နေပြည်တော် ၃၁ မတ်
မတ်လ ၂၈ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး၌ ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုခြင်းနှင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြားခဲ့ပေသည်။
ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်နှင့် ကမ္ဘာ့နိုင်ငံအကြီးအကဲများက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး ပေးပို့ခဲ့ကြသည့်အပြင် ပြည်တွင်းရှိ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် ပြည်သူများကလည်း အထူးဂုဏ်ယူကြပြီး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံခဲ့ ကြသည်ကို တွေ့ရပါသည်။ ဦးဝင်းမြင့်သည် မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတဖြစ်လာခဲ့ပြီး နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ကဏ္ဍသစ်ကို စတင်ဖွင့်လှစ်ပေးတော့မည် ဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ရွေးကောက်ခံကိုယ်စားလှယ် ၈၅ ရာခိုင်နှုန်း၏ ဆန္ဒမဲပေးမှုဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာပြုပြီးသည်နှင့် ပြည်ထောင်စု လွှတ်တော်မှတစ်ဆင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိ ထိရောက်သည့် မိန့်ခွန်းကို လိုရင်းတိုရှင်း ထိထိမိမိ ပြောကြားခဲ့ရာ ပြည်သူလူထုတစ်ရပ်လုံး အနေဖြင့် ကျေနပ်နှစ်သက် အသိအမှတ်ပြုကြပေလိမ့်မည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က “ဒီနေ့၊ ဒီအချိန်အခါဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အညီ ခေတ်ပြောင်း၊ စနစ်ပြောင်း ကာလဖြစ်ပါတယ်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလရဲ့ အစပဲ ရှိပါသေးတယ်၊ ဒီပြောင်းလဲမှုဖြစ်စဉ်ကြီး အောင်မြင်ချောမွေ့စေရန် ပြည်သူ ပြည်သားများနဲ့ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ အားလုံးရဲ့ ပုံစံကျနေတဲ့ အတွေးအမြင်တွေ၊ ပုံသေကားကျ အလေ့အထတွေ အားလုံးကို ပြုပြင်ပြောင်းလဲပေးကြရန် အထူးလိုအပ်လှပါတယ်၊ ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်၊ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်၊ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်၊ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်၊ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှုမရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်၊ ဥပဒေမဲ့သိမ်းဆည်းခံရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး၊ နစ်နာကြေးရရှိရေးကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်၊ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ဘဝ သာယာစိုပြည်ရေး၊ ကျောင်းသား လူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ကို ဖော်ဆောင်ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတသစ်၏ ပထမဆုံးပြောကြားသည့် ဖော်ပြပါမိန့်ခွန်းတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းစကာလ၌ နိုင်ငံသူ နိုင်ငံသားများ၊ ဝန်ထမ်းများ ပြုပြင်ပြောင်းလဲရမည့် အမူအကျင့် စိတ်ဓာတ်များ၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ အားနည်းချက်များ၊ နိုင်ငံနှင့် ပြည်သူလူထု ထိခိုက်နစ်နာစေသော အကြောင်းကိစ္စများ၊ လူထုလူတန်းစား အားလုံး၏ မြင့်မားတိုးတက်ရေး ကိစ္စရပ်များ စသည့် နိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေးကိစ္စ အဖုံဖုံတို့ကို နိုင်ငံတော်သမ္မတသစ်အနေဖြင့် ကိုယ်စွမ်း ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်။
သို့ဖြစ်ရာ နိုင်ငံအတွင်း တိုးတက်ရာတိုးတက်ကြောင်း၊ ကောင်းမွန်ရာ ကောင်းမွန်ကြောင်း အပြောင်းအလဲများကို လိုလားနှစ်သက်ကြသော ပြည်သူများအနေဖြင့် နိုင်ငံတော်သမ္မတသစ်၏ ဖော်ဆောင်မည့် အချက်များအား ကြိုဆိုထောက်ခံကြမည်ဖြစ်သလို ပြည်သူများ၊ ဝန်ထမ်းများကလည်း တိုင်းပြည်ကောင်းကျိုးအတွက် လိုက်ပါပြောင်းလဲ ဆောင်ရွက်ကြဖို့ လိုအပ်မည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