နေပြည်တော် ၇ ဒီဇင်ဘာ
စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ယမန့်နေ့ မွန်းလွဲပိုင်းတွင် Feria de Madrid ရှိ Exhibition Hall ၌ ကျင်းပသည့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် အလွတ်သဘော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် United Nations Framework Convention on Climate Change - UNFCCC ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် နိုင်ငံအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး၊ လိုက်လျောညီထွေရှိရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် သတ်မှတ်လျာထားချက်များ၊ တွေ့ကြုံရမည့် အခက်အခဲများ၊ အခွင့်အလမ်းများ၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်ဆိုင်ဖြေရှင်းရမည့် အခက်အခဲများနှင့် လုပ်ငန်းရန်ပုံငွေလိုအပ်ချက်များကို အလွတ်သဘော ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံသည် ၂၀၁၉ ခုနှစ် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကြောင့် ဘေးအန္တရာယ်ကျရောက်နိုင်ခြေ အညွှန်းကိန်းများအရ သဘာဝဘေးအန္တရာယ် ခံနိုင်မှုနည်းပါးသည့် နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုလျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုဒဏ် ခံနိုင်ရည်ရှိရေးအတွက် အစိုးရမှ ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံအဆင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ် ရည်မှန်းချက်များကို ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များကို ဦးစားပေးအသုံးပြုမည့် ပတ်ဝန်းကျင်ဆိုင်ရာ ဦးစားပေးအစီအစဉ်များ ဆောင်ရွက်ခြင်းဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရရှိမှာဖြစ်ပြီး နိုင်ငံ၏ ရေသယံဇာ၊ မြေသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ်ရေးနှင့် ထိရောက်စွာ အသုံးပြုနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လက်တွေ့ကျပြီး ကမ္ဘာ့နိုင်ငံများအကြား အစဉ်ဖြစ်ပေါ် တိုးတက်ပြောင်းလဲနေမှုများနှင့် လိုက်လျောညီ ထွေရှိစေရေး နည်းလမ်းများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ရာသီဥတုပြောင်းလဲမှုသည် ကမ္ဘာ့နိုင်ငံများအတွက် ကြီးမာသည့် စိန်ခေါ်မှုကြီးတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်သော ရာသီဥတုအခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အကျိုးဆက်အနေဖြင့် နိုင်ငံ၏ လူမှုစီးပွားရေးအပေါ်ကြီးမားသည့် အကျိုးသက်ရောက်မှုများကို တစ်နေ့ထက်တစ်နေ့ပိုမို တိုးမြှင့်ခံစားနေရကြောင်း၊ အစိုးရအနေဖြင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ပျက်စီးလွယ်သည့် သယံဇာတများ၊ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ပတ်ဝန်းကျင်ကို အထူးအလေးပေး ထိန်းသိမ်းကာကွယ်လျက်ရှိကြောင်း၊ ထိုကဲ့သို့ ထိန်းသိမ်းကာကွယ်ရာတွင် နည်းပညာ၊ လုပ်ငန်းရန်ပုံငွေ လိုအပ်ချက်များမှာ အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ကြုံတွေ့နေရကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုခိုင်မာမှုရှိစေရန်နှင့် နိုင်ငံအစိုးရ၏ ကတိကဝတ်ထားရှိမှုများ ပိုမိုထင်ရှားပြတ်သားစေရန်အတွက် ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒများ၊ ဥပဒေ၊ နည်းဥပဒေများနှင့် မဟာဗျူဟာ စီမံကိန်းမူဘောင်များ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ပတ်ဝန်းကျင်ထိခိုက်မှုများ ပြန်လည်ထူထောင်နိုင်ရန်အတွက် ရန်ပုံငွေတစ်ရပ် Environmental Fund ထူထောင်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နံနက်ပိုင်းတွင် Feria de Madrid ၌ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာများတွင် ပါဝင်ဆောင်ရွက်နေသာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပညာရေးအဖွဲ့အစည်းများမှ ဆောင်ရွက်နေသည့် လုပ်ငန်းများရှင်းလင်းတင်ပြသည့် ပြခန်းများ၊ ဂျပန်နိုင်ငံ၏ Ocean and Climate Change - Contribution of Space Technology ခေါင်းစဉ်ဖြင့်ကျင်းပသည့် မိတ်ဆက်စာတမ်းဖတ်ပွဲသို့ တက်ရောက်လေ့လာဆွေးနွေးခဲ့ပြီး ဂျပန်နိုင်ငံ၏ ဟိုင်ဒရိုဂျင်စွမ်းအင်လောင်စာသုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော မြို့ပြများဖော်ဆောင်ခြင်း Sustainable Smart Town (SST) Initiative နှင့်စပ်လျဉ်း၍ ခင်းကျင်းပြသထားမှု၊ ကုလသမဂ္ဂ UNFCCC Resilience Lab တွင် ကျင်းပပြုလုပ်သည့် ရာသီဥတုပြောင်းလဲမှုကြောင့် ရေသယံဇာတများ ဆုံးရှုံးကွယ်ပျောက်မှုမှ ထိန်းသိမ်းကာကွယ်ခြင်းနှင့် အနာဂတ်ကာလ လုံလောက်မှုရှိစေရေးအတွက် Water Resilience Frontiers: Pathways for transformational Climate Resilient Water Securities in 2030 and Beyond ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲနှင့် အိန္ဒိယနိုင်ငံ၏ မြေယာအဆင့်အတန်းလျော့ချခြင်းမှ ထိန်းသိမ်းကာကွယ်ရန်အတွက် Land Degradation Neutrality ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတို့ကို တက်ရောက်ခဲ့သည်။
သတင်းစဉ်