မြိတ် ၇ ဒီဇင်ဘာ        

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ရောက်ရှိနေသည့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ယနေ့တွင် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉) ပြခန်းများဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉)သို့ တက်ရောက်အမှာစကား ပြောကြားသည်။

 

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် နံနက် ၇ နာရီခွဲတွင် မြိတ်မြို့ Sea View Condo ၌ ကျင်းပပြုလုပ်သည့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉) ပြခန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

mdn

 

ရှေးဦးစွာ အခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးဆက်အောင်နှင့် ဦးကျော်လင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

mdn

 

ထို့နောက် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉) ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

 

ဆက်လက်၍ ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပုလဲသန္တာဟိုတယ်၌ ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉) သို့ တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်၊  တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးတင်အောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဒေါက်တာထွန်းနိုင်နှင့် ဦးဆက်အောင်၊ ဦးကျော်လင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စီးပွားရေးပညာရှင်များ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ထားဝယ်တိုင်းရင်းသားရိုးရာ ရေအိုးရွက်အကနှင့် ဇာတ်မင်းသား ဖိုးချစ်တို့၏ အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် ဒုတိယသမ္မတက မင်္ဂလာရွှေမောင်းကို (၃)ကြိမ် တီးခတ်၍ တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉) ကို ဖွင့်လှစ်ပေးသည်။

 

mdn

 

အခမ်းအနားတွင် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ကျင်းပပြုလုပ်ပေးခဲ့ရာ ယနေ့ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်သည် တနင်္သာရီတိုင်းဒေသကြီးတွင် ပထမအကြိမ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပါကြောင်း။ 

 

ရင်းနှီးမြှုပ်နှံမှုဖိုရမ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကျင်းပခြင်းဖြင့် အဆိုပါတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စီးပွားရေးဆိုင်ရာ အားသာချက်များကို ဖော်ထုတ်နိုင်ခြင်း၊ ဒေသထွက်ကုန်ပစ္စည်းများကို အများသိအောင် မြှင့်တင်နိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို သိရှိခြင်း စသည့် ရလဒ်များကို ရရှိနိုင်မည်ဖြစ်ပါကြောင်း။

 

ထို့ပြင် ဒေသခံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့်  တနင်္သာရီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် လုပ်ငန်းရှင်များအကြား ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ယခုဖိုရမ်မှတစ်ဆင့် ဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်း။

 

mdn

 

တနင်္သာရီတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းတွင် တည်ရှိပြီး ဧရိယာအားဖြင့် (၄၃,၃၂၈) စတုရန်းကီလိုမီတာ ကျယ်ဝန်းသည့်အပြင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၁ ဒသမ ၄ သန်းကျော် နေထိုင်လျက်ရှိပါကြောင်း၊ အရှေ့ဘက်နှင့် တောင်ဘက်တွင် ထိုင်းနိုင်ငံ၊ မြောက်ဘက်တွင် မွန်ပြည်နယ်နှင့် အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည့်အတွက် စီးပွားရေးအရ အချက်အချာကျသည့်နေရာ ဖြစ်ပါကြောင်း။

 

တနင်္သာရီတိုင်းဒေသကြီး၏ အဓိကထုတ်ကုန်လုပ်ငန်းများသည် သဘာဝပုလဲနှင့် မွေးပုလဲမွေးမြူရေး လုပ်ငန်းများ၊ ပင်လယ်ရေထွက်ကုန်များ၊ ရာဘာနှင့် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းများ၊ ငှက်သိုက်မွေးမြူရေးလုပ်ငန်းများနှင့် သတ္တုတူးဖော် ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြပါကြောင်း၊ ထို့ပြင် ပင်လယ်ကမ်းခြေနှင့် ကျွန်းများ၏ သဘာဝအလှတရားများကိုလည်း ပိုင်ဆိုင်ထားသည့်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက်ရန် အဓိကအရေးပါသည့် ကဏ္ဍတွင် ပါဝင်လျက်ရှိနေပါကြောင်း။

 

ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်နိုင်မည့် တန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများသည်လည်း တနင်္သာရီတိုင်းဒေသကြီးတွင် အများအပြား ရှိနေပါကြောင်း။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း စုစုပေါင်း (၄၄)ခု ဝင်ရောက်ခဲ့ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၃၈၅)သန်း ရင်းနှီးမြှုပ်နှံခဲ့ပါကြောင်း၊ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုကို ကြည့်မည်ဆိုပါက လုပ်ငန်းစုစုပေါင်း (၇၁)ခုရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ (၂၃၃ ဒသမ ၉၆)သန်း (ကျပ်သန်းပေါင်း ၂၈၂၃၂၆ ဒသမ ၁၆၃) ရင်းနှီးမြှုပ်နှံထားပါကြောင်း၊ အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးရေးကဏ္ဍနှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍတို့ ဖြစ်ကြပါကြောင်း။ 

 

