ဗန်းမော် ၁၀ ဇန်နဝါရီ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မြို့လှမြို့တွင် တရားမဝင် အင်၊ကညင်သစ်လုံး ၁၀လုံး (၄ဝ ဒသမ ၁၇) တန်ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေကူမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းဇော်ဦးနှင့် သစ်တော ဝန်ထမ်း (၄)ဦး၊ မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးသန့်ဇင်ဦးနှင့် တောအုပ်ဦးခင်မောင်ထွေး၊ မြို့လှ မြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးသူအောင် ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မြို့လှမြို့ အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ဦးတို့ ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီခွဲခန့်က နယ်မြေ သတင်းအခြေအနေအရ မြို့လှမြို့၏ အနောက်ဘက်(၁)မိုင်ခန့် အကွာရှိ ကောက်ကွေ့ချောင်း ကမ်းဘေးအနီးတွင် တရားမဝင် အင်၊ကညင်သစ်လုံး ၁ဝ လုံး (၄ဝ ဒသမ ၁၇)တန်ကို ပိုင်ရှင်မဲ့ဖြင့် ဖမ်းဆီးရမိခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဖမ်းဆီးရမိသစ်များကို မိုးညှင်းမြို့နယ် သစ်တောနယ်မြေ ဖြစ်သောကြောင့် မိုးညှင်းမြို့နယ်သစ်တောဦးစီးဌာနသို့ လုံးထုံးလုပ်နည်းများနှင့်အညီ စနစ်တကျလွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
သျှမ်းကလေး(ဗန်းမော်)