နေပြည်တော် ၉ ဒီဇင်ဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် Bloomberg Data to Health Initiative တို့ပူးပေါင်း ကျင်းပသည့်“သတင်းအချက်အလက်ကို အခြေခံ၍ မူဝါဒများချ မှတ်ဆောင်ရွက်ခြင်း Data to Policy (2019-2020)” သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ပိုင်းတွင် Hotel Max၊ နေပြည်တော်၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားရာတွင် ကျိုးကြောင်းခိုင်လုံသည့် ဆုံးဖြတ်ချက်များပြုလုပ်နိုင်ရန်အတွက် တိကျမှန်ကန်သော သတင်းအချက်အလက်များကို အကျိုးရှိစွာအသုံးချနိုင်မှုစွမ်းရည် သည် အရေးကြီးပါ ကြောင်း၊ လက်တွေ့မြေပြင်အခြေအနေနှင့်ကိုက်ညီ သင့်တော်သည့် စီမံချက်လုပ်ငန်းများ ချမှတ်နိုင်ရန်အတွက် ကိန်းဂဏန်းအချက်အလက်များသာမက ဝိသေသလက္ခဏာနှင့် အရည်အသွေးဆိုင်ရာ အချက်အလက် များသည်လည်း အရေးကြီးပါကြောင်း။
ထိုသို့ သတင်းအချက်အလက်များခိုင်မာတိကျစွာရရှိနိုင်ရန်အတွက် ကျန်းမာရေး သတင်းအချက်အလက်စနစ် ကောင်းတစ်ခုလိုအပ်ပါကြောင်း၊ သတင်းအချက်အလက် စနစ်ကောင်းတစ်ခုဖြစ်ရန်အတွက် သတင်းပေးပို့ရမည့် ဌာနများအားလုံးမှ သတင်းပေး ပို့မှု၊ သတင်းပေးပို့မှုချောမွေ့မြန်ဆန်မှု၊ အချိန်နှင့် တစ်ပြေးညီသတင်းပေးပို့မှု၊ သတင်း အချက်အလက်များမှန်ကန်မှု၊ တိကျပြည့်စုံမှု၊ ရှင်းလင်းမှု စသည့် အချက်များနှင့် ပြည့်စုံရမည်ဖြစ်ပါကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဒီဂျစ်တယ်နည်း ပညာများ လျင်မြန်စွာတိုးတက်ထွန်းကားနေသည့်ယခုအခါတွင်ဝန်ကြီးဌာနအနေဖြင့် အဆိုပါနည်းပညာများကို အကျိုးရှိထိရောက်စွာအသုံးချ၍ လုပ်ငန်းများဆောင်ရွက်လျက် ရှိပါကြောင်း။
သတင်းအချက်အလက်များစုဆောင်းရာတွင် ပုံမှန်သတင်းအချက်အလက်စုဆောင်းမှု၊ ကျန်းမာရေးပြဿနာ တစ်စုံတစ်ရာဖြစ်ပွားမှု စောင့်ကြပ်ကြည့်ရှုမှု၊ သုတေသနတွေ့ရှိချက်များနှင့် လုပ်ငန်းဆန်းစစ်မှုများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ စသည့် သတင်းအရင်းအမြစ်အမျိုးမျိုးမှ သတင်းအချက်အလက်များကို စုဆောင်းသွားရမည်ဖြစ်ပါကြောင်း၊ ရရှိလာသည့် သတင်းအချက်အလက်များကို စနစ်တကျ ဆန်းစစ်သုံးသပ်မှုများပုံမှန်ပြုလုပ်ခြင်းကို သာမက သုံးသပ်တွေ့ရှိချက်များကို သတင်းအချက်အလက်များ စုဆောင်းပေးပို့သူများထံသို့ တုံ့ပြန်ပေးပို့ခြင်း အလေ့အထကိုပြုလုပ်ဆောင်ရွက်ကြစေလိုပါကြောင်း။
ယခုသင်တန်းတွင် တက်ရောက်သည့် ကုသရေး၊ ပြည်သူ့ကျန်းမာရေး၊ ဆေးရုံအုပ်ချုပ်စီမံခန့်ရေး၊ သင်ကြားရေးပညာနှင့် သုတေသနပညာရှင်များအနေဖြင့် အပြန်အလှန်မေးမြန်းဆွေးနွေးမှုများ ပြုလုပ် သွားကြကာ သင်ကြားသင်ယူမှုများကို အကျိုးရှိထိရောက်စေရန် ဆောင်ရွက်ကြစေလိုပါကြောင်း၊ သတင်းအချက်အလက်များကို ထိရောက်အကျိုးရှိစွာအသုံးချ၍ မှန်ကန်သောမူဝါဒများဖော်ဆောင်ကာ ဝန်ကြီးဌာန၏လုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ Vital Strategies အဖွဲ့မှ Deputy Director, Ms. Mine Metitiri က နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး US CDC မှ Team Leader and Senior Health Economist, Dr. Michael Washington က ကျေးဇူးတင်စကား ပြောကြားသည်။
အဆိုပါ သင်တန်းတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် US CDC နှင့် Vital Strategies အဖွဲ့တို့မှပညာရှင်များက သင်ကြားဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်း ချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာ (US CDC)၊ Global Immunization Division မှညွှန်ကြားရေးမှူး Dr. Walter Schluter နှင့်အဖွဲ့အား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ရုံးအမှတ် (၄) တွင်လက်ခံတွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးစဉ် ရောဂါများ ကာကွယ်ထိန်းချုပ်ရေးအတွက်ဝန်ကြီးဌာနအား နည်းပညာပိုင်းပံ့ပိုးမှုများ၊ ရေတိုကာလနှင့်ရေရှည်ကာလအတွက် ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စ၊ အမေရိကန်ပြည်ထောင်စု၊ ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာအနေဖြင့် မြန်မာနိုင်ငံတွင် ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သည့် ရောဂါများဖြစ်ပွားမှုနှင့်ပတ်သက်၍ ဆန်းစစ်လေ့လာမှု သုတေသနလုပ်ငန်းများ၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့များ၏ ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ပိုလီယိုအကြောသေရောဂါ အပါအဝင်ရောဂါများ၏ ကူးစက်ပုံနှင့်အန္တရာယ်များ၊ ကာကွယ်ဆေးများ၏ အကျိုးကျေးဇူးများနှင့်ပတ်သက်၍ ကျန်းမာရေး အသိပညာဗဟုသုတများ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားရန်ကိစ္စတို့အား ဆွေးဆွေးသည်။
(သတင်းစဉ်)