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံစီးပွားရေး အသိုက်အဝန်း (အေအီးစီ-၂၀၂၅) အကောင်အထည်ဖော်ရန် ကတိကဝတ်ပြုထားသည့်အတွက် အာဆီယံအသိုက်အဝန်းအတွင်း လူအချင်းချင်း ချိတ်ဆက်ဆက်နွှယ်မှုနှင့် အခြေခံအဆောက်အအုံများ ချိတ်ဆက်ခြင်းဖြင့် ဒေသတွင်းပေါင်းစပ်မှုများ ပိုမိုဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

ဒေသတွင်း အလားအလာကို ကြည့်မည်ဆိုပါက တနင်္သာရီတိုင်းဒေသကြီးသည် မဟာမဲခေါင်၏ အနောက်ဖက်ဆုံး ဝင်ပေါက်သဖွယ်ဖြစ်နေပြီး ဒေသတွင်းနိုင်ငံများနှင့် တောင်ပိုင်းစီးပွားရေးစင်္ကြံ (Southern Economic Corridor – SEC) သို့ ချိတ်ဆက်နိုင်မည့် အရေးပါသည့်နေရာတွင် တည်ရှိနေပါကြောင်း။

 

ကမ္ဘာ့နိုင်ငံများ၏ ကမ်းရိုးတန်းဒေသ ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ချက်များကို နမူနာယူ၍ တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းရိုးတမ်းဒေသတစ်လျှောက် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ရန် ထားဝယ်အထူးစီးပွားရေးဇုန်ကို တည်ထောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်များ ဖော်ဆောင်ပေးခြင်းဖြင့် မဟာမဲခေါင်တောင်ပိုင်း စီးပွားရေးစင်္ကြံနှင့် အရှေ့အလယ်ပိုင်းဒေသ၊ အိန္ဒိယ စသည့် ဈေးကွက်များနှင့် ချိတ်ဆက်နိုင်သည့်နေရာအဖြစ် အရေးပါလာမည်ဖြစ်ပါကြောင်း၊ အဆိုပါအခွင့်အလမ်းများကို အမိအရဖမ်းဆုပ်၍ တနင်္သာရီတိုင်းဒေသကြီး၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သည့်အခါ ပုဂ္ဂလိကနှင့် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများကိုလည်း မိမိတို့နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း။

 

မြန်မာနိုင်ငံ၏ Ease of Doing Business Ranking (စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့အောင် ဆောင်ရွက်နိုင်မှုအဆင့်) အနေဖြင့် ကမ္ဘာ့ဘဏ်မှ ၂၀၂၀ ပြည့်နှစ်အတွက် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ယခင်နှစ်က အဆင့် ၁၇၁ ရှိခဲ့ရာမှ ယခုနှစ်တွင် အဆင့် ၁၆၅ အဖြစ် သတ်မှတ်ခံခဲ့ရသည့်အတွက် အဆင့် ၆ ဆင့် တိုးတက်လာခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ Ease of Doing Business Ranking တိုးတက်ရေးအတွက် “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း (Myanmar Investment Promotion Plan – MIPP)” တွင် ထည့်သွင်း၍ ရည်မှန်းချက်ထားကာ ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း။

 

မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ကိုင်ရာတွင် လွယ်ကူချောမွေ့မှု အရှိဆုံးနိုင်ငံများ စာရင်းကို တိုင်းတာသည့်ညွှန်းကိန်း (၁၀)ခုအနက် “စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း (Starting a Business)”၊ “ဆောက်လုပ်ခွင့်ရယူခြင်း (Dealing with Construction Permits)”၊ “အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း (Protecting Minority Investors)”၊ “ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း (Registering Property)” နှင့် “ပဋိညာဉ်များ အတည်ပြုဆောင်ရွက်ခြင်း (Enforcing Contracts)” စသည့် အညွှန်းကိန်းများ၌ သိသာထင်ရှားစွာ တိုးတက်လာခဲ့သည့်အတွက် တိုးတက်မှုအရှိဆုံးနိုင်ငံ ၂၀ စာရင်းတွင်လည်း ပါဝင်ခဲ့ပါကြောင်း၊ အခြားညွှန်းကိန်းများတွင်လည်း ယခုကဲ့သို့သိသိသာသာ အဆင့်တိုးတက်လာရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း။        

 

ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုသည့် စီးပွားရေးဝန်းကျင်တစ်ခုကို ဖန်တီးဆောင်ရွက်ရာတွင် “မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ” နှင့် “မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ” တို့သည် စည်းမျဉ်းစည်းကမ်း အခြေခံအုတ်မြစ်များဖြစ်ကြပါကြောင်း၊ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ” တွင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ အရေးပါသည့်အချက်များ ပြဋ္ဌာန်းဖော်ပြထားသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ “မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်” အနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်သွားရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိပါကြောင်း။

 

MyCO ဟု သိကြသည့် “အီလက်ထရောနစ် ကုမ္ပဏီမှတ်ပုံတင်စနစ်” ကို တည်ထောင်ထားခြင်းကြောင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းကို ထိရောက်မြန်ဆန်စွာ အွန်လိုင်းမှတစ်ဆင့် အလွယ်တကူ ဆောင်ရွက်နိုင်သည့်အပြင် ကုမ္ပဏီဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုအားလုံးကိုလည်း ဒစ်ဂျစ်တယ်စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း။

