နေပြည်တော် ၃၁ မတ်
ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင်တွေ့ မြင်နိုင်အောင် ပြည်သူတွေနဲ့အတူ မမှိတ်မသုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စု လွှတ်တော်တွင် မတ် ၃၀ ရက်က ပြုလုပ်သည့် ကတိသစ္စာပြုပွဲအခမ်းအနား၌ အလေးအနက် ပြောကြားသွားခဲ့ပြီဖြစ်သည်။
မိမိတို့နိုင်ငံနှင့် ပြည်သူများ ရင်ဆိုင်တွေ့ ကြုံနေကြရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများကိုလည်း လွယ်လင့်တကူ ဖြေရှင်းနိုင်မည် မဟုတ်သည့်တိုင် အစွမ်းကုန်ကြိုးပမ်းအားထုတ်ကာ ဦးစားပေးကဏ္ဍအလိုက် ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ ဦးစားပေးရည်မှန်းချက်ပန်းတိုင်များဖြစ်သည့်
(၁)တရားဥပဒေစိုးမိုးရေးနှင့်ပြည်သူများ၏ လူမှု-စီးပွားဘဝ တိုးတက်မြင့်မားရေး၊
(၂) အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊
(၃) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး
တို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်းမိန့်ခွန်း၌ တိကျရှင်းလင်းစွာ ချပြသွားခဲ့ရာ မိမိတို့ နိုင်ငံနှင့်ပြည်သူများ၏ပစ္စုပ္ပန်ကာလ ပကတိဘဝလိုအပ်ချက်များနှင့်အညီပင် ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
ထို့အပြင် မျက်မှောက်ကာလသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ၏ အစသာရှိသေးကြောင်း òန်ပြကာ ဤပြောင်းလဲမှုဖြစ်စဉ်ကြီးအောင်မြင်ချောမွေ့စေရေးအတွက် ပြည်သူပြည်သားများနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သှူဝန်ထမ်းများအားလုံး၏ ပုံစံကျနေသည့် အတွေးအမြင်များ၊ ပုံသေကားကျ အလေ့အထများအားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်လှကြောင်း နိုင်ငံတော်သမ္မတက တိုက်တွန်းနှိုးဆော်ခဲ့ရာ ပြည်သူများ မြင်ချင်တွေ့ချင်သည့် အပြောင်းအလဲများအတွက်အခြေခံအကျဆုံး၊ အဓိကအကျဆုံးအချက်များပင်ဖြစ်ပြီး တညီတညွတ်တည်း လိုက်ပါပြုပြင်ပြောင်းလဲခြင်းအားဖြင့် နိုင်ငံအတွက် ဖွံ့ ဖြိုးတိုးတက်မှု အရှိန်အဟုန်တစ်ရပ်ကိုပါ ဖြစ်ထွန်းလာစေမည်ဖြစ်သည်။
“ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအ¸အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လှူအခွင့် အရေးချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သှူဘဏ္ဍာငွေများ အလေအလွင့်ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့သိမ်းဆည်းခံရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားများရဲ့လူနေမှုဘဝမြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ဘဝ သာယာစိုပြည်ရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ကို ဖော်ဆောင်ရပါလိမ့်မယ်” ဟူ၍လည်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မိန့်ခွန်းတွင် တိကျရှင်းလင်းပြတ်သားစွာ ထည့်သွင်း ပြောကြားသွားခဲ့ရာ ပြုပြင်ပြောင်းလဲမှုများသည် ကဏ္ဍအသီးသီးတို့တွင် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာမည်ဟု ခိုင်မာစွာ ယုံကြည်မိသည်။
အနှစ်ချုပ်အားဖြင့်ဆိုရပါက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏မိန့်ခွန်းသည် ယနေ့နိုင်ငံတော်၏ ပကတိအခြေအနေနှင့် ပြည်သူတို့၏ မျှော်လင့်ချက်ဆန္ဒများကို အရှိအတိုင်းသိနားလည်စွာ ထင်ဟပ်ဖော်ပြ ထားသကဲ့သို့ အစိုးရအဖွဲ့၏ ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များကို တိကျရှင်းလင်းစွာ ဖော်ပြထားခြင်းပင်ဖြစ်သည်။ အဓိကလိုအပ်ချက်မှာမူ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းစဉ် တစ်နည်းအားဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၌ လိုက်ပါဆောင်ရွက်သူများအားလုံး၊ နိုင်ငံသူ နိုင်ငံသားအားလုံးက ကျရာကဏ္ဍအသီးသီးမှ တာဝန်ကျေပွန်ကြရေးပင်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်း