နေပြည်တော် ၁ဝ ဒီဇင်ဘာ
မြန်မာ-ဂျပန် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန် ဒေါက်တာခင်ဇော်နှင့် ဦးကျော်မင်းဦး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ နန်းဆိုင်ဟွမ်နှင့် ပါမောက္ခဌာနမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ JICA ၊ JETRO ၊ Mitsui Companyတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ စိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက သီးနှံများစိုက်ပျိုးထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းစဉ်များတွင် အဆင့်မြင့်နည်းပညာများ၏ အသုံးဝင်မှုအား စိုက်ပျိုးရေးကဏ္ဍနှင့် ပါဝင်ပတ်သက်သူအားလုံးတို့က ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးပညာရှင်များနှင့် စိုက်ပျိုးလုပ်ကိုင်သူများအကြား မှန်ကန်မြန်ဆန်သည့် နည်းပညာသတင်း အချက်အလက်များ အချိတ်အဆက်မိမိ ဆောင်ရွက်ခြင်းဖြင့် တိကျခိုင်မာသည့် သတင်းအရင်းမြစ်များ ရရှိမှုနှင့်အတူ လယ်ယာကဏ္ဍဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေးသုတေသန စမ်းသပ်ဆောင်ရွက်ချက်များနှင့် တိုးချဲ့ပညာပေးရေးလုပ်ငန်းစဉ်များကို အဓိကဆောင်ရွက်ကြရန် လိုအပ်ကြောင်း။
စိုက်ပျိုးစီးပွားကဏ္ဍနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အရည်အသွေးကောင်း သီးနှံမျိုးများ ထုတ်လုပ်နိုင်ရေး၊ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒများ၊ လူမှုစီးပွားဆိုင်ရာ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေး၊ အခြေခံအဆောက်အအုံများသည် စီးပွားရေးကဏ္ဍကြီးတွင်ပါဝင်ပြီး သုတေသန ဆောင်ရွက်ချက်များ၊ ပညာရေးနှင့် လေ့ကျင့်သင်ကြားရေး၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ကဏ္ဍများသည် ဖွဲ့စည်းမှုဆိုင်ရာ ကဏ္ဍတွင်ပါဝင်ကြောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်အနေဖြင့် မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် အရေအတွက်ထက် အရည်အချင်းရှိ သည့် စိုက်ပျိုးရေးပညာရှင်မျိုး ဆက်သစ်များ၊ တိုးချဲ့ပညာပေးပညာရှင်များ မွေးထုတ်ပေးရေးအတွက် အရေးပါသည့် တက္ကသိုလ်ဖြစ်သည့်နည်းတူ အခြားတစ်ဘက်တွင်လည်း တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးလုပ်ကိုင်သူများအား နည်းပညာဖြန့်ဝေခြင်း၊ စိုက်ပျိုးရေးဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ပိုမိုကောင်းမွန်သည့် အသိပညာဗဟုသုတမျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများ၏ အကျိုးရလဒ်ကို ကောင်းစွာနားလည်ပြီး ရရှိလာသည့် အခွင့်အလမ်းများကို အကျိုးရှိရှိ အသုံးချရမည်ဖြစ်ကြောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ဂျပန်နိုင်ငံ တိုကျို စိုက်ပျိုးရေးတက္ကသိုလ်တို့အကြား စိုက်ပျိုးရေးနည်းပညာ ဗဟုသုတများ၊ စီမံခန့်ခွဲမှုစနစ်နှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် လယ်ယာဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနန်းဆိုင်ဟွမ်နှင့် Asia Pacific Business Unit, Mitsui Company မှ Mr. Koizumi DOO တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ဆက်လက်၍ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ်မှ ProfessorDr.Yamada က ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်မှုနှင့် စိုက်ပျိုးနည်းပညာပေး စာတမ်းကိုလည်းကောင်း၊ တိုကျိုစိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးဓာတုဗေဒဌာနမှ Professor Dr. Yokota က အပင်ဇီဝထိန်းချုပ်မှုဖြင့် အပင်ပိုးမွှားရောဂါတားဆီးကာကွယ်ခြင်း စာတမ်းကိုလည်းကောင်း ဖတ်ကြားတင်ပြကြရာ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူများအား နိုင်ငံတကာအတွေ့အကြုံများနှင့် နည်းပညာဆိုင်ရာဗဟုသုတများ လေ့လာနိုင်စေရန် မြန်မာ-ဂျပန် စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာနှင့် ဇီဝထိန်းချုပ်မှုနည်းပညာဆိုင်ရာ ဆွေးနွေးပွဲများကို Mitsui Company မှ ဦးဆောင်၍ နေပြည်တော် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ဆောင်ရွက်ခဲ့ရာ ယနေ့ကျင်းပသော ဆွေးနွေးပွဲသည် (၇)ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်