်တော်တို့အလေးထားတဲ့ ဇီဝအရင်းအမြစ်တွေကနေ ဒေသခံပြည်သူတွေ ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်မိပါကြောင်း ပြောကြားလိုပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ခါကာဘိုရာဇီ ဇီဝမျိုးစုံမျိုးကွဲ သုတေသနစခန်း တည်ထောင်နိုင်ဖို့ ထောက်ပံ့ပေးတဲ့ ကိုရီးယားသမ္မတနိုင်ငံအစိုးရအဖွဲ့ကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဒီသုတေသနစခန်းဖြစ်ပေါ်လာဖို့ ဆက်သွယ်ဆောင်ရွက်ပေးတဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်းနဲ့ ပြည်နယ်အစိုးရအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်" ဟု အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

အဆိုပါ ဓာတ်ခွဲခန်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကိုရီးယားသမ္မတနိုင်ငံ၊ အမျိုးသားဇီဝအရင်းအမြစ် သိပ္ပံဌာနနှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့ နှစ်နိုင်ငံပူးပေါင်း၍ သဘောတူစာချုပ်အရ ကိုရီးယားနိုင်ငံမှ အဆောက်အအုံကုန်ကျစရိတ်ကို ငွေကျပ်သိန်း ၁၁၈၀ တာဝန်ယူ၍ ကချင်ပြည်နယ် အစိုးရအဖွဲ့၏ တင်ဒါအောင်မြင်ခဲ့သည့် ပူတာအိုနန်းတော် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူကာ အလျား ၄၅ ပေ၊ အနံ ၃၈ ပေ၊ အမြင့် ၁၈ ပေရှိ နှစ်ထပ်အဆောက်အအုံကို ၂၀၁၉ ခုနှစ် မတ်လမှ စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

သုတေသနဓာတ်ခွဲခန်း တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ပူတာအိုဒေသမှ ထွက်ရှိသည့် ဆေးဥ၊ ဆေးမြစ်များ၊ သစ်ခွနှင့် သစ်ပင်များ အစရှိသည့် ကုန်ကြမ်းပစ္စည်းများကို ကုန်ကြမ်းအဖြစ် နိုင်ငံခြားသို့ တင်ပို့ရောင်းချခြင်းမပြုပဲ ဒေသထွက်ကုန်ချောအဖြစ်ဖြင့်သာ ထုတ်လုပ်ရောင်းချမည်ဖြစ်ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ကုန်ချောလှိုင်လှိုင်ထုတ်နိုင်ပြီး ကုန်ကြမ်းစဉ်ဆက်မပြတ်ရရှိနိုင်ရေး စိုက်ပျိုးနည်းသင်တန်းများ ပို့ချပေးနိုင်ရန် ကိုရီးယားနိုင်ငံ ဇီဝအရင်းအမြစ်သိပ္ပံဌာနနှင့် မြန်မာနိုင်ငံသစ်တောဦးစီးဌာနတို့ နှစ်ဦးသဘောတူ လက်မှတ် ရေးထိုးထားကြောင်း ခါကာဘိုရာဇီအမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်မောင်းထံမှ သိရသည်။

 

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန  ပြည်ထောင်စု ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်း၊ ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရနမ်းဖုန်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး H.E Mr. Lee Sang Hwa၊ ကိုရီးယားသမ္မတနိုင်ငံ ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E Mr. Park Chun Kyoo၊ မြန်မာနိုင်ငံ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်၊ ပူတာအိုခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)