၁၀ ဧပြီ
နိုင်ငံတစ်ခု၏ အနာဂတ်ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးမှာ ပညာရေးဟု ဆိုကြလေ့ရှိ၏။ အထူးသဖြင့် ယနေ့ကာလလို ပညာ အရေးပါသော လူ့အဖွဲ့အစည်းတွင် ဖြစ်၏။ ယနေ့ခေတ်က ပညာမပါလျှင် နောက်ကျ ကျန်ခဲ့မည့်ခေတ်...။
အသိပညာ၊ အတတ်ပညာက လူ့ဘဝနေနည်း ထိုင်နည်းမှစ၍ ဘဝနိဂုံး အဆုံးသတ်ထိလိုအပ်နေပြီ။ လူ့ယဉ်ကျေးမှု တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ အသိပညာ ၊ အတတ်ပညာ၊ နည်းပညာများက အံ့မခန်း တိုးတက် ပြောင်းလဲလာသည်။ ထိုတိုးတက်ပြောင်းလဲမှုများနှင့် အမီမလိုက်နိုင်သည့် နိုင်ငံများက နောက်ကျကျန်နေခဲ့ရပြီ။
နိုင်ငံငယ်များအဖို့ ထိုပညာရပ်များကို သိမီနားလည်ဖို့ကိုပင် အပြေးအလွှား လိုက်နေကြရတာဖြစ်ပေ၏။ သည်လိုထဲမှာမှ မြန်မာနိုင်ငံက ပြင်ပကမ္ဘာနှင့် အဆက်ဖြတ်ကာ နှစ်ပေါင်းများစွာ အထီးကျန်နေခဲ့သည့်ဒဏ်၊ ဟိုးအဝေးကြီးမှာ ပြတ်ကျန်ခဲ့သောစီးပွားရေး တိုးတက်မှုဒဏ်တို့ကြောင့် ပညာရေးမှာလည်း လွန်စွာနောက်တန်းကျခဲ့ရသည်။
တိုင်းပြည်တိုးတက် ဖွံ့ဖြိုးရေးအတွက် အပြင်းအထန်ကြိုးပမ်းကာ အပြေးအလွှားလိုက်မည်ဆိုလျှင်ပင် အတော်လိုက်ရမည့် အခြေအနေ ဖြစ်သည်။ ပညာက ရှေ့ဆောင်သည့် လူ့လောကဖြစ်သည့်အတွက် ပညာနည်းပါးသည့်အခါ စာရိတ္တ၊ ကိုယ်ကျင့်တရား၊ စောင့်စည်းရမည့် လောကကျင့်ဝတ်တို့ပါ လျော့ပါးလာတတ်လေရာ ပညာရေးကို မြှင့်တင်ခြင်းဖြင့်သာ နိုင်ငံ၏ ရုပ်ပိုင်းတိုးတက်မှု၊ နိုင်ငံသူ နိုင်ငံသားတို့၏ စိတ်နေသဘောထားရင့်ကျက်မှုတို့ကို ရနိုင်ပါမည်။
မြှင့်တင်ပေးရမည့် မြန်မာ့ပညာရေးစနစ်မှာ အမြစ်ကစကာ ရေလောင်းပေါင်းသင်ရတော့မည်။ အထူးသဖြင့် ပညာရေးစနစ်ကို အမှန်တကယ်မြှင့်တင်ရန်မှာ မူလတန်းပညာရေးက စရမည်ဖြစ်ပါ၏။ ယခု မြန်မာ့ပညာရေးစနစ်ကို မြှင့်တင်ရန် ပညာရေးဝန်ကြီးဌာနက အဓိကတာဝန်ယူနေရပြီး ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအတွက် စီမံနေသည်တို့ကို တွေ့ရ၏။
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “မူလတန်းပညာရေးဟာ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရေးကြီးဆုံး အခြေခံအုတ်မြစ်”ဟု ဆိုပြီး ကျောင်းနေအရွယ်အားလုံး ပညာရေးအဆင့်တိုင်းမှာ မည်သည့်ခွဲခြားမှုမှ မရှိရေး၊ အားလုံးပညာသင်နိုင်ရေး၊ ကျောင်းထွက်သူမရှိရေး မူဝါဒများဖြင့် ပြုစုပျိုးထောင် သင်ကြားသင်ယူနေပြီ”ဟု ဖွင့်ဟပါသည်။
သင်ရိုးòန်းတမ်းအသစ်၊ ပြဋ္ဌာန်းစာအုပ်အသစ်၊ ဆရာလမ်းညွှန်အသစ်များဖြင့် စတင်နေပြီဖြစ်ကြောင်းလည်း အစီရင်ခံသည်ကို တွေ့ရ၏။ အခမဲ့ ပညာမသင်မနေရ မူလတန်းပညာ၊ အမြင်အာရုံ၊ အကြားအာရုံချွတ်ယွင်းသူ ကျောင်းသား ကျောင်းသူများကိုလည်း ကူညီနိုင်မည့် အထောက်အပံ့များ ပြင်ဆင်ထားရှိနေသည်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ စီမံချက်တစ်ခုဖြစ်သော မြန်မာနိုင်ငံအတွက်လည်း လွန်စွာမှ အရေးကြီးလှသော တိုင်းရင်းသား ဘာသာစကား သင်ကြားသင်ယူပို့ချနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်နေကြောင်း သိရပါသည်။
တိုင်းရင်းသားဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များက ပြုစု ထားသည့် တိုင်းရင်းသားဘာသာစာအုပ်အမျိုး ၅၀ ခန့်ကို အခြေခံပညာ ဦးစီးဌာနက အခမဲ့ပုံနှိပ်ဖြန့်ဝေနေပြီဟုလည်း သိရပါသည်။ အခြေခံကျောင်းများမှာ တိုင်းရင်းသား ဘာသာစကားကို မူလတန်းအောင်အဆင့်အတွင်း သင်ကြားရေးအထောက်အကူပြုနိုင်ရန် အနိမ့်ဆုံး Gမadန ၁၀ အထိ တက်ရောက်ခဲ့ပြီးသည့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူ ငါးထောင်ကျော်ကို သင်ကြားရေးအကူများအဖြစ် ခန့်အပ်ထားပေးခဲ့ပြီးဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်ကို ဖတ်ရပါသည်။
ဤအချက်တို့က ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့နှင့် ဆက်စပ်နေသည့် လုပ်ငန်းစဉ်များဖြစ်ပါသည်။ ယင်းတို့နှင့်အတူ သင်ကြားပေးမည့် ဆရာ ဆရာမများ၏ အရည်အသွေး မြှင့်တင်နိုင်ရေး အထူးသဖြင့် မူလတန်းသင် ဆရာ ဆရာမများ၏ အတွေ့အကြုံရင့်ကျက်မှု အရည်အချင်းမြင့်မားမှုတို့ကို ဦးစားပေး ဆောင်ရွက်နေသည်ဟူသော စသည့်အကြောင်းအချက်များက မြန်မာ့ ပညာရေးစနစ်ကို ပြန်လည်ဦးမော့ မှန်ကန်လာစေရန် အထောက်အကူပြုမည်ဟု မျှော်လင့်ရပါကြောင်း။ ။
မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)