 

ဝန်ကြီးဌာနများအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံသူများ စီးပွားရေးလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရာတွင် အခက်အခဲပေါ်ပေါက်စေမည့် လုပ်ထုံးလုပ်နည်းများ ပြင်ဆင်ဆောင်ရွက်ပေးရေးနှင့် လုပ်ငန်းအဆင့်များပြားနေခြင်းကို လျှော့ချနိုင်ရေးအတွက် တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံကိန်း(MIPP)ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP) သည် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ခြင်းဖြင့် သာတူညီမျှချမ်းသာကြွယ်ဝသည့် လူမှုအသိုက်အဝန်းတစ်ရပ် ဖန်တီးသွားရန်နှင့် ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP)ကို နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်များ၊ မူဝါဒများနှင့် လိုက်လျောညီထွေဖြစ်ရန် (၅)နှစ်တစ်ကြိမ် ပြန်လည်ဆန်းစစ်ခြင်းနှင့် သုံးသပ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) ဟာ “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (Sustainable Development Goals –SDGs)” ပြည့်မီရေးအတွက် ဦးတည်ရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊  အဆိုပါ စီမံကိန်းသည် အစိုးရအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ပြီး တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်ပေါ်လာစေရေးအတွက် ပုဂ္ဂလိကကဏ္ဍ၏ အရေးပါမှုကိုလည်း အလေးပေးရေးဆွဲထားပါကြောင်း၊ အစိုးရအနေဖြင့် “လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်မှု” နှင့် “သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုတိုးတက်မှု” တို့အတွက် မျှတအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင် မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေးအတွက် “မြန်မာနိုင်ငံပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးမူဘောင်နှင့် လုပ်ငန်းစီမံချက်” ကိုလည်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ အဆိုပါမူဘောင်သည် “ဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ဝန်းကျင်တိုးတက်ကောင်းမွန်စေရန်”၊ “ငွေကြေးရရှိစေနိုင်မှုဆိုင်ရာများ ဆောင်ရွက်ရန်”၊ “ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမြှင့်တင်ရန်”၊ “စီးပွားရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံ၏အခန်းကဏ္ဍအား ပြန်လည်ရေးဆွဲရန်”နှင့် “အခြေခံလူသားအရင်းအမြစ် တည်ဆောက်ရန်” စသည့် အချက် (၅)ချက်ကို လွှမ်းခြုံစေရန် ရေးဆွဲထားခြင်းဖြစ်ပါကြောင်း။

 

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူစေရန် ဖြေလျှော့မှုများ၊ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ပေးနေချိန်တွင် တနင်္သာရီတိုင်းဒေသကြီးသည် စီးပွားရေးအချက်အခြာကျသည့် နေရာတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးများ ပိုမိုကောင်းမွန်လာပြီဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တနင်္သာရီတိုင်းဒေသကြီးသို့ အလွယ်တကူသွားလာ၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ပြီဖြစ်ပါကြောင်း။

 

တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ် (၂၀၁၉) အောင်မြင်အောင် ဦးဆောင်ကျင်းပပေးခဲ့ကြသည့် “ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန”၊ “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်”၊ “တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့”၊ “တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ”၊ “ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန” နှင့် “ပံ့ပိုးကူညီပေးကြသည့် Myanmar Investors Development Association (MIDA)” နှင့် “DaNa Facility” တို့ကို ကျေးဇူးတင်ရှိပါကြောင်း။

 

လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးအလားအလာကောင်းသည့် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်ကြခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင် အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း၊ လာမည့်နှစ်များအတွင်း တနင်္သာရီတိုင်းဒေသကြီး၌ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉)နှင့် စပ်လျဉ်း၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

 

ယင်းနောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှပ်နှံမှုဖိုရမ်(၂၀၁၉)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် Myanmar Investors Development Association (MIDA) ဥက္ကဋ္ဌ ဦးခင်မောင်အေးက တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်(၂၀၁၉) ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယသမ္မတသည် ဖိုရမ်သို့တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ နံနက်ပိုင်းအခမ်းအနားအစီအစဉ်ကို ရုပ်သိမ်းလိုက်သည်။

 

မွန်းလွဲပိုင်းတွင် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှပ်နှံမှုမြှင့်တင်ရန်အတွက် မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် ဆောင်ရွက်ချက်များ၊ အားလုံးပါဝင်နိုင်သော စီးပွားရေးလုပ်ငန်းများ၊ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံလုပ်ငန်းများ၊ ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊  စီးပွားရေးစင်္ကြံများ၊ ဒေသဆိုင်ရာချိတ်ဆက်မှုများနှင့် ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း Myanmar Investors Development Association (MIDA) မှ ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းများ၊   တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စီးပွားရေး ပတ်ဝန်းကျင်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် Business Matching တို့ကို တာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များက ဆွေးနွေးသွားကြပြီး တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုဖိုရမ်(၂၀၁၉)ကို ဒီဇင်ဘာ ၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ညနေပိုင်းတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် လေကြောင်းခရီးဖြင့် မြိတ်မြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိသည်။

 

သတင်းစဉ်