ယခုဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော် ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဥ်ပါက သန်း ၉၀၀ ကျော် ပိုမိုဝင်ရောက်

၈ ဒီဇင်ဘာ

 

ယခုဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံကျော်ရရှိထားပြီး ယခင်နှစ်ကာလတူနှိုင်းယှဥ်ပါက သန်း ၉၀၀ ကျော် ပိုမိုဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ  ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၁ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၅၃ ဒသမ ၅၇၂ သန်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁၃၇၇ ဒသမ ၄၂၆ သန်းဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ စာရင်းများအရ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကာလတူတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၄ ခုမှ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၆၅ ဒသမ ၉၀၀ သန်းသာ ရရှိခဲ့သည်။

 

ထိုသို့ ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလာခြင်းမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကြီးမားသည့် လုပ်ငန်းများ ဝင်ရောက်လာခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"မနှစ်က ပရောဂျက်က သန်းဒီလောက် Amount မရှိဘူး၊ ဒီနှစ်ပရောဂျက်က Amount များတယ်၊ ဒါပေမယ့် သိသိသာသာ ပေါ်လွင်တာက Industrial Park တို့ Urban Development တို့ စတဲ့ Infrastructure နဲ့ ပတ်သက်တဲ့ တည်ဆောင်ရေးလုပ်ငန်းတွေ များလာတယ်"ဟု ဦးသန့်စင်လွင်က ပြောသည်။

 

ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုမှာ တာထွက်ကောင်းပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏကြီးမားသည့် လုပ်ငန်းများ ဆက်လက်ဝင်ရောက်ရန် အလားအလာရှိကြောင်း ဦးသန့်စင်လွင်က ပြောကြားထားသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းကလည်း ကမ်းလွန်ရေနံလုပ်ကွက်နှင့် ဓာတ်သတ္ထု ရှာဖွေတူးဖော်ရေးလုပ်ငန်းများကို စီစစ်ခွင့်ပြုပါက လက်ရှိ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ ဝင်ရောက်ရန် အလားအလာရှိကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၁၉ ရက်က UMFCCI အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အကြိမ် ၃၀ မြောက် ပုဂ္ဂလိကကဏ္ဍ ဖွံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ(၁) ဦးဆောင်၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားထားသည်။

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနအနေဖြင့် တာဝန်ယူမှုရှိပြီး အရည်အသွေးရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဖိတ်ခေါ်လျက်ရှိကာ ယင်းလုပ်ငန်းများ ဝင်ရောက်လာပါက နိုင်ငံအတွက် အကျိုးရှိမည်​ဖြစ်ကြောင်း၊

 

​ထို့ကြောင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း MIPP ကို ဂျပန်နိုင်ငံအစိုးရအဖွဲ့ဖြစ်သော JICA ၏ အကူအညီဖြင့် ရေးဆွဲထားပြီး လက်​တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ အဆိုပါ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးစီမံကိန်း (MIPP) အရ လာမည့် နှစ် ၂၀ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော် ရရှိရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားထားသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်လည်း လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံမျှော်မှန်းထားသည်။

 

ငြိမ်းငြိမ်